Print

ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း

  30-Oct-2016
Preview Image

 

ကလေးဘဝမှာ ခုန်ပေါက် ဆော့ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ်တစ်ခါမှ ရာသီမလာဖူးသေးတဲ့အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင်ရနိုင်ပါတယ်။ ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစသွေးနတွေကြောင့် ဘာများ ဖြစ်တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာအကြောင်းကို ရေးသား လိုက်ရပါတယ်။

 

ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင် မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြို ဝေဒနာလို့ ခေါ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာတွေကို စားချင်စိတ် ပြင်းပြတာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ်ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှုများတာ၊ စိတ်ဂနာမငြိမ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ်ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာ သွားတတ်ပါတယ်။ ရာသီအကြို ဝေဒနာကို ဘာကြောင့် မိန်းကလေး တချို့ကပဲ ခံစားရတာလဲ ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေးတစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ်ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုကြတာပါ။ ရာသီမလာခင် စားသောက်တဲ့ တချို့ အစားအသောက်တွေကြောင့်လည်း ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုကြပါတယ်။

 

ရာသီအကြိုဝေဒနာ သက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံ များများ၊ ဟင်းသီးဟင်းရွက် များများပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင်ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့် လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝဝ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက် မှီဝဲတာက တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာလို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ် တင်ပေးတာကြောင့်ကြွက်သားတွေကို အနားရစေပြီး ဗိုက်အောင့်တာကို သက်သာစေပါတယ်။

- ရာသီအကြို ဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်လို အကိုက်အခဲပျောက် ဆေးကို ဆောင်ထားပါ။

- ရာသီအကြို ဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

 

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သိနားလည်ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင် ကျော်လွှားနိုင်ဖို့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါ

- နေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝဝ အိပ်ပါ

- ရာသီလာစဉ် ပင်ပန်းနွမ်းနယ်မှု ပြေလျော့စေဖို့ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။

(၃) အာဟာရ ပြည့်ဝအောင် စားပါ

- ရာသီသွေးဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှု အဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည် ဖြည့်တင်းနိုင်အောင် အစိမ်းရောင် ဟင်းရွက်၊ အနီရောင် အသား၊ တိရစ္ဆာန်ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှု အားကောင်းအောင် ဗီတာမင်စီ ပါဝင်

တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

 

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ

- ရာသီသွေးဆင်းချိန်မှာ အမျိုးသမီး လစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့်ကျောင်းတက်နေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ အခက်အခဲ တွေ့ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်းလွယ်အိတ်ထဲမှာ Non-Recyle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ်သုံးပစ္စည်းကိုဘယ်လို အသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီးလစဉ်သုံး ပစ္စည်းကိုလေးနာရီ ခြောက်နာရီခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18