Print

သွေးဆုံးခြင်းအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

  26-Jan-2018
Preview Image

အမျိုးသမီးများတွင် သွေးဆုံးခြင်းဆိုသည်မှာ နောက်ဆုံးရာသီပေါ်ပြီး တစ်နှစ်အတွင်းနောက်ထပ် ရာသီသွေးထပ်မလာဘဲ ရာသီရပ်ဆိုင်းသွားခြင်းကို ခေါ်ပါတယ်။ အမျိုးသမီးတိုင်းကြုံတွေ့ကြရမှာဖြစ်ပြီး အများအားဖြင့် အသက် ၄၀ နဲ့ ၅၀ ကြားမှာ သွေးဆုံးလေ့ရှိပါတယ်။ ဒါဟာ ရောဂါမဟုတ်တဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သွေးဆုံးရာမှာ ကြံုရမယ့် ဝေဒနာတွေကို သက်သာအောင် အောက်ပါ အလေ့အကျင့်၊ အစားအသောက်တွေနဲ့ ကြိုတင်ပြင်ဆင်၊ ဆင်ခြင်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ 


၁။ အစားအသောက်

 အဓိကအနေနဲ့ အပူ၊ အစပ်၊ အဆီ အစရှိတာတွေ အလွန်အကျွံစားသုံးခြင်းမှ ရှောင်ပေးရပါမယ်။ ဥပမာ ပူစပ်ပူစပ် အစားအစာတွေ၊ အဆီပြန်ဟင်းတွေ၊ အသင့်စားခေါက်ဆွဲခြောက်၊ ပေါင်မုန့်ဖြူ၊ အကြော် အစရှိတာတွေ ရှောင်ပါ။ သွေးဆုံးစဉ်ဟာ ကိုယ်အလေးချိန်တက်တာမျိုးပိုမိုဖြစ်နိုင်ပြီး Hot flashes ခေါ် ပူလိုက် ချမ်းလိုက်၊မီးယပ်ချမ်းဖြစ်တာတွေ၊ စိတ်ခံစားမှုပုံမမှန်ဖြစ်တာတွေ ကြံုတွေ့ရနိုင်ပါတယ်။ 


 ဒီအစားအစာတွေရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်သော ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်မှရသော အဆီ၊ သစ်သီးဝလံများ၊ အသား၊ ငါး များကိုစားသုံးပါက မလိုလားသော ကိုယ်အလေးချိန်တက်လာမှု၊ နှလုံးရောဂါ၊ သို့မဟုတ် လေဖြတ်ရောဂါ အစရှိသဖြင့်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ 


 မီးယပ်သွေးဆုံးခြင်းရဲ့ အဓိကနောက်ဆက်တွဲဖြစ်သော အရိုးပါးရောဂါကာကွယ်ရန်အတွက်လည်း အသက် ၄၀ ကျော်အမျိုးသမီးများဟာ ကယ်လ်ဆီယမ်ဓါတ်၊ ဗီတာမင် ဒီ ကို ပုံမှန်ဖြည့်တင်းပေးထားရပါမယ်။ နွားနို့၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ တစ်ခြား ကယ်လ်ဆီယမ်ဓါတ်နဲ့ ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ စားသုံးပေးပါ။ 


၂။ ဆေးလိပ်ဖြတ်ပါ။ 

 အမျိုးသမီးတော်တော်များများကတော့ ဆေးလိပ်မသောက်ကြပါဘူး။ ဒါပေမယ့် Passive smoker လို့ခေါ်တဲ့အခြေအနေတစ်ခုကိုတော့ ရှောင်လွှဲလို့မရနိုင်တာအသေအချာပါ။ ကိုယ်မသောက်ပဲ ကိုယ်ဘေးက မိသားစုဝင်၊ အပေါင်းအဖော်၊ သို့မဟုတ် သူစိမ်းက ကိုယ့်ဘေးမှာဆေးလိပ်သောက်ပြီး အငွေ့က ကိုယ့်ဆီရောက်နေတာမျိုးကို Passive smoker လို့ခေါ်တာပါ။ 


 သွေးဆုံးချိန်မှာ မ ဟော်မုန်းဓါတ် အိစထရိုဂျင်ဟာ လျော့နည်းလာပါတယ်။ ဒါနဲ့အတူ အရိုးရဲ့သိပ်သည်းဆက နည်းလာပါတယ်။ ဆေးလိပ်က အရိုးသိပ်သည်းဆနည်းစေတဲ့အချက်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျန်းမာရေးအတွက် အကျိုးမရှိတဲ့ ဆေးလိပ်ရဲ့ ဝေးဝေးမှာနေပါ။ 


၃။ အရက်နဲ့ ကဖင်းဓါတ်လျှော့ပါ။

 အရက်သောက်ခြင်းနဲ့ ကဖင်းဓါတ်တွေဟာ မီးယပ်သွေးဆုံးချိန် ပူလိုက်အေးလိုက် မီးယပ်ချမ်းထခြင်း ဝေဒနာကို ဆ တိုး ပိုဆိုးစေ၊ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်၊  ကဖင်းကို တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးသင့်ပါတယ်။ ကဖင်းပါ၀င်သော အရည်များ (ကော်ဖီ၊ လက်ဖက်ရည်) ကို မအိပ်ခင် ခြောက်နာရီအတွင်းမှာ သောက်သုံးခြင်း ရှောင်ကြဉ်ပေးရပါမယ်။ 


၄။ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ လေ့ကျင့်ခန်း

 စိတ်ဖိစီးမှုဟာ နှလုံးသွေးကြောရောဂါ နဲ့ တစ်ခြား နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ မီးယပ်သွေးဆုံးခြင်းဟာလည်း ဒါတွေဖြစ်နို်င်ချေကို တက်စေပါတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ စိတ်ဖိစီးမှုကို လျှော့ပေးတာအကောင်းဆုံးပါ။ မိသားစု၊ အပေါင်းအဖော်နဲ့ အဆင်ပြေအောင်နေပါ။ မလိုအပ်ပဲ စိတ်ရှုပ်မခံပါနဲ့။ 


လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အသက်ဝဝရှူပါ။ တစ်ပတ်ကို တစ်နေ့လျှင် မိနစ် ၃၀ ခန့် သွေးပူလေ့ကျင့်ခန်း လုပ်ပါ။ အိပ်ရေးဝအောင် အိပ်ပေးပါ။ တင်ပါးဆုံလေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့်လည်း ဆီးမထိန်းနို်င်ခြင်းပြဿနာကိုလည်း သက်သာစေနိုင်ပါတယ်။ 


၅။ ဆေးဝါးများ

 သွေးဆုံးခြင်းရဲ့ ရောဂါလက္ခဏာများဟာ တစ်ခါတစ်လေမှာ ဆေးဝါးအကူအညီ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ ဥပမာ အသားအရေခြောက်သွေ့ခြင်းအတွက် ဗီတာမင် အီး ပါ၀င်သော ကရင်မ် လိမ်းပေးခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက် ရေအခြေခံ Gel များ၊ အီစထရိုဂျင်ပါသော လိမ်းဆေးများ လိမ်းပေးခြင်း အစရှိသဖြင့်ပေါ့။


 ဆရာဝန်နဲ့လည်း လိုအပ်လျှင်၊လိုအပ်သလို မီးယပ်ချမ်းဝေဒနာအတွက် ဆေးဝါးများ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများ၊ စိတ်ကျရောဂါအတွက် ဆေးဝါးများ၊ ဟော်မုန်းအစားထိုးကုသမှုများ၊ အီစထရိုဂျင်လိမ်းဆေးများ၊ အာရုံကြောဆေးများ၊ အရိုးပွရောဂါအတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ ဖြည့်စွက် အားဆေးများ အစရှိသည်တို့ကို သောက်သုံးပေးလို့ရပါတယ်။ 


 တစ်ချို့ကလည်း ဟော်မုန်းအစားထိုးကုသမှုလို၊ မလိုကို သွေးဆုံးချိန်ကာလနဲ့ မဆုံးမီမှာ မိမိရဲ့ မ ဟော်မုန်းကို စစ်ဆေးထားလေ့ရှိပါတယ်။ 

အထက်ပါ နေထိုင်စားသောက်မှုနဲ့ အလေ့အထတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုလျှင်တော့ မီးယပ်သွေးဆုံးချိန် ခံစားရနိုင်သော ဝေဒနာများကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 


Credit :ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18