Print

မီးယပ်သွေးဆုံးပြီးကာလ

  13-Dec-2017
Preview Image

 မီးယပ်သွေးဆုံးချိန်ကာလတွင် ခန္ဓာကိုယ်၌ ဟော်မုန်းအီစထရိုဂျင်ပမာဏ လျော့ကျဆင်းလာသည်။ အီစထရိုဂျင် လျော့နည်းလာမှုကြောင့် သားမွေးလမ်းကြောင်း ခြောက်သွေ့လာသည်။ လိင်ဆက်ဆံမှုမှာ အခက်အခဲ ဖြစ်လာသည်။ ဆက်ဆံစဉ် နာကျင်မှုဝေဒနာ ခံစားရတတ်သည်။ ရေဓာတ်အခြေခံထုတ်လုပ်ထားသော ချောမွေ့ဆီ (Lubricants) သုံးနိုင်သည်။ ချောမွေ့ဆီသုံးပါလျက် နာကျင်မှုခံစားနေရပါသေးလျှင် ဆရာဝန်ထံသွားရောက် ပြသတိုင်ပင်ရန် လိုအပ်ပါသည်။ ဟော်မုန်းပြောင်းလဲမှုသည် လိင်ဆန္ဒလျော့နည်းစေနိုင်သည်။ ဆန္ဒတက်ကြွမှုလည်း နည်းပါးသွားနိုင်သည်။ မီးယပ်သွေးဆုံးချိန်၌ ဖိစီးမှုများခြင်း၊ ဆေးဝါးများ မှီဝဲသုံးစွဲခြင်း၊ အိပ်စက်မှုပြဿနာများ၊ ပူပင်သောက ဝေဒနာများကြောင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၏ အန္တရာယ်ကိုလည်း လျစ်လျူရှုမရသဖြင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုကို လိုက်နာကျင့်သုံးရမည်။


 မီးယပ်သွေးဆုံးချိန်၌ ဆိုးဝါးပြင်းထန်သော ဝေဒနာလက္ခဏာများ ခံစားရပါလျှင် ဟော်မုန်းအစားထိုးကုသခြင်း (Hormone Replacement Therapy) လိုအပ်မည်ဖြစ်သည်။ ဟော်မုန်းအစားထိုး ကုသခြင်းမှာ ဘေးထွက်ဆိုးကျိုးမကင်းသဖြင့် ဆေးပညာရှင်များ၏ အနီးကပ် စောင်ကြည့်မှု လိုအပ်သည်။ သန္ဓေတားဆေးလုံးလေးများသည် မီးယပ်သွေးဆုံးဝေဒနာများကို သက်သာစေနိုင်သည်။ စိတ်ကျဝေဒနာကုဆေးဝါးများ၊ သွေးဖိအားထိန်းဆေးများနှင့် လူနေမှုဘဝပုံစံ ပြုပြင်ပြောင်းလဲခြင်းတို့သည်လည်း မီးယပ်သွေးဆုံးချိန်ကာလအတွက် အထောက်အပ့ံဖြစ်စေ နိုင်သည်။


 ဟော်မုန်းအစားထိုးကုသခြင်းသည် နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းမှု၊ လေဖြတ်ခြင်းနှင့် ရင်သားကင်ဆာတို့ ဖြစ်စေနိုင်ကြောင်း သတိပြုရန် လိုအပ်သည်။ တစ်ဦးချင်းစီ၏ အခြေအနေကို သုံးသပ်ပြီးမှသာ ဟော်မုန်းအစားထိုးကုသမှု လုပ်ဆောင်ရန်အရေးကြီးသည်။ မီးယပ်သွေးဆုံး ဝေဒနာများကို တိုင်းရင်းဆေးဝါးများဖြင့်လည်း သက်သာစေနိုင်သည်။ မီးယပ်သွေးဆုံးပြီး အမျိုးသမီးများအဖို့ အရိုးပွခြင်းနှင့် နှလုံးရောဂါတို့ဖြစ်ရန် အန္တရာယ်များကြောင်း တွေ့ရသည်။ နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်း မြင့်မားလာနိုင်သည်။ သွေး၌ကိုလက်စထရောပါဝင်မှု၊ သကြားဓာတ်ပါဝင်မှုနှင့် သွေးဖိအားတို့ကို ပုံမှန်စစ်ဆေးသင့်သည်။ နေထိုင်စားသောက်မှုကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်စေရမည်။ စိတ်ဖိစီးမှုနည်းစေရန်လည်း လိုအပ်သည်။ အေရိုးဘစ်လေ့ကျင့်ခန်းများဖြင့် နှလုံးကျန်းမာစေသည်။ အရိုးများခိုင်ခ့ံစေနိုင်သည်။ လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပေးသင့်သည်။ မီးယပ်သွေးဆုံးပြီးနောက် အတွေးသစ်၊ အမြင်သစ်၊ အချစ်သစ်နှင့် လိင်ဆက်ဆံမှုအသစ်များကို စတင်သင့်ပြီဟု ကျွမ်းကျင်သူများက အကြံပြုထားသည်။ 


Credit:

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18