Print

ကလေးမွေးဖွားပြီးနောက် သင့်ခန္ဓာကိုယ်၏ ပြောင်းလဲမှုများ

  26-Dec-2017
Preview Image

 အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေများစွာဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားတဲ့အချိန်မှာလည်း ခန္ဓာကိုယ်ထပ်ပြီး ပြောင်းလဲမှုတွေ ရှိပါသေးတယ်။ ဒီပြောင်းလဲမှုတွေက လအနည်းငယ်အတွင်းမှာ ပုံမှန်အခြေအနေကို ပြန်ဖြစ်သွားနိုင်တဲ့အတွက် ကလေးမွေးဖွားပြီး ခန္ဓာကိုယ်အတွင်း ဖြစ်နိုင်တဲ့ ပြောင်းလဲမှု ၁၀ ချက်ကို သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။ 


မီးဖွားပြီးချိန် နာကျင်ခြင်း

ကလေးမွေးဖွားပြီးချိန်မှာ သားအိမ်က ပုံမှန်အရွယ်အစားနဲ့ ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ ကျုံ့နေတာကြောင့် နာကျင်မှုဝေဒနာရရှိနိုင်ပါတယ်။ နံရိုးအောက်တွင်၊ ဝမ်းဗိုက်၊ ခါးနဲ့ အမျိုးသမီးအင်္ဂါတွေ နေရာမှာ နာကျင်နိုင်ပါတယ်။  ဗိုက်ခွဲမွေးတဲ့ မိခင်တွေက နာကျင်မှုဝေဒနာ ပိုမိုခံစားနိုင်ပါတယ်။ ကလေးမွေးပြီး တစ်ပတ်မှနှစ်ပတ်အတွင်း နာကျင်မှုဝေဒနာ ပိုမိုခံစားနိုင်ပါတယ်။ ကလေးမွေးဖွားပြီး တစ်ပတ်မှနှစ်ပတ်အတွင်း နာကျင်မှုတွေ သက်သာလာပြီး ခြောက်ပတ်အကြာမှာတော့ လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။ နာကျင်နေစဉ်အတွင်း အောက်ပါတို့ကို ပြုလုပ်နိုင်ပါတယ်။

• တတ်နိုင်သမျှ လဲလျောင်းနေပါ။ ဒါမှအောက်ပိုင်းကို ဖိအားသက်ရောက်မှုလျော့နည်းသွားနိုင်မှာပါ။

• တတ်နိုင်သမျှ နားနားနေနေ နေပါ။

• အနည်းဆုံး တစ်လလောက် ရေနွေးနဲ့ ရေချိုးပါ။

• သားအိမ်ကြွက်သား ကျန်းမာဖို့ Pelvic Floor Exercises ပြုလုပ်ပေးပါ။ နာကျင်မှုဝေဒနာက ခြောက်ပတ်ကြာလို့မှ မသက်သာခဲ့ရင် ဆရာဝန်နဲ့ပြပါ။


မွေးဖွားပြီးချိန် စိတ်ဓာတ်ကျခြင်း

 ကလေးမွေးပြီး မိခင်တွေ ၆၀ - ၈၀ ရာခိုင်နှုန်းအထိ ဖြစ်တတ်တဲ့ ပြဿနာပါ။ ယာယီစိတ်ကျဝေဒနာဖြစ်ပြီး လက္ခဏာတွေအနေနဲ့ စိတ်ခံစားချက် ပြောင်းလဲတာ၊ အားမရှိသလို ဖြစ်နေတာ၊ စိတ်တိုလွယ်တာ၊ အကြောင်းမရှိဘဲ ငိုချင်နေတာနဲ့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက နှစ်ပတ်သုံးပတ်အတွင်း မပျောက်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အမြန်ကုသသင့်ပါတယ်။


မိန်းမကိုယ်ခြောက်သွေ့ခြင်း

 အမျိုးသမီးအများစုကတော့ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ မိန်းမကိုယ်ခြောက်သွေ့တဲ့ ဝေဒနာကို ခံစားရပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာလည်း ဖြစ်တတ်တဲ့ ပြဿနာပါ။ လအနည်းငယ်အကြာမှာ သူ့ဘာသာသူ ပြန်လည်ပျောက်ကင်း သွားနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ မိမိကလေးကို မိခင်နို့တိုက်တာကြောင့်လည်း မိန်းမကိုယ်ခြောက်သွေ့နိုင်ပါတယ်။ ရေများများသောက်ပေးတာက ဒီပြဿနာဖြေရှင်းနိုင်ပါတယ်။ 


နို့အုံနာကျင်ခြင်း

 သားဦးမိခင်တွေ အများဆုံးကြံုတွေ့ရတာက ရောင်ရမ်းကြီးမားပြီး နာကျင်နေတဲ့ နို့အုံပြဿနာပါ။ ကလေးမွေးပြီးခါစမှာ နို့အုံထဲမှာ နို့ဦးရည်ရှိနေတဲ့အတွက် နို့အုံက ပျော့ပျောင်းနေပါတယ်။ ရက်အနည်းငယ်အတွင်းမှာ ပဲနို့အုံကနေ နို့ထုတ်လုပ်ပေးတဲ့အတွက် နို့အုံဟာ ပူနေပြီး ရောင်ရမ်းကာ အထိမခံနိုင်ဖြစ်လာပါတယ်။ နို့ရဲ့ ထုတ်လုပ်မှုက ကလေးစို့ရင် စို့သလောက် ထွက်လာတာမို့ ကလေးကို တတ်နိုင်သမျှ နို့များများ စို့နိုင်အောင် ကြိုးစားတိုက်ပေးပါ။ အချိန်ကြာလာတာနဲ့အမျှ နာကျင်မှုဝေဒနာလည်း လျော့ကျသွားနိုင်ပါတယ်။ သင်က အဖျားရှိပြီး သင်နို့အုံက နီရဲကာ ပူနွေးနေရင်တော့ နို့ရောင်တာနဲ့ နို့ပြည်တည်နာဖြစ်နိုင်တာမို့ ပဋီဇီဝဆေးနဲ့ ကုသဖို့တော့ လိုအပ်ပါတယ်။


ကလေးမွေးပြီး ဗိုက်ပူခြင်း

 ကလေးမွေးပြီးတာနဲ့ တစ်ပြိုင်နက် သင့်ရဲ့ ဝမ်းဗိုက်က ပုံမှန်ပြန်ပြီး ပြားသွားမယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ဝန်ဆောင်တဲ့ အချိန်ကာလမှာ သားအိမ်၊ ဝမ်းဗိုက်ကြွက်သားနဲ့ အရေပြားတွေက လပေါင်းများစွာ ဆွဲဆန့်ခံထားရတဲ့အတွက် ပုံမှန်ခန္ဓာကိုယ်မျိုး ပြန်လည်ရရှိအောင် အချိန်အတော်ယူရပါတယ်။ ရိုးရိုးမွေးထားတဲ့ မိခင်တွေက လနဲ့ချီအချိန်ယူရပြီး ဗိုက်ခွဲမွေးထားရတဲ့ မိခင်တွေမှာတော့ တစ်နှစ်လောက်တောင် အချိန်ယူရပါတယ်။ ဒါပေမဲ့ မိခင်နို့တိုက်တာကြောင့် မီးဖွားပြီးချိန်မှာဖြစ်တဲ့ ဗိုက်ပူတာကို ပြန်လည်ချပ်ရပ်စေနိုင်တဲ့အကောင်းဆုံးနည်းလမ်းလို့ သိရပါတယ်။ 


မိန်းမကိုယ်မှ သွေးဆင်းခြင်း

 ကလေးမွေးပြီးချိန်မှာ အမျိုးသမီးအများစုက သွေးဆင်းတတ်ကြပါတယ်။ သွေးခဲတုံးလေးတွေပါလာတတ်ပြီး ကလေးမွေးပြီးချိန်မှစပြီး နှစ်ပတ်၊ သုံးပတ်လောက်အထိ ဆက်လက်သွေးဆင်းတတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ ခြောက်ပတ်လောက်အထိ သွေးဆင်းတတ်ပါတယ်။ ပထမပိုင်းမှာ အနီရောင်ဖြစ်နေပြီး နောက်ပိုင်း အညိုရောင်နဲ့ နောက်ဆုံးမှာ ဝါညစ်ညစ်အရောင်တွေ မိန်းမကိုယ်မှ ဆင်းလာတတ်ပါတယ်။ ဒီအချိန်မှာ တတ်နိုင်သမျှ နားနားနေနေနေပါ။ မတ်တတ်ရပ်လွန်းတာ၊ လမ်းလျှောက်လွန်တာတွေကို ရှောင်ကြဉ်ပါ။ ပြင်းထန်နဲ့လှုပ်ရှားမှုတွေကို မပြုလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေပြီး သွေးပိုဆင်းစေနိုင်တာကြောင့် သွေးဆင်းတာက သွေးခဲတုံးတွေများနေပြီး အနံ့အသက်မကောင်းရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။


ဝမ်းချုပ်ခြင်း

 ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးချိန်မှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်တွေ နှေးကွေးသွားပြီး ဝမ်းချုပ်တတ်ပါတယ်။ ဒါ့အပြင်  အကိုက်အခဲပျောက်ဆေးတွေ အသုံးပြုတဲ့အတွက်လည်း ဝမ်းချုပ်နိုင်ပါတယ်။ ကလေးမွေးဖွားစဉ်မှာ လိပ်ခေါင်းရှိတာ ဒါမှမဟုတ် မွေးလမ်းကြောင်းပြဲသွားတဲ့ မိခင်တွေကလည်း ပုံမှန်ဝမ်းသွားနိုင်ဖို့ အခက်အခဲဖြစ်သွားတဲ့အတွက် ဝမ်းချုပ်နိုင်ပါတယ်။ ဝမ်းမချုပ်အောင် အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ စားပါ။ မနက်အိပ်ရာထခါစ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူလေးသောက်ပေးပါ။ 


Credit: ဒေါက်တာခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18