Print

မိဘကိုယ်တိုင် လိုက်နာရမည့် ပညာပေးနှင့် ကလေးကျန်းမာရေး

  12-Jul-2019
Preview Image

          ကျန်းမာရေးအတွက် ပညာပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ပညာပေးစာစောင်များ၊ ပညာပေး ဟောပြောချက်များ စသဖြင့် မြို့နယ်ကျေးရွာမကျန်၊ နိုင်ငံတဝှမ်း၌ လူထုပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း အချိန်မရွေး နေရာမရွေးလိုအပ်လျှင် လိုအပ်သလို ကျန်းမာရေးပညာပေးခြင်းကို လုပ်ဆောင်နေကြရာမှ တစ်ခါတစ်ရံတွင် စေတနာမှ ဝေဒနာဖြစ်တတ်ပြီး စေတနာအတွက် ဒေါသပါ ဖြစ်သွားတတ်ပါတယ်။


          နိုင်ငံတော်အတွက် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကျန်းမာသော လူငယ်များပေါ်ထွက်လာရန်အတွက် သန္ဓေတည်သည်မှစ၍ မွေးကင်းစ ကလေးမှသည် လူငယ်များအထိ ကျန်းမာရေးအတွက် ပေးအပ်သော အကြံဉာဏ်များကို မိဘများကိုယ်တိုင် လိုက်နာကျင့်သုံးရန် လိုအပ်ပါတယ်။ ပေးသော ကျန်းမာရေးပညာကို ဒီဘက်နားမှလက်ခံပြီး တစ်ဘက်နားမှ ထွက်မသွားရန်လည်း အရေးကြီးပါတယ်။ 


ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ကူးစက်ရောဂါများ၊ မကူးစက်တတ်သော ရောဂါများဖြစ်သော အဝလွန်ခြင်းရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါများ အဖြစ်များလာသည်ကို တွေ့ရှိရပါသည်။ ဒါကြောင့် လူနေမှု ပုံစံပြောင်းလဲလာကြသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အလားတူရောဂါများ ဖြစ်ပေါ်လာနေသည်ကို တွေ့လာရပါတယ်။


မြန်မာနိုင်ငံတွင်လည်း လူနေမှုပုံစံ ပြောင်းလဲလာရာတွင် အစားအသောက်ပုံစံပြောင်းလဲခြင်း၊ လူနေမှုပုံစံ ပြောင်းလဲခြင်းများကြောင့် အဝလွန်သော ကလေးအရေအတွက် တိုးတက်များပြားလာပါတယ်။ အဝလွန်ခြင်းကြောင့် သွေးတိုးခြင်း၊ သွေးချို၊ ဆီးချို ရောဂါဖြစ်ခြင်းများ ဖြစ်ပေါ်လာကြပါတယ်။

 

အချိုရည်နဲ့ သရေစာမုန့်

အချိုရည်သောက်သုံးခြင်းနှင့် ပတ်သက်၍ မိဘများကို ကလေးတွေအား သောက်သုံးရန် မသင့်ကြောင်း စွဲစွဲမြဲမြဲသောက်လာခဲ့သော် သကြားဓာတ်များပြားပြီး ရေရှည်တွင် သွေးချိုဆီးချို ရောဂါများ ဖြစ်ပေါ်စေခြင်း ကလေးအား အဝလွန်ခြင်း စသည်များဖြစ်ပေါ်စေသဖြင့် ပညာပေးပြောပြသော်လည်း မိဘများကိုယ်တိုင် အချိုရည်သောက်သုံးသဖြင့် ကလေးများအပေါ် စည်းကမ်းတကျ မတားမြစ်နိုင် ဖြစ်ရပါတယ်။ အခုအချိန်အခါမှာ အချိုရည်များတွင် ဆိုးဆေးများ ပါဝင်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားစေသော ပစ္စည်းများပါဝင်ခြင်း စသည့်ကိစ္စရပ်များ ဖြစ်ပေါ်နေသဖြင့် အချိုရည်သောက်သုံးခြင်းကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။


သရေစာ စားသောက်သုံးခြင်း နှင့် ပတ်သက်၍လည်း မိဘများအား ကလေးကို အလိုမလိုက်ဘဲ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးရန် ပညာပေးပြောကြားသော်လည်း ကလေးအပေါ်အလိုလိုက်ခြင်းဖြင့် ကျွေးမွေးကြပါသည်။ သရေစာစားဖြင်းဖြင့် ကလေးဗိုက်ပြည့် ပြီး အာဟာရပြည့်ဝသော ထမင်းဟင်းများ စားလိုစိတ်မရှိ ဖြစ်ရပါတယ်။ ဒါကြောင့် ကလေးတွေ အာဟာရမပြည့်ဝဘဲ၊ ရောဂါဒဏ်မခံနိုင်ဘဲ၊ မကြာခဏ ဖျားကြပါတယ်။


အထူးသဖြင့် ခေတ်ရေစီးကြောင်းအရ အချိုရည်သောက်ခြင်းနှင့် သရေစာစားခြင်းတို့ကို ကလေးတိုင်း နေ့စဉ် စားသုံးလာခြင်းဖြင့် ကလေးများ အဝလွန်ဖြစ်လာပြီး အာဟာရပြည့်ဝမှု မရှိဖြစ်လာပါတယ်။

 

ကိုယ်လက်လှုပ်ရှားမှု

ကိုယ်လက်လှုပ်ရှားမှုနှင့် ပတ်သက်၍လည်း ကလေးတွေကို ကျောင်းတွင်းကျောင်းပြင် စာတစ်ခုတည်းကို ဦးစားမပေးဘဲ ကျန်းမာရေးအတွက် အားကစားလှုပ်ရှားမှု ပြုရန် ပညာပေးသော်လည်း မိဘများအနေနှင့် စာကိုသာ ဦးစားပေးသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားခြင်းကင်းပြီး စိတ်ဖိစီးခြင်းများ ဖြစ်ပေါ်လာစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှ ကလေးမှာ ကျန်းမာရေးကောင်းမွန်ပြီး စာကျက် စာဖတ်ရာတွင်လည်း ပိုမိုကောင်းမွန်ပြီး စိတ်ရောကိုယ်ပါ ကြံ့ခိုင်တဲ့ ကလေးတွေ ဖြစ်လာမှာပါ။

 

အသားကင်ရှောင်ပါ

အသားကင်များ စားသုံးမှု အပေါ် ပညာပေးရာတွင်လည်း လွယ်လင့်တကူ စားသုံးရနိုင်သဖြင့် အချိုရည်နှင့် တွဲဖက်သောက်သုံးကြတာကို တွေ့ရပါတယ်။ အသားကင်များ စားသုံးခြင်းကြောင့် အစာအိမ်ကင်ဆာ ဖြစ်နိုင်သဖြင့် အသားကင်စားခြင်းကိုလည်း တစ်ခါတစ်ရံမှာပဲ စားသုံးစေချင်ပါတယ်။ မိဘများ ကိုယ်တိုင်လည်း စားသုံးခြင်းနည်းပါးမှ ကလေးတွေအပေါ် ပညာပေးရာမှာ ထိရောက်မှာ ဖြစ်ပါတယ်။

 

မိခင်နို့နဲ့ အာဟာရ

မိခင်နို့မှလွဲ၍ အခြားနို့များ တိုက်ကျွေးခြင်းနှင့် ပတ်သက်၍လည်း မိခင်နို့ တစ်မျိုးတည်း ကိုသာ တိုက်ကျွေးသင့်ပါတယ်။ အလုပ်မလုပ်သော မိခင်များအနေနှင့် မိခင်နို့ကို လေးလ၊ ခြောက်လ အထိ တိုက်ကျွေးခဲ့ပြီးနောက် ဖြည့်စွက်စာကို စနစ်တကျ တိုက်ကျွေးသင့်သော်လည်း မိဘများအနေနှင့် မိခင်နို့ မတိုက်ကျွေးလျှင် အခြားနို့များကို တိုက်ကျွေးရန် ဆန္ဒရှိကြပါတယ်။ နို့မှုန့်များနှင့် ပတ်သက်၍လည်း ဈေးနှုန်းသက်သာသော နို့မှုန့်များ တိုက်ကျွေးပါက မလိုလားအပ်သော မယ်လမင်းများ ပိုမိုပါဝင်ခြင်းကြောင့် ကလေးကို ဥပဒ်ပေးစေပါတယ်။ မွေးကင်းစအရွယ်မှသည် အသက်ခြောက်လအထိ ကလေးကို မိခင်နို့တစ်မျိုးတည်းသာ သောက်စေသင့်ပါတယ်။ မိခင်နို့နှင့် ကလေးအတွက် အလုံအလောက် ဟူသော အတွေးမျိုး မရှိရန်လည်း လူကြီးမိဘဆွေမျိုးများက အားပေးသင့်ပါတယ်။


ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်ကျွေးစဉ်အတွင်း အစားမရှောင်သင့်ပါ။ ကိုယ်ဝန်ဆောင်မိခင်မှာ မိခင်ရောကလေးအတွက်ပါ အာဟာရလိုအပ်သဖြင့် အစာကို ပိုမိုစားသုံးရန် ပိုမိုလိုအပ်ပါတယ်။ အာဟာရပြည့်ဝသော အစာများကို စားသုံးကြရပါမယ်။ နို့တိုက်သည် အတွင်းမှ မိခင်သည် မိမိကလေးအတွက် ပြည့်ဝသောအာဟာရကို မိခင်နို့မှတစ်ဆင့် ရသောကြောင့် အစာရှောင်ရန် မလိုအပ်ပါ။ အသား၊ ငါး၊ ပဲ၊ ဥ၊ အသီးအရွက်အားလုံးကို မျှတစွာ စားသုံးရပါမယ်။

 

ကလေးဖျားနေရင်

ကလေးဖျားစဉ်မှာလည်း ကိုယ်အပူချိန်ကျစေရန်အတွက် ကိုယ်ပူကျဆေးများကို တစ်မျိုးပြီး တစ်မျိုး အသုံးမပြုရန်လည်း အရေးကြီးပါတယ်။ ကိုယ်အပူချိန်ကျစေရန် ကလေးအား ရေပတ်တိုက်ခြင်း၊ ရေချိုးပေးခြင်း စအိုမှ အပူကျဆေးထည့်ပေးခြင်းများ ပြုလုပ်ပေးနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာ ဖျားသောရက် သုံးရက်မှ ငါးရက်အတွင်း သွေးလန့်တတ်သဖြင့် အပူကျဆေးများကို အသက်နှင့်မလိုက်ဖက်အောင် တိုက်ကျွေးပါက ချွေးထွက်လွန်ခြင်းဖြင့် သွေးလန့်ခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။


ကလေးများအတွက် အသင့်တော်ဆုံး အပူကျဆေးမှာ ပါရာစီတမောဖြစ်ပါတယ်။ အသက်အပိုင်းအခြားအလိုက် တိုက်ကျွေးရန်လည်း လိုအပ်ပါတယ်။ ကိုယ်အပူချိန်တက်ချိန်တွင်သာ တိုက်ကျွေးသင့်ပြီး ကိုယ်အပူချိန်တက်မည်ကို စိုးရိမ်၍ ကြိုတင်တိုက်ခြင်းမပြုသင့်ပါ။ တုပ်ကွေးရောဂါအနေနှင့် သုံးရက်မှ တစ်ပတ်အထိ ကြာတတ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးစက်မှု မြန်ပါတယ်။ ဒါကြောင့်မူကြိုကလေးများနှင့် ကျောင်းနေကလေးများကို တုပ်ကွေးရောဂါဖြစ်လျှင် ကျောင်းမတက်သင့်ပါ။ တစ်ယောက်မှတစ်ယောက်ကူးစက်ပြီး တစ်ကျောင်းလုံး တုပ်ကွေးရောဂါ ပျံ့နှံ့သွားတတ်ပါတယ်။ မိဘများအနေနှင့် ကျောင်းစာတစ်ခုတည်း မကြည့်ဘဲ မိမိကလေးရဲ့ ကျန်းမာရေး၊ အခြားကလေးများ၏ ကျန်းမာရေးကို အလေးထားပြီးတုပ်ကွေးဖြစ်နေသော ကလေးများကို ကျောင်းပို့ခြင်း မပြုရန် အရေးကြီးပါတယ်။ တုပ်ကွေးရောဂါကို သေချာစွာ မကုသဘဲကလေးကို အနားမပေးပါက တုပ်ကွေးရောဂါကြောင့် နောက်ဆက်တွဲဖြစ်တတ်တဲ့ နှလုံးရောင်ခြင်း၊ အဆုတ်ရောင်ခြင်း ရောဂါများ ဝင်ရောက်ပြီး ကလေးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

Credit : ဒေါက်တာ ဦးအေးသောင်း(ကလေးအထူးကု သမားတော်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18