Print

Galactorrhoea (နို့ရွှင်ခြင်း)

  24-Feb-2017
Preview Image

နို့တိုက်မိခင် မဟုတ်ဘဲ နို့သီးခေါင်းမှ နို့ထွက်ခြင်းကို ဆိုလိုပါသည်။ ကလေး၊ လူကြီး၊ ယောကျ်ား၊ မိန်းမ မရွေးဖြစ်ပွားနိုင်သည်။ ထိုလက္ခဏာကို တွေ့ရှိပါက ဖြစ်ပေါ်စေ သည့် အကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်ပါသည်။ အချို့သူများတွင် မည်သည့် ပြဿနာမျှ မဖြစ်ဘဲ အလိုအလျောက် ကောင်းသွားကြသည်မျိုးလည်း ရှိပါသည်။

 

လက္ခဏာများ
- နို့သီးခေါင်းမှ အချိန်တိုင်း (သို့) မကြာခဏ အရည်များ ထွက်နေခြင်း
- အရည်များ သူ့အလိုလို ထွက်ခြင်း (သို့) ညှစ်လိုက်လျှင် ထွက်ခြင်း
- ရင်သား တစ်ဘက် (သို့) နှစ်ဘက်လုံး ဖြစ်ခြင်း
- ရာသီ မလာခြင်း၊ မမှန်ခြင်း
- ခေါင်းကိုက်ခြင်း
- အမြင်အာရုံ မကောင်းခြင်း

 

ဖြစ်ပွားရသောအကြောင်းရင်းများ
နို့တိုက်မိခင်များတွင် နို့ထွက်ခြင်းကို ဦးနှောက်၏ အောက်ခြေရင်းနားတွင် ရှိသော အံစာတုံး အရွယ်မျှသာ ရှိသည့် Pituitary gland မှ Prolactin (ပရိုလက်တင်) ဆိုသည့် ဟော်မုန်းက ထိန်းညှိပေးသည်။

 

ထို့ကြောင့် နို့တိုက်မိခင် မဟုတ်ဘဲ နို့သီးခေါင်းမှ နို့ရည်ထွက်နေခြင်းသည် ၎င်း Prolactin ဟော်မုန်းကို ပို၍ ထုတ်နေသောကြောင့် ဖြစ်နိုင်သည်။

 

အခြားဖြစ်နိုင်ချေ ရှိသော အကြောင်းရင်းများမှာ -

- အချို့ဆေးဝါးများ၊ ဥပမာ- အိပ်ဆေးများ၊ စိတ်ရောဂါဆေးများ။
- မူးယစ်ဆေးများ၊ ဥပမာ- ကိုကင်း၊ ဆေးခြောက်၊ စိတ်ကြွဆေးပြားများ။
- ကိုယ်ဝန် တားဆေးများ
- သိုင်းရွိုက်အားနည်း ရောဂါ
- Pituitary ဂလင်းအကျိတ် ဖြစ်ခြင်း
- ကျောက်ကပ် ပျက်စီးခြင်း
- ရင်သားအား လိင်ဆက်ဆံစဉ် လှုံ့ဆော်မှု များခြင်း၊ ထိတွေ့မှု များခြင်း။
- ရင်ဘတ် အာရုံကြောစနစ် ပျက်ခြင်း
- ကျောရိုးမတိုင် ခွဲစိတ်ခြင်း၊ အကျိတ်ဖြစ်ခြင်း
အချို့သူများတွင် မည်သည့် အကြောင်းရင်းမျှ ရှာ၍ မရဘဲ ဖြစ်နေပါက Idiopathic galactorrhoea ဟု သတ်မှတ်နိုင်သည်။
- အမျိုးသားများတွင် ယောကျ်ား ဟော်မုန်း လျော့နည်းသော အခါမျိုးတွင် ရင်သား ကြီးလာခြင်း၊ နာကျင်ခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်း၊ လိင်တံ မတောင့်တင်းခြင်းတို့ ဖြစ်ပေါ် ခံစားရနိုင်ပါသည်။
- မွေးကင်းစ ကလေးများတွင် နို့သီးခေါင်းမှ အရည်ထွက်ရခြင်း အကြောင်းရင်းမှာ- ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်၏ မဟော်မုန်းဓာတ် အချင်းမှ ဖြတ်ကာ ကလေးဆီသို့ ရောက်ရှိထားသောကြောင့် ဖြစ်သည်။

 

ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ
နို့တိုက် မိခင် မဟုတ်ပါဘဲ နို့သီးခေါင်းမှ အရည်များများ အဆက်မပြတ် သူ့အလိုလို ထွက်ကျနေလျှင် ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်သည်။ ထို့အပြင် နို့သီးခေါင်းမှ ထွက်သော အရည်သည် ဝါကျင့်ကျင့် အရောင်၊ အထူးသဖြင့် သွေးရောင်ထွက်ပြီး ရင်သား တွင် အလုံးအကျိတ် စမ်းမိပါက ရင်သားကင်ဆာကို စိုးရိမ်ရသည်။ ထိုအခါမျိုးတွင်လည်း စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါသည်။

 

စစ်ဆေးမှုများ
- ဆရာဝန်မှ ရင်သားစမ်းသပ်ခြင်း။
- နို့သီးခေါင်းမှ ထွက်သော အရည်အား စမ်းစစ်ခြင်း
- သွေးစစ်ခြင်း- ခန္ဓာကိုယ် အတွင်းရှိ Prolactin , Thyroid stimulating hormone သိုင်းရွိုက်ဟော်မုန်းများ စစ်ဆေးခြင်း
- ကိုယ်ဝန်ရှိ မရှိ စစ်ဆေးခြင်း
- ရင်သားအား ပုံဖော်ဓာတ်မှန်ရိုက်ခြင်း( Mammography, ultrasound)
- MRI သံလိုက်ဓာတ်မှန်ရိုက်ခြင်း- သွေးတွင်း စစ်ဆေးချက်တွင် Prolactin ဟော်မုန်း တက်နေပါက ဦးနှောက် အတွင်းရှိ Pituitary ဂလင်းကို MRI ရိုက်၍စစ်ဆေးခြင်း။

 

ကုသခြင်း
ရောဂါ လက္ခဏာကို ဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းကို ရှာ၍ ကုသရမည်။
ဥပမာ- ဆေးများကြောင့် ဖြစ်လျှင် ဆေးဖြတ်ခြင်း၊ နို့ခမ်းဆေးများ ပေးခြင်း။

 

Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18