Print

အမျိဳးသမီးနှင့်ဖော်လစ်အက်ဆစ်

  06-Jan-2018
Preview Image


အမျိုးသမီးအားလုံးရဲ့ မရှိမဖြစ် မိတ်ဆွေစာရင်းထဲမှာ ဖောလစ်အက်ဆစ်နှင့် သံဓာတ်တို့ဟာ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ သွေးအားကောင်းစေဖို့ သံဓာတ်ဟာ အရေးပါသလိုကိုယ်ဝန်ဆောင်ချိန်အတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးကြီးပါတယ်။ မိခင်တစ်ယောက်ကို ကိုယ်ဝန်မရှိခင်အချိန်၊ ရှိနေတဲ့အချိန်နဲ့ ရှိပြီးတဲ့ အချိန်တိုင်းမှာ ကျန်းမာနေစေသလို ကလေးကိုလည်း ဖွံ့ဖြိုးစေတဲ့ ဗီတာမင် ဘီ Vitamin B ဟာ လောလစ်အက်ဆစ်ပါပဲ။ ကိုယ်ဝန်ဆောင်မိခင်များအနက် ၅၀ ရာခိုင်နှုန်းဟာ ကြိုတင်စီစဉ်မထားသေးဘဲ ရသွားတာဖြစ်တဲ့အတွက် သန္ဓေသားမှာ ဖောလစ်အက်ဆစ် ချို့တဲ့ကောင်း ချို့တဲ့နေနိုင်ပါတယ်။ဒါကြောင့် အမျိုးသမီးတိုင်း အထူးသဖြင့် အိမ်ထောင်ရှိတဲ့ အမျိုးသမီးတိုင်းဟာ ဖောလစ်အက်ဆစ် မချို့တဲ့အောင်နေထိုင်စားသောက်ဖို့ အရမ်းအရေးကြီးပါတယ်။


လောလစ်အက်ဆစ် Folic Acid ရဲ့ အခြေခံ အကြောင်းအရာ

 သဘာဝအတိုင်းရတဲ့ အစားအသောက်တွေထဲမှာ တွေ့ရတာကို ဖောလိတ် Folate လို့သတ်မှတ်ပြီး ဖောလစ်အက်ဆစ် Folic Acid ဆိုတာကတော့ ဖြည့်စွက်အားဆေး အနေနဲ့သုံးဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကြီးထွားမှု အရမ်းမြန်လာတဲ့အခါ ဖောလစ်အက်ဆစ်ကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်၊ ကြီးထွားချိန်နဲ့ ကင်ဆာကိုကာကွယ်ဖို့အတွက်ဆိုရင် ပိုပြီးလိုအပ်ပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေ ကောင်းမွန်ဖို့ လိုအပ်သလို စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ဖောလစ်အက်ဆစ်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ ဗီတာမင် ဘီ ၁၂ Vitamin B12 နဲ့ ပေါင်းပြီး သွေးဆဲလ်တွေ ဖြစ်ပေါ်လာအောင် ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပါတယ်။ အစားစားချင်စိတ်ကို တိုးလာစေပြီး အစာအိမ်နံရံကနေ အစာခြေတဲ့ အက်စစ်တွေထွက်တာကိုလည်း များလာစေပါတယ်။ အသည်းကို ကျန်းမာစေဖို့၊ အရေပြားမှာပြဿနာ တစ်စုံတစ်ရာမရှိဘဲ ကျန်းမာနေစေဖို့ ထိန်းထားပေးပါတယ်။ အူထဲရှိကပ်ပါးကောင်များ အန္တရာယ်နှင့် အစာအဆိပ်သင့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ နှလုံးကြွက်သားကို အန္တရာယ်ပေးနိုင်တဲ့ Homocystine တွေကို ဖယ်ထုတ်တဲ့နေရာမှာ ကူညီပေးသလို နှလုံးကြွက်သားကို အဆီတွေစုလာတာကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အဆုတ်၊ အူနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ကိုတောင် ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။


ရနိုင်တဲ့အရင်းအမြစ်

 များသောအားဖြင့်တော့ အစိမ်းရင့်ရောင်အရွက်တွေ၊ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ လိမ္မော်ရည်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ အသည်း၊ သင်္ဘောသီး၊ ငှက်ပျော်သီး၊ ခရမ်းချဉ်သီးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေ၊ ကောက်ပဲသီးနှံ၊ အသားအမျိုးမျိုးမှာလည်း ဖောလစ်အက်စစ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အစားကနေရတဲ့ ဖောလိတ်အားလုံးကို အသုံးပြုလို့ရတဲ့ ဖောလစ်အက်ဆစ်အဖြစ် ပြန်မပြောင်းနိုင်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီတစ်ယောက်ဟာ ဖောလိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပြည့်စုံစွာ စားနေရင်တောင်မှ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်သောက်ပေးသင့်ပါတယ်။ US မှာဆိုရင် တစ်နှစ်အတွင်း မွေးတဲ့ကလေးတွေထဲက ၂၅၀၀ လောက်ဟာ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ မွေးရာပါ ကျောရိုးဆစ်ဖုခြင်းစတဲ့ Neural Tube Defect (NTD) နဲ့ မွေးဖွားလာတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ချို့ယွင်းမှုဟာ သန္ဓေအောင်ပြီး ၁၈-၃၀ ရက်အတွင်းတည်းက ဖြစ်သွားတာကြောင့် မိခင်ဖြစ်သူဟာ သူ့ကိုယ်သူ ကိုယ်ဝန်ရှိမှန်း သေသေချာချာ မသိသေးခင်ကတည်းက ကလေလေးဟာ (NTD) ကို လက်ခံရရှိပြီး ဖြစ်နေပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဖောလိတ်လုံလုံလောက်လောက် ရှိမနေတဲ့အတွက် ပြဿနာဖြစ်ရတာပေါ့။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဖောလိတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားသောက်ဖို့ လိုတဲ့အပြင် ဗီတာမင် များစွာပါတဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေကိုလည်း ကြိုသောက်ပေးဖို့ လိုပါတယ်။ 


ဖောလစ်အက်ဆစ် Folice Acid နှင့် ခန္ဓာကိုယ်

 ဖောလစ်အက်ဆစ်ဟာ ကြီးထွားဖွံ့ဖြိုးအတွက် အရေးပါပြီး အထူးသဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ကွဲပြီး ပွားများဖို့နဲ့ ဆဲလ်တွေရဲ့ အခြေခံအမျှင်တွေဖြစ်တဲ့  DNA တွေ၊ RNA တွေ ပွားများဖို့အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆဲလ်ကွဲပြားတဲ့ ဖြစ်စဉ်ဟာ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နေတဲ့အတွက် ဖောလစ်ဆက်အစ် အလုပ်လုပ်နေတဲ့နေရာဟာ တစ်ကိုယ်လုံးမှာလို့ ပြောလို့ရပါတယ်။ ဖောလစ်အက်ဆစ်ဟာ ဗီတာမင် ဘီ ၁၂ Vitamin B12 ၊ ဗီတာမင် စီ Vitamin C တို့နဲ့ ပူးပေါင်းပြီး ခန္ဓာကိုယ်ကနေ အသုံးပြုမယ့် ပရိုတင်းတွေကို ချေဖျက်ဖို့၊ အသုံးပြုဖို့၊ လိုအပ်လာတဲ့အချိန်မှာ ပရိုတင်းတွေ အသစ်ပြန်ဖွဲ့ဖို့အတွက် အတူတကွ အလုပ်လုပ်ကြပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအတိုင်း အခြေအနေတိုင်းအတွက် အရေးကြီးနေပါတယ်။

          အထူးသဖြင့် ဆဲလ်တွေကွဲပြီး ပွားချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်၊ ကြီးထွားချိန်တွေမှာ ပိုပြီးလိုအပ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ကိုလည်းဆောက်မယ့် ပရိုတင်းတွေဖြစ်ပေါ်မယ့်နေရာမှာ အရမ်းအရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ မွေးရာပါရောဂါတချို့ကို ကာကွယ်နိုင်သလို နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ဖြည့်စွက်အားဆေးကို ဖောလစ်အက်ဆစ် ချို့တဲ့နေတဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာသုံးကြသလို မီးယပ်နှင့်ပတ်သက်တဲ့ရောဂါတွေ၊ ခြေထောက်မှာဖြစ်တဲ့ အနာတွေအတွက်လည်း အသုံးပြုကြပါတယ်။ တစ်သျှူးတွေ ကြီးထွားအောင်၊ ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကောင်းမွန်အောင် ကူညီပေးပါတယ်။ လိုအပ်လာတဲ့အချိန်မှာ အစာစားချင်စိတ်ကို တိုးလာစေသလို အစာခြေတဲ့ အက်ဆစ်တွေဖြစ်ပေးလာဖို့လည်း လှုံဆော်ပေးပါတယ်။


ဖောလစ်အက်ဆစ်နှင့်ကိုယ်ဝန်

 ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်အနေနဲ့ သူကိုယ်တိုင်အတွက်ရော၊ ကလေးငယ်တွေအတွက်ပါ ဖောလစ်အက်ကို မရှိမဖြစ် လိုအပ်ပါတယ်။ မမွေးသေးတဲ့ ကလေးငယ်လေးနဲ့ အချင်း Placenta လျင်လျင်မြန်မြန်ကြီးထွားဖို့ အတွက် အခြေခံကျကျ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိနေတဲ့ အမျိုးသမီးတွေအတွက် ဗီတာမင်ဘီအုပ်စုဝင်ဖြစ်တဲ့ Biotin ၊ B12 တို့နဲ့တွဲပြီးပေးရင် မျိုးပွားအင်္ဂါတွေ အလုပ်လုပ်နိုင်လာပါတယ်။ ဖောလစ်အက်ဆစ်သာ မလုံလောက်ရင် ဆဲလ်တွေကွဲပြားတဲ့ နေရာမှာ ယိုယွင်းလာပြီး သန္ဓေသားနဲ့ အချင်းဖွံ့ဖြိုးမှု နှေးကွေးလာပါတယ်။ လောလစ်အက်ဆစ်ကို လုံလုံလောက်လောက်သုံးစွဲတာဟာ မွေးရာပါရောဂါတော်တော်များများကို ကာကွယ်နိုင်တာတွေ့ရပါတယ်။ အထူးသဖြင့် Neural Tube Defect ရှိဖူးရင် သတိထားရပါတယ်။ ပုံမှန်အမျိုးသမီးတစ်ယောက်အတွက် ဖောလစ်အက်ဆစ်ဟာ ၀.၅ မီလီဂရမ်လောက်သာ လိုအပ်ပေမယ့် ဒီလိုမိခင်မျိုးကတော့ တစ်နေ့ကို ငါးမီလီဂရမ်လောက်သာ လိုအပ်ပေမယ့် ဒီလိုမိခင်မျိုးကတော့ တစ်နေ့ကို ငါးမီလီဂရမ်လောက်အထိ သောက်ပေးရပါတယ်။


ဖောလစ်အက်ဆစ်နှင့်သားအိမ်ခေါင်း

 ဖောလစ်အက်ဆစ် ချို့တဲ့မှုဟာ သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားတဲ့ ဖြစ်စဉ်နဲ့ သက်ဆိုင်နေပါတယ်။ ကျွမ်းကျင်သူတွေကတော့ အစားအသောက်ကနေ Folate ကို လုံလုံလောက်လောက် မရတဲ့အတွက် လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်စေနိုင်သလို Pap Smear စမ်းသပ်တဲ့အခါမှာလည်း ပုံမှန်မဟုတ်တဲ့ ရလာဒ်တွေကိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။ Folic Acid ကို တစ်နေ့လျှင် တစ်မီလီဂရမ်ကို သုံးလကျော်ကျော်လောက် သောက်ပေးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေဟာ ပုံမှန်ဖြစ်သွားနိုင်ပါတယ်။ 


ချို့တဲ့မှု 

 အာဟာရချို့တဲ့လို့ ဖြစ်ရတဲ့ ပြဿနာတွေထဲမှာ ဖောလစ်အက်ဆစ်ချို့တဲ့မှုလည်း ပါဝင်ပါတယ်။ အရက်သောက်တဲ့သူ၊ ကိုယ်ဝန်ဆောင်သည်၊ အစာစုပ်ယူမှုပြဿနာရှိတဲ့သူတွေ၊ Methotrexate လို ဆေးဝါးသောက်နေတဲ့ သူတွေမှာလည်း ဖောလစ်အက်ဆစ်ချို့တဲ့တတ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်အချိန်က ဖောလစ်အက်ဆစ် ချို့တဲ့နေရင် ကလေးဟာ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ဦးနှောက်ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ် ချို့တဲ့ရင်တော့ မွေးဖွားချိန်မှာပေါင်မပြည့်တာ၊ လမစေ့ဘဲ မွေးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရမယ့ ဖောလစ်အက်ဆစ် ပမာဏများကို များရပါမယ်။


 ဖောလစ်အက်ဆစ်ချို့တဲ့နေတဲ့ လက္ခဏာတွေဟာ သိပ်ပြီးတော့ မသိသာတဲ့အတွက် ကြိုပြီးခြေရာခံမိဖို့ ခက်ခဲပါတယ်။ များသောအားဖြင့်တော့ ဘယ်လိုလက္ခဏာကိုမှ မပြတတ်ပါဘူး။ အရမ်းဆိုးရွားလာတဲ့ အခြေအနေကို ရောက်မှသာ အားနည်းခြင်း၊ မောပန်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ မော့လျော့ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ခံတွင်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲတာ၊ မူမမှန်တော့တာမျိုးတွေ ဖြစ်လာနိုင်ပြီး၊ အနည်းစုကတော့ စိတ်ကျရောဂါတောင် ဖြစ်နိုင်ပါတယ်။ အူရောင်ရောဂါရှိသူတွေရဲ့ သွေးဆဲလ်တွေထဲမှာလည်း ဖောလစ်အက်ဆစ် ချို့တဲ့နေတာ တွေ့ရပါတယ်။ ဖောလစ်အက်ဆစ် ချို့တဲ့မှုကြောင့် ခြေလက်တွေမှာရှိတဲ့ သွေးကြောတွေမှာ ပြ၁သနာတွေ ရှိလာနိုင်ပြီး နှလုံးကြွက်သားနဲ့ သွေးကြောတွေမှာလည်း ရောဂါရလွယ်လာပါတယ်။


 ဖောလစ်အက်ဆစ်ဟာ မိခင်နဲ့ကလေးရဲ့ လတ်တလော ကျန်းမာရေးကိုသာ ကောင်းစေတာ မဟုတ်ပါဘူး။ ကျန်ရှိနေတဲ့ သက်တမ်းမှာ သွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုပါ လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတော်တော်များများမှာ ဖောလစ်အက်ဆစ် လုံလုံလောက်လောက် ပါဝင်ပါတယ်။ အလွယ်တကူလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ကိုယ်ဝန်ယူမယ့် အစီအစဉ်ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုသောက်ထားသင့်ပါတယ်။ ဖောလစ်အက်ဆစ်နဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတွေ ရယူသင့်ပါတယ်။ မိခင်နဲ့ကလေးအတွက် စိတ်အချရဆုံးကတော့ ကျန်းမာရေးကို ထိန်းထားဖို့ သတိပေးချက်တွေကို သေသေချာချာ လိုက်နာသင့်ပါတယ်။ ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါတဲ့ အစားအစာတွေကို လုံလောက်အောင် စားပေးတဲ့အကျင့်ကို ဘဝတစ်လျှောက်လုံးသာ ကျင့်သုံးသွားရင် ကျန်းမာပြီး လှပတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


Credit: နှင်းနုလွင် (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18