Print

ရာသီအပြောင်းအလဲနှင့် ကလေးကျန်းမာရေး

  03-Sep-2019
Preview Image

          နွေ၊ မိုး၊ ဆောင်းရာသီသုံးမျိုးဖြင့် ရှိခဲ့သော်လည်း ယခုအခါမှာတော့ ပူပြင်းသောရာသီနှင့် မိုးရာသီဖြင့်သာ လူတွေကြုံတွေ့နေရပါတယ်။ အထူးသဖြင့် စက်မှုလုပ်ငန်းများ ပေါများသော မြို့များတွင် ပူပြင်းသောရာသီကို ပိုမိုခံစားလာနေကြပါတယ်။ ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကလည်း ရာသီပေါ်မူတည်ပြီး ဖြစ်ပွားလေ့ရှိပါတယ်။ ပူပြင်းသောရာသီတွင် ဖြစ်တတ်သော ကလေးရောဂါများနှင့် မိုးရာသီတွင်ဖြစ်တတ်သော ရောဂါများဖြစ်ပွားမှု မတူသလို ရာသီအပြောင်းအလဲတွင်ဖြစ်တတ်သော ရောဂါများကလည်း ကလေးကျန်းမာရေးကို ဒုက္ခပေးတတ်ပါတယ်။


          မိုးရာသီမှာတော့ မိဘတွေကြောက်ရွံ့တဲ့ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက တစ်နှစ်မှာ အဖြစ်များလာလျှင် နောက်တစ်နှစ်မှာ ဖြစ်ပွားမှုနှုန်း ကျတတ်ပါတယ်။ နှစ်စဉ် အမြဲကြုံတွေ့နေရတဲ့ ရိုးရိုးတုပ်ကွေးရောဂါကို သတိမမူ ဖြစ်တတ်ကြပါတယ်။ လူတွေရဲ့ နေထိုင်မှု၊ စားသုံးမှု ပြောင်းလဲလာခြင်းကြောင့် ယခင်က တုပ်ကွေးရောဂါကို ခုခံနိုင်စွမ်းရှိခဲ့ကြသော်လည်း တုပ်ကွေးရောဂါကလည်း ကလေးတွေရဲ့ နှလုံးကို ထိခိုက်စေတဲ့အတွက် ဂရုစိုက်ရမယ့် ရောဂါတစ်ခုဖြစ်လာပါတယ်။ မိုးရာသီအတွင်းမှာ အိမ်၊ ကျောင်း၊ ရုံး၊ အလုပ်ခွင် စတဲ့ လူအများစုက နေထိုင်လုပ်ကိုင်တဲ့ နေရာတွေမှာ တုပ်ကွေးရောဂါက တစ်ယောက်မှတစ်ယောက် ကူးစက်ပြီးရောဂါဖြစ်ပွားမှု မြင့်တက်ကြပါတယ်။


          တုပ်ကွေးရောဂါကြောင့် ကလေးတွေမှာ အင်အားချည့်နဲ့မှုဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း စတာတွေဖြစ်ပါတယ်။ တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အာဟာရချို့တဲ့မှု၊ မောပန်းမှု၊ စာထဲတွင် စိတ်ဝင်စားမှုလျော့ပါးခြင်း စတာတွေဖြစ်လာတတ်ပါတယ်။


          မိုးရာသီမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တတ်ပါတယ်။ ဓာတ်ဆားရည်သောက်သုံးမှုကို မိဘတွေအားလုံး ပြုကြသော်လည်း WHO စံချိန်စံနှုန်းဖြင့် ထုတ်လုပ်သော ဓာတ်ဆားရည်ကို သောက်သုံးမှသာ ကလေးအတွက် ကုန်ဆုံးသွားသော ဓာတ်ဆားများကို ပြန်လည်ဖြည့်နိုင်မှာ ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောပြီး ကလေးအာဟာရ မပြတ်ရအောင် ကလေးကိုအစာမဖြတ်ဘဲ အာဟာရပြည့်ဝသော အရာများကျွေးရန်နှင့် ဝမ်းပျက်ရောဂါပျောက်ပြီးနောက်လည်း အစာအာဟာရကို ဂရုတစိုက်ကျွေးမွေးရန် လိုပါတယ်။


          အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း မိုးရာသီအတွင်း ဖြစ်ပွားတတ်ပါတယ်။ မိုးမိသောကလေးကို မိုးစိုအအေးမပတ်ရန် ထီး၊ မိုးကာ စတာတွေ ဆောင်းရန်လိုအပ်ပြီး စိုထိုင်းနေတတ်သော အဝတ်များကို လဲလှယ်ပေးရန် လိုအပ်ပါတယ်။ နှာစေးချောင်းဆိုးခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် ကူးစက်ပြန်ပါတယ်။ အာဟာရပြည့်ဝစေရန်လည်း ဂရုတစိုက်ကျွေးမွေးရန် လိုအပ်ပါတယ်။


          သွေးလွန်တုပ်ကွေးရောဂါကိုတော့ မိုးရာသီတစ်ခုတည်းသာမက ရာသီမရွေးစောင့်ကြည့်ရမယ့် ရောဂါဖြစ်လာပါတယ်။ ခြင်ပေါက်ပွားမှု များပြားလာတဲ့အတွက် နေ့လယ်ကိုက်တဲ့ ခြင်ကြားများကြောင့် အသက်တစ်နှစ်အောက် အရွယ်များမှာပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်လာပါတယ်။ နေ့လယ်တွင် ကလေးများအိပ်စဉ် ခြင်မကိုက်ရန် အရေးကြီးပါတယ်။ ပူပြင်းသောရာသီ ရောက်ရှိလာရင်တော့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ပိုမိုသတိထားရပါမယ်။ ပူပြင်းသောရာသီဖြစ်တဲ့အတွက် သောက်ရေကို အလွယ်တကူသောက်လျှင် သန့်ရှင်းမှု၊ ပိုးကင်းစင်မှု မရှိတဲ့အတွက် ဝမ်းပျက်တတ်ပါတယ်။


          အထက်လှန် အောက်လျှော (ခေါ်) အန်ခြင်း၊ ဝမ်းလျှောခြင်း စတာတွေဖြစ်လျှင် ကလေးအနေနဲ့ ရေခမ်းခြောက်ခြင်းလက္ခဏာ ပိုမိုဆိုးဝါးတတ်ပါတယ်။ ကာလဝမ်းရောဂါဖြစ်ရင်လည်း ကလေးရဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ အလှူပွဲများမှာ အစားအသောက်များဟာ ပူပြင်းသောရာသီကြောင့် ပုပ်သိုးတတ်ပြီး ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဝမ်းကိုက်ခြင်း စတာတွေ ဖြစ်စေပါတယ်။ အစားအစာများကို သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်ခြင်း၊ ကိုင်တွယ်ပြင်ဆင်ခြင်း စတာတွေကို စနစ်တကျမပြုလုပ်လျှင် အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါ စတာတွေပါ ဖြစ်စေတတ်ပါတယ်။


          ပူပြင်းတဲ့ရာသီမှာ မိဘတွေစိတ်ပူတဲ့ ရောဂါမဟုတ်သော သဘာဝဖြစ်စဉ်တစ်ခုကတော့ ‘ရေများများသောက် ဆီးများများပေါက်’ ခြင်းပဲ ဖြစ်ပါတယ်။ မိဘတွေက မိမိရဲ့ကလေး ဆီးများများသွားသဖြင့် စိတ်ပူတတ်ကြပါတယ်။ ရေများများသောက်သုံးမိတဲ့အတွက် ခန္ဓာကိုယ်ကမလိုအပ်တဲ့ရေတွေကို စွန့်ပစ်တာ ဖြစ်ပါတယ်။ ရေကို မစွန့်ပစ်နိုင်ဘဲ ကလေးဖောင်းကား ရောင်လာရင်တော့ ကျောက်ကပ်ရောဂါကို စဉ်းစားရမှာ ဖြစ်ပါတယ်။


          ရာသီဥတုအပြောင်းအလဲ ဖြစ်တဲ့အခါမှာ ကလေးတွေရဲ့ ကျန်းမာရေးမှာ အထူးသဖြင့် ရင်ကျပ်တတ်တဲ့ကလေးတွေကို သတိထားရပါမယ်။ အပူအအေး အပြောင်းအလဲ ဖြစ်တဲ့အခါမှာ ရင်ကျပ်တဲ့ကလေးတွေက အခြားကလေးတွေထက် ပိုမိုရင်ကျပ်ကြပါတယ်။ အသက်တစ်နှစ်အောက်ကလေးများ ရင်ကျပ်ခြင်းဖြစ်လျှင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကလေးတစ်ယောက် နို့စို့ခြင်း ထက်ဝက်လျော့လာရင် မှိန်းလျှင် အသက်ရှူနှုန်းမြန်လာရင် ကလေးအတွက် စိုးရိမ်ရပါတယ်။


ရာသီဥတုပြင်းတဲ့အတွက် လေအေးပေးစက်တွေ အသုံးပြုကြပါတယ်။ လေအေးစက်တွေမှာ အပြင်ကိုရေထွက်ရန် လိုအပ်ပါတယ်။ လေအေးစက်မှာ ရေဝပ်ပြီး အတွင်းကိုရေထွက်လျှင် ဗက်တီးရီးယားပိုးတစ်မျိုးပေါက်နိုင်ပြီး ကလေးကို အဆုတ်ရောင်ရောဂါ ဖြစ်စေပါတယ်။ မိဘတွေအနေနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် မိမိရဲ့ကလေးကျန်းမာရေး မထိခိုက်စေရန် အစာအာဟာရပြည့်ဝမှု ၊ အိပ်ရေးဝဝအိပ်မှု၊ ကိုယ်လက်ကျန်းမာမှု စတာတွေကို ဂရုတစိုက်လုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာအေးသောင်း(ကလေးအထူးကု သမားတော်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18