Print

Bartholin’s cyst ( မိန်းမကိုယ် အရည်အိတ်)

  24-Feb-2017
Preview Image

ဘာသိုလင်ဂလင်း (Bartholin’s gland) ဆိုသည်မှာ မိ်န်းမကိုယ်အဝ အတွင်းပိုင်းတွင် တည်ရှိပြီး မိန်းမကိုယ် အချွဲထုတ်ပေးသော ဂလင်း ဖြစ်သည်။ ထိုဂလင်း၏ အဝကို အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိသွားပါက အတွင်းရှိ အရည်များ အပြင် မထွက်နိုင်သောကြောင့် အရည်အိတ် (Bartholin’s cyst) ဖြစ်လာတတ်သည်။ ထိုအိတ်တွင်းသို ့ ရောဂါပိုးများ ဝင်ရောက်သွားပါက အတွင်းရှိ အရည်များ ပြည် အဖြစ် သို့ ပြောင်းလဲသွားပြီး ပြည်အိတ် ( Bartholin’s abscess ) ဖြစ်သွားနိုင်သည်။

 

လက္ခဏာများ
ဘာသိုလင် မိန်းမကိုယ် အရည်အိတ်သည် ပုံမှန်အားဖြင့် နာကျင်လေ့ မရှိသောကြောင့် ရောဂါပိုးဝင်ပြီး ပြည်အဖြစ်သို့ မပြောင်းမီထိ သတိ မထားတတ်ကြပေ။ အရည်အိတ် ကြီးလာပါက မိန်းမကိုယ်အဝတွင် အလုံး စမ်းမိတတ်သည်။ 

 

အချိန်ကြာလာပါက ရောဂါပိုး ဝင်ရောက်သွားပြီး -

- နာကျင်ခြင်း
- လမ်းလျှောက်လျှင် သက်တောင့်သက်သာ မရှိခြင်း
- လိင်ဆက်ဆံစဉ် နာကျင်ခြင်း
- ဖျားခြင်း တို့ ဖြစ်ပေါ်နိုင်သည်။ 
များသောအားဖြင့် မိန်းမကိုယ်အဝ၏ တဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။

 

ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ
မိန်းမကိုယ် အဝတွင် အကျိတ်ပေါ်ပါက ထိုအကျိတ်ကို ရေနွေးဖြင့် ဆေးခြင်း၊ သန့်ရှင်းခြင်းတို့ ပြုလုပ်ပြီး စောင့်ကြည့်ပါ။ နှစ်ရက်၊ သုံးရက် ကြာသည်အထိ မပျောက်လျှင်၊ ပိုမို နာကျင်လာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်၍ ဆေးကုသမှု ခံယူသင့်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ရောဂါပိုး တစ်ခုခု သို့မဟုတ် ထိခိုက် ဒဏ်ရာရမှုတို့ကြောင့် ဘာသိုလင် ဂလင်း၏အဝ ပိတ်ဆို့သွားပါက အတွင်းရှိ အရည်များ အတွင်းတွင် များလာပြီး အရည်အိတ် ဖြစ်လာမည်။ အရည်အိတ် အတွင်း ပိုးဝင်ပါက ပြည်တည်နိုင်သည်။

 

နောက်ဆက်တွဲ ပြဿနာများ
ကုသ ပျောက်ကင်းပြီးသော်လည်း မကြာခဏ ပြန်လည် ဖြစ်ပွားတတ်သည်။

 

စစ်ဆေးမှုများ
ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်သော ရောဂါရာဇဝင် မေးမြန်းမှု၊ မိန်းမကိုယ် အတွင်း စမ်းသပ်မှုတို့အပြင် -
- လိင်မှတဆင့် ကူးစက်သော ရောဂါပိုးများ ရှိ၊မရှိ မိန်းမကိုယ်တွင်း အချွဲကိုယူ၍ စစ်ဆေးခြင်း၊
- အသက် ၄ဝနှင့် အထက်ဖြစ်ပါက အသားစယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း
ဘာသိုလင် အရည်အိတ် ဖြစ်ပွားပြီး နာကျင်ခြင်းနှင့် အခြားသော လက္ခဏာများ မဖြစ်ပေါ်ပါက ကုသမှု ခံယူရန် မလိုအပ်ပေ။ အရည်အိတ်၏ အရွယ်အစား၊ နာကျင်မှုနှင့် ဝင်ရောက်နေသော ရောဂါပိုး အမျိုးအစားတို့ပေါ်တွင် မူတည်ကာ ကုသပုံ၊ ကုသနည်း များမှာလည်း ကွာခြားသည်။ 
• အရည်အိတ် ပေါက်သွားပြီး အတွင်းရှိ ပြည်များ ထွက်သွားစေရန် ရေနွေးစိမ်ခြင်း
• အရည်အိတ်ကို ခွဲစိတ်၍ အရည်များ ဖယ်ထုတ်ခြင်း
• လိုအပ်ပါက ပိုးသတ်ဆေးများ အသုံးပြုခြင်း
• ပြန်လည် ဖြစ်ပွားခြင်းကို ကာကွယ်ရန် ခွဲစိတ်ပြီး အပေါက် ဖွင့်ထားခြင်း (Marsupialization) တို့ကို ပြုလုပ်နိုင်သည်။

 

ကာကွယ်ခြင်း
ဘာသိုလင် အရည်အိတ် ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် မိန်းမကိုယ် တဝိုက်ကို သန့်သန့်ရှင်းရှင်း ထားခြင်း၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန် ကွန်ဒုံးသုံးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 

Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo Clinic


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18