Print

ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား။

  30-Oct-2016
Preview Image

 

ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော်တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ပြဿနာ မတက်ပါ။ ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်းရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

 

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ၀ါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာတယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။ ပုံမှန်ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ကိုယ်ဝန် (၃၇ ပါတ်ထက်စော) မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

 

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရသဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

 

ဇနီးသည် ကိုယ်ဝန်ရှိချိန်လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေးတယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေးအတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။ “ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား”လို့ ပြောကြတာလည်းရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား)ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမိုဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

 

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ်ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။ စုံအောင်ထည့်ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်းမှုတ်တာမျိုး ဖြစ်မသွားစေရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

 

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (၀ပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။ သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်းအပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။ အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို သတိထားခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18