Print

ကလေးတစ်ယောက်အတွက် လိုအပ်သောအချက်များ

  07-Sep-2019
Preview Image

ကလေးတစ်ယောက်အတွက် ဘယ်အရာက အကောင်းဆုံးလို့ သတ်မှတ်ပါသလဲ

          မွေးကင်းစအရွယ်ကနေ အသက်ခြောက်လအရွယ်အထိ မိခင်နို့ရည်ဟာ အကောင်းဆုံးပါပဲ။ မိခင်နို့ရည်ဟာ ကလေးငယ်အတွက် နွားနို့ဟာ သူ့ရဲ့ ရင်သွေး နွားငယ်လေးအတွက်သာ ဖြစ်ပါတယ်။ ပေါင်မပြည့်တဲ့ လမစေ့တဲ့ ကလေးအတွက်လည်း မိခင်နို့သာ အကောင်းဆုံးပါ။


          အသက် ခြောက်လအထိဟာ မိခင်နို့ရည်ထက် ကောင်းတဲ့အာဟာရ တခြားဘာမှ မရှိတော့ပါဘူး။ တခြားအရည်ဖြစ်ဖြစ်၊ အစားအစာဖြစ်ဖြစ် ဘာတစ်ခုမှ လုံးဝမကျွေးရပါဘူး။ မကျွေးသင့်ပါဘူး။ မိခင်နို့ရည်ကို ကလေးနှစ်နှစ်အရွယ်အထိ တိုက်ကျွေးသင့်ပါတယ်။ ဒါပေမယ့် နောက်ခြောက်လကစပြီး မိခင်နို့ရည်နဲ့တွဲပြီး ဖြည့်စွက်စာတွေတော့ ကျွေးနိုင်ပါတယ်။

ဖြည့်စွက်စာတွေ ခြောက်လကျော်မှ ကျွေးနိုင်တယ်လို့ဆိုရင် ဘယ်လို ဖြည့်စွက်စာတွေကို ဘယ်လို ကျွေးနိုင်ပါသလဲ


          ကလေးအသက် ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးပြီး အသက်ခြောက်လပြည့်ရင်တော့ မြန်မာတို့ အဓိကထား စားသုံးကြတဲ့ ထမင်းကိုပဲ အခြေခံကာ ဖြည့်စွက်စာကျွေးသင့်ပါတယ်။ မိခင်နို့ ဆက်ပြီးတိုက်ရပါမယ်။ အစာကြေလွယ်တဲ့ အစားအစာတွေကို တဖြည်းဖြည်းကျွေးရင်းနဲ့ လူကြီးထမင်းဝိုင်းကို ဝင်ဆံ့စားသုံးလာနိုင်အောင် ကလေးကို လေ့ကျင့်ပေးရပါမယ်။


“ဖိုးလမင်းကြီးဆီမှာ ထမင်းဆီဆမ်း၊ ရွှေလင်ပန်းနဲ့ ပေးပါ” လို့ အော်ပြီးတော့ ကလေးတွေကို ချော့ကျွေးခဲ့တဲ့ ရှေးဆိုစကားအတိုင်း ကျွေးသင့်ပါတယ်။ ပဲထမင်းကို ခပ်ပျော့ပျော့ချက်ပြီး ဆီနဲ့ဆားကိုရောကာ တစ်ခါကျွေးရင် လက်ဖက်ရည်တစ်ဇွန်းလောက်နဲ့ တစ်နေ့နှစ်ကြိမ်လောက် စပြီး အကျင့်လုပ် ကျွေးသင့်ပါတယ်။ ကလေးက လက်ခံပြီး စားတတ်လာရင်တော့ တဖြည်းဖြည်းတိုးပြီး ကျွေးသင့်ပါတယ်။ အကြိမ်အရေအတွက်ကိုလည်း တိုးပြီးတော့ ကျွေးနိုင်ပါတယ်။ နောက်ပြီး အသား၊ ငါးကို အစာကြေလွယ်အောင် ချက်ပြီး ကျွေးနိုင်ပါတယ်။ အာလူးကိုပြုတ်၊ ခြေပြီးကျွေးနိုင်ပါတယ်။ ကြက်ဥကို မကျက်တကျက်ပြုတ်ပြီး အလယ်အနှစ်ကို ကျွေးနိုင်ပါတယ်။ ဖီးကြမ်းငှက်ပျောသီးကို ကျွေးနိုင်ပါတယ်။


          အဓိကကတော့ ထမင်းနဲ့အတူ အသား၊ ငါး၊ ပဲ၊ ဥ၊ အသီးအရွက်တွေကို မျှမျှတတဖြစ်အောင် ကျွေးနိုင်ပါတယ်။ နည်းနည်းလေးကစပြီး တဖြည်းဖြည်းနဲ့ တိုးတိုးပြီး ကျွေးနိုင်ပါတယ်။ ကလေးရဲ့အသက်ကိုးလ၊ တစ်နှစ်အရွယ် ရောက်လာရင်တော့ ကလေးငယ်ဟာ မိသားစုထမင်းဝိုင်းမှာ မိဘတွေနဲ့အတူ အခြား အစ်ကို၊ အစ်မတွေနဲ့ အတူ အခန့်သား နေရာယူလာမှာ ဖြစ်ပါတယ်။


ထမင်း၊ ဟင်းကျွေးတဲ့အခါ ဝါးပြီးကျွေးသင့်ပါသလား

          ထမင်း၊ ဟင်းကို ဝါးကျွေးတဲ့အခါ ဝါးကျွေးတဲ့သူဟာ ပါးစပ်မှာ အနာရောဂါကင်းစင်ပြီး သွားတွေ၊ သွားဖုံးတွေကလည်း သန့်စင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် AIDS/HIV Hepatitis B ရောဂါတွေ မရှိဘူးဆိုရင်တော့ ထမင်း၊ ဟင်းကို ဝါးကျွေးနိုင်ပါတယ်။

          ထမင်း၊ ဟင်းကို ဝါးကျွေးတဲ့အတွက် အစာကြေညက်ပြီးဖြစ်လို့ ကလေးတစ်ယောက်အတွက် အစာစားရတာ လွယ်ကူပြီး အစာလည်း ကြေလွယ်မှာ ဖြစ်ပါတယ်။


ကလေးတွေဖျားရင် အစာကျွေးသင့်ပါသလား

          ကလေးတွေ ဖျားနေမယ်၊ နေမကောင်းဖြစ်နေမယ်ဆိုရင်လည်း ကလေးမှာ အစာစားချင်တဲ့ အာသီသ ရှိမယ်ဆိုရင် ကလေးစားနိုင်သလောက် အစာကျွေးသင့်ပါတယ်။ အစာကို လုံးဝ မဖြတ်သင့်ပါဘူး။

          ကလေးရဲ့ ကြီးထွားနှုန်း ရပ်တန့်မသွားအောင် အစာကြေလွယ်တဲ့ အစာတွေကို ကျွေးသင့်ပါတယ်။ အူရောင်ငန်းဖျား၊ တွိုက်ဖွိုက်ဖြစ်ရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကျွေးရပါမယ်။


မိခင်နို့က ကလေးတစ်ယောက်အတွက် အကောင်းဆုံးလို့ ဘာကြောင့် ပြောနိုင်ပါသလဲ

          အထူးသဖြင့် မိခင်နို့ရည်ထဲမှာ ကလေးတစ်ယောက်အတွက် အသက်ခြောက်လအထိ ရောဂါဘယမဖြစ်အောင် ကာကွယ်ပေးတဲ့ Immunoglobulin တွေပါတဲ့အပြင် မိခင်နို့ထဲမှာ ရောဂါပိုးကို သေကြေစေနိုင်တဲ့ သွေးဖြူဥတွေ၊ အင်ဇိုင်းတွေ ပါ ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှား မပေါက်ပွားအောင် ပြုလုပ်တဲ့ Lactoferrin တွေလည်း ပါ ပါတယ်။ ဒါကြောင့် မိခင်နို့ရည်တိုက်ကျွေးရင် ကလေးမှာ အဖြစ်အများဆုံးဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

          တကယ်တမ်းပြောရရင် “မိခင်နို့တိုက်ကျွေးခြင်းဟာ ပထမဦးဆုံး ကာကွယ်ဆေးထိုးခြင်း” ပါပဲ။

          မိခင်နို့ထဲမှာ အစာကြေလွယ်တဲ့ Lactalbumin အသားဓာတ်ပါတဲ့အတွက် ကလေးအတွက် ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။

          မိခင်နို့တိုက်ကျွေးတဲ့အတွက် ကလေးတစ်ယောက်မှာ စိတ်စွမ်းအားမြှင့်တင်ပေးမယ့် အဲဒီအချက်တွေ ရရှိနိုင်တာကို တွေ့ရပါတယ်။ အဲဒီအချက်တွေကတော့ ကလေးအတွက် လိုအပ်တဲ့ အစားအစာ၊ နွေးထွေးမှု၊ လုံခြုံမှု၊ ချစ်ခင်ကြင်နာယုယမှု စတာတွေပဲ ဖြစ်ပါတယ်။

          မိခင်တစ်ဟောက်ဟာ မိမိရဲ့ ကလေးကို ရင်ခွင်မှာထားပြီး နို့တိုက်တဲ့အတွက် ကလေးမှာ နွေးထွေးမှု၊ လုံခြုံမှုရပါတယ်။ တယုတယ နို့ချိုတိုက်ကျွေးတဲ့အတွက် ချစ်ခင်ကြင်နာယုယမှုလည်း ရှိပါတယ်။

          ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ ကလေးငယ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။


မိခင်နို့ရည် တိုက်ကျွေးတဲ့အတွက် ကလေးရော မိခင်ပါ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ

          မိခင်နို့ရည် တိုက်ကျွေးတဲ့အတွက် ကလေးအတွက်သာမက မိခင်အတွက်ပါ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ကလေးတွေအတွက်တော့ အပူအအေးမျှတတဲ့ အကောင်းဆုံး အာဟာရဖြစ်ပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ဖြစ်စေပြန်ပါတယ်။

          မိခင်နို့ကို တိုက်ကျွေးတဲ့အတွက်ကြောင့် မိခင်မှာ သားအိမ်ကျံ့ပြီး သွေးသွန်မှုကို ကာကွယ်နိုင်ပါတယ်။ သားမြတ်ကင်ဆာ၊ သားဥကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာအေးသောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18