Print

Gestational diabetes (ကိုယ်ဝန်ဆောင် ဆီးချို ရောဂါ)

  24-Feb-2017
Preview Image

ဆီးချို ရောဂါ ဆိုသည်မှာ အချိုဓာတ် (သကြားဓာတ်) ပမာဏ သွေးထဲနှင့် ဆီးထဲတွင် ပုံမှန်ထက် ပို၍ များလာသော ရောဂါကို ဆိုလိုပါသည်။ ကိုယ်ဝန်ဆောင် ဆီးချို ရောဂါ ဆိုသည် မှာ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချို ရောဂါ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ပုံမှန် အားဖြင့် သွေးတွင်း သကြားဓာတ်ကို (insulin) အင်ဆူလင် ဆိုသည့် ဟော်မုန်းမှ ထိန်းညှိပေးထားသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်း၌ သကြားဓာတ် ပုံမှန်ထက် ပို၍ များလာခြင်းကို အင်ဆူလင် ဟော်မုန်းမှ လိုက်၍ မထိန်းချုပ်နိုင်သော အခါ ရောဂါ ဖြစ်ပွားရသည်။

 

များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၈ ပတ် နောက်ပိုင်းမှာ ပေါ်လာတတ်ပြီး ကလေး မွေးဖွားပြီးချိန်တွင် ပျောက်ကင်း သွားတတ်သည်။ ကိုယ်ဝန်ဆောင် ဆီးချို ရောဂါ ဖြစ်ဖူးသူများသည် နောက်ပိုင်းတွင် ဆီးချို ရောဂါ အမျိုးအစား ၂ ဖြစ်ပွားနိုင်သည်ဟု ဆိုလေသည်။

 

လက္ခဏာများ
- အာ ခြောက်ခြင်း
- ရေ မကြာခဏ ဆာခြင်း
- ညဘက် ဆီး မကြာခဏ သွားခြင်း
- မောပန်းလွယ်ခြင်း
- အမြင် ဝေဝါးခြင်း
- မကြာ ခဏ ရောဂါပိုး ဝင်ခြင်း။ ဥပမာ- ပါးစပ်တွင် အဖြူဖတ်များ ပေါ်ခြင်း၊ မိန်းမကိုယ် မှို ပိုးဝင်ခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးမှ oestrogen, progesterone and human placental lactogen စသည့် ဟော်မုန်းများ ပို၍ ထွက်သည်။ထို ဟော်မုန်းများ၏ အကျိုး သက်ရောက်မှုကြောင့် အင်ဆူလင် ပုံမှန် အလုပ် မလုပ်နို်င်ဘဲ သွေးတွင်း သကြားဓာတ်များ လာကာ ဆီးချို ရောဂါ ဖြစ်ပွားစေသည်။

 

ဖြစ်နိုင်ချေ များသူများ
- ကိုယ်အလေးချိန် ညွှန်းကိန်း BMI 30 ထက် ပို၍ များခြင်း
- ယခင် ကလေးကြီး ( ၁ဝပေါင်နှင့်အထက်) မွေးဖူးခြင်း
- ယခင် ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်ဆောင် ဆီးချို ရောဂါ ဖြစ်ဖူးခြင်း
- မျိုးရိုးထဲတွင် ဆီးချို ရောဂါ ရှိခြင်း

 

နောက်ဆက်တွဲ ပြဿနာများ
- မိခင်နှင့် ကလေးပါ နောက်ဆက်တွဲ အကျိုးများ သက်ရောက်နိုင်သည်။
- ကလေးကြီး မွေးခြင်း( ပေါင်ချိန် 4 kg နှင့် အထက် သို့မဟုတ် ၈ပေါင် ၈အောင်စ ထက် ပို၍ မွေးခြင်း)
- ကလေး မွေးရခက်ခြင်း
- ကလေး စောမွေးခြင်း
- ကလေး ပျက်ကျခြင်း
- ကလေး အသေမွေးခြင်း
- မွေးစဉ် ကလေး ပုခုံးလွဲခြင်း
- နောက်ပိုင်းတွင် ကလေး၌ အမျိုးအစား ၂ ဆီးချို ရောဂါ ဖြစ်နိုင်ချေ များခြင်း

 

စစ်ဆေးမှုများ
ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကိုယ်ဝန်ရှိစ ကတည်းက ကိုယ်ဝန် အပ်ပြီး လိုအပ်သည့် စစ်ဆေးမှုများကို ပုံမှန် ခံယူသင့်သည်။ ကိုယ်ဝန်ဆောင် ဆီးချို ရောဂါ ဖြစ်နိုင် ရန် အလားအလာများ ရှိပါက OGTT ဟုခေါ်သည့် သွေးတွင်း သကြားဓာတ် တုံ့ပြန်နည်းဖြင့် စမ်းသင့်သည်။

 

ကုသခြင်း
အချို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ရောဂါသည်များတွင် အစား အသောက် အနေ အထိုင် ဆင်ခြင်ရုံဖြင့် သက်သာနိုင်ပြီး အချို့ သူများတွင်သာ ဆေးကုသရန် လိုအပ်သည်။


ပြုလုပ်နိုင်သော အချက်များမှာ-

- သွေးတွင်း သကြားဓာတ် ပုံမှန်တိုင်းခြင်း
- အစားအသောက် အနေဖြင့် ပုံမှန် စားခြင်း၊ အသီးအရွက် များများစားခြင်း၊ သကြားနှင့် အချိုဓာတ် ပါသော အစားအစာများကို သင့်တင့်ရုံသာ စားခြင်း၊ မပြည့်ဝဆီ စားသုံးခြင်း။ BMI နှင့် ယှဉ်၍ လိုအပ်သလောက် အစာ အင်အား ပမာဏ စားသုံးခြင်း
- လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
- ဆရာဝန်မှ ဆေးဝါးဖြင့် လိုအပ်သလို ကုသခြင်း။ ဥပမာ-အင်ဆူလင် ထိုးခြင်း။

 

အင်ဆူလင် ထိုးနေသော သူများတွင် hypoglycaemia ဟုခေါ်သည့် သွေးတွင်း သကြားဓာတ် နည်းခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဖြစ်ပွားလျှင် ခံစားရနိုင်သော လက္ခဏာများမှာ-
- ဗိုက်ဆာလာခြင်း
- ရင်တုန်ခြင်း
- လက်တုန် ခြေတုန်ခြင်း
- ဂဏာ မငြိမ်ဖြစ်ခြင်း
- ဖြူဖျော့ဖျော့ ဖြစ်ခြင်း
- ချွေးစေးများ ထွက်ခြင်း
အထက်ပါ လက္ခဏာများ ပေါ်ပေါက်ပါက သကြားစားခြင်း၊ ဖျော်ရည် သောက်ခြင်းတို့ ချက်ချင်း ပြုလုပ်ရမည်။

 

Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: NHS choices


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18