Print

သားသားမီးမီးတို့အတွက် ပြောပြချင်သော သွားကျန်းမာရေးအကြောင်း

  06-Sep-2019
Preview Image

          မင်္ဂလာပါ သားသားမီးမီးတို့ရေ . . .

သားသားမီးမီးတို့ ခြောက်လအရွယ်မှာ ကလေးသွားလေးတွေ စတင်ပြီး ပေါက်လာခဲ့ပါတယ်။ အဲအချိန်မှာ မေမေတို့ရဲ့ ချိုချိုနို့ရည်ဟာ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ အာဟာရတွေ ပြီးပြည့်စုံစွာ ပါဝင်လို့ အကောင်းဆုံးပေါ့နော်။ ဒါပေမယ့် နို့စို့ပြီး သွားလေးတွေကို သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ မိခင်နို့ရည်ဟာ သားသားမီးမီးလေးတို့ရဲ့ ငယ်သွားလေးတွေကို သွားပိုးစားစေပါတယ်တဲ့။ သွားပိုးစားရင် သွားကိုက်သွားနာလို့ သားသားမီးမီးတို့ ငိုကြပြီပေါ့။ အဲဒီအခါမျိုးဆို မေမေတို့က သွားဆေးခန်းကို လာရောက်ပြသပေးကြတာပေါ့။ သားသားမီးမီးတို့ကလည်း အန်တီတို့ သွားဆရာဝန်တွေကို မြင်တာနဲ့ ကြောက်ပြီး ငိုကြပါလေရော။ ဒါကြောင့် ကျွန်မတို့ သွားဆရာဝန်များသည် ကလေးငယ်များကို 1st Visit တွင် ဆူညံသော စက်ကိရိယာပစ္စည်းများ၊ ဆေးထိုးအပ်များသုံးရမယ့် ကုသမှုမျိုးများကို မပေးကြသေးဘဲ ကလေးနဲ့ ရင်းနှီးအောင် မိတ်ဖွဲ့ခြင်း ပြုလုပ်ရပါတယ်။ ဥပမာ - ကလေးရဲ့ သွားလေးများကို ဖလိုရိုက်ဒ်ဆေး လိမ်းပေးခြင်းမျိုးဖြင့် အစပျိုးယူရပါတယ်။


          2nd Visit မှသာ လိုအပ်တဲ့ ကုသမှုမျိုးကို ပြုလုပ်ရပါတယ်။ သားသားမီးမီးတို့မှာ သွားကိုက်သွားနာလို့ ငိုရသလို မိဘများမှာလည်း သွားဆေးခန်းသို့ လာရောက်ပြသရလို့ အချိန်ကုန် ငွေကုန်ရပါတယ်။ ဒါ့ကြောင့် သားသားမီးမီးတို့တွေ သွားပိုးစားရောဂါတွေမှ ကင်းဝေးအောင် ကလေးသွားကျန်းမာရေးအကြောင်း ပြောပြချင်ပါတယ်။


          ကိုယ်တိုင် သွားမတိုက်နိုင်သေးတဲ့ ကလေးငယ်လေးများကို မိဘများက ကူညီသွားတိုက်ပေးရပါမယ်။ သွားတိုက်ပေးလို့ မရသေးသော လသားအရွယ်ကလေးများကိုတော့ သန့်ရှင်းတဲ့ ဂွမ်းကို အသုံးပြုကာ ရေဖြင့် သန့်စင်ဆေးကြောပေးရပါမယ်။ ကလေးအရွယ်ရောက်လာတဲ့အခါ သွားတိုက်နည်းကို သင်ကြားပြပေးရပါမည်။ သွားလေးတွေရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်များအားလုံးကို သေချာစွာ ဖယ်ရှားပေးဖို့ ပြောကြားပေးပါ။ သွားရဲ့ မျက်နှာပြင်တွေကို အထက်အောက် ဒေါင်လိုက်တိုက်ပြပေးပါ။ အစာဝါးတဲ့ မျက်နှာပြင်တွေကိုလည်း တိုက်ပြပေးဖို့ မမေ့ပါနဲ့။ လက်ကိုင်မာပြီး နူးညံ့တဲ့အမွေးလေးတွေ ပါတဲ့ သွားတိုက်တံလေးတွေကို ရွေးချယ်ပြီး ဝယ်ပေးပါ။ လက်ကိုင်သေးတဲ့ သွားတိုက်တံဖြစ်ဖို့လည်း မမေ့ပါနဲ့။ ဒါမှသာ ကလေးငယ်လေးများက သွားတိုက်တံကို မြဲမြံစွာ ကိုင်တွယ်နိုင်မှာပါ။ သွားတိုက်တံရဲ့ခေါင်းဟာလည်း နှစ်စင်တီမီတာ ထက် မရှည်တဲ့ သွားတိုက်တံဖြစ်ဖို့ လိုပါတယ်။ သွားတိုက်ဆေးမှာလည်း ဖလိုရိုက်ဒ် ပါဝင်ရပါမယ်။


          မနက်စာစားပြီး တစ်ကြိမ် ညအိပ်ရာမဝင်ခင် သွားတိုက်ဖို့ မိဘများက အမြဲသတိပေးပါ။ တစ်ခါတစ်ရံမှာ ကလေးတွေဟာ ဆော့ကစားနေတဲ့ အချိန်တွေကြောင့် သွားတိုက်ဖို့ မေ့သွားတတ်ကြပါတယ်။ ကလေးတွေဖြစ်တာကြောင့် သွားတိုက်ဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာ သိချင်မှသိမှာပါ။ ဒါကြောင့်မိဘများက သွားပိုးစားရင် သွားတွေကိုက်လာ နာလာမှာလို့ သတိပေးစကားများ ထပ်ခါထပ်ခါ ပြောပေးရပါမယ်။ သွားတစ်ခါတိုက်ရင် နှစ်မိနစ် သုံးမိနစ်ကြာအောင် တိုက်သင့်ကြောင်းကိုလည်း ငယ်ငယ်လေးကတည်းက အကျင့်ကောင်းကို ကြီးသည်အထိ စွဲမြဲသွားစေရန် တိုက်တွန်းပြောကြားပေးသင့်ပါတယ်။ သွားနှစ်ချောင်းကြားထဲမှာ ရှိတဲ့ အစာကြွင်းအစာကျန်တွေကို ဖယ်ရှားဖို့အတွက်လည်း သွားပွတ်ကြိုးကို အသုံးပြုပေးသင့်ပါတယ်။ သွားဆရာဝန် ပြသပေးထားတဲ့ မှန်ကန်သော သွားပွတ်ကြိုးအသုံးပြုနည်းနဲ့ မိဘများက ပြုလုပ်ပေးရပါမယ်။ သွားပွတ်ကြိုး အသုံးပြုပြီးနောက် သွားနှစ်ချောင်းကြားထဲက ထွက်လာသော ဗက်တီးရီးယားများ၊ အစာကြွင်းအစာကျန်များအား ဖယ်ရှားပစ်ရန် သေချာစွာ ရေဖြင့် ပလုတ်ကျင်းပေးပါ။


          သကြားပါဝင်မှု နည်းသော၊ အာဟာရပြည့်ဝသော၊ သွားပိုးစားခြင်းမဖြစ်စေသော အသားငါး လတ်ဆတ်သော အသီးအနှံ ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ ထောပတ်၊ ချိစ့် . . . စသည်တို့ကို ရွေးချယ်ကာ စားသုံးပေးရပါမယ်။

 

         သကြားပါဝင်မှု နည်းသော၊ အဆီပါဝင်မှုနည်းသော၊ သင့်တင့်မျှတသော ပရိုတင်းပါဝင်သော အစားအစာများဟာ သွားကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက်ပါ အလွန် ကောင်းမွန်လှပါသည်။ သကြားပါတဲ့ မုန့်ပဲသရေစာများ၊ အချိုများကို လုံးဝ စားသုံးရမည် မဟုတ်ပါ။ နေ့လည် သရေစာအနေနဲ့ စားသုံးခြင်းထက် ထမင်းစားပြီးနောက် စားရန် အကြံပေးချင်ပါတယ်။ အကယ်၍ ထမင်းစားပြီး အချိန်ကြာမှ စားသုံးဖြစ်ခဲ့တယ်ဆိုရင်လည်း စားပြီးနောက် ရေဖြင့် သေချာစွာ ပလုတ်ကျင်းပေးပါ။


          သားသား၊ မီးမီးလေးတို့ သွားပိုးစားရောဂါမှ ကင်းဝေးပြီး ထူးချွန်ထက်မြတ်တဲ့ နိုင်ငံသားကောင်း ရတနာလေးများ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း အန်တီသွားဆရာဝန် ဒီလတော့ ဒီမှာပဲ ရပ်နားလိုက်ပါရစေရှင့် . . . ။

Credit : ဒေါက်တာ နေနွယ်သန်း(သွားဆေး/မန်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18