Print

ကြက်ဥနဲ့ ဓာတ်မတည့်သော ကလေး

  04-Jul-2019
Preview Image

          ကျွန်မတို့ အနားပတ်ဝန်းကျင်မှာ ဘဲဥ၊ ကြက်ဥ၊ ငုံးဥလိုမျိုး ဥအမျိုးမျိုးကို အလွယ်တကူ ဝယ်ယူလို့ရနေပါတယ်။ သူတို့ကို အဓိကဟင်း ဒါမှမဟုတ် အရံဟင်းအနေနဲ့ ချက်၊ အစားအသောက်တွေကို ပြင်ဆင်နေတဲ့နေရာမှာပါ ထည့်သွင်းသုံးစွဲကြပါတယ်။ ကြက်ဥရဲ့ အရေးပါပုံကို သိကြပေမယ့် ကျွန်မတို့ကို ဓာတ်မတည့်မှုကို ဖြစ်စေတယ်ဆိုတာကိုတော့ မသိကြပါဘူး။

          ကလေးတွေကို အစားအသောက်တစ်ခုကို စကျွေးတဲ့အချိန်မှာ ငြင်းဆန်တတ်ကြတာဟာ သဘာဝပါပဲ။ သူတို့ဟာ ပုံမှန်နို့စို့ရာကနေ အစာမာတွေကို စတင်ကျွေးတဲ့အခါမှာ ငိုပြီး ငြင်းဆန်တတ်ကြပါတယ်။ အဲဒီလိုမျိုး အစားအသစ်တွေထဲမှာ ကြက်ဥ ဒါမှမဟုတ်ရင်လည်း ကြက်ဥပါတာတွေကို ပိုပြီးတော့ ငြင်းဆန်တတ်ကြပါတယ်။ ဒါကို မိဘတွေက ပုံမှန်ငြင်းဆိုမှု တစ်ခုလို့သာ ထင်မှတ်တတ်ကြပါတယ်။ တကယ်တမ်းတော့ ကလေးတွေဟာ ဥတွေနဲ့ ဓာတ်မတည့်မှုရှိတဲ့အတွက် အဲဒါတွေကို မစားချင်ဖြစ်နေတတ်ပါတယ်။


ဥတွေနဲ့ ဓာတ်မတည့်မှုဆိုတာက ဘာလဲ . . .

          ကျွန်မတို့တစ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြင်ပကဝင်လာတဲ့ အရာတွေကို တိုက်ထုတ်ပစ်မယ့် ကိုယ်ခံစွမ်းအား အဖွဲ့အစည်းတစ်ခု ရှိပါတယ်။ အစားအသောက်တစ်ခုနဲ့ ဓာတ်မတည့်မှုဖြစ်တယ်ဆိုတာဟာ လူ့ရဲ့ ခန္ဓာကိုယ်ဟာ အဲဒီအစားအသောက်ထဲမှာပါတဲ့ ပစ္စည်းတစ်ခုခုကို အန္တရာယ်ရှိတဲ့ ပစ္စည်းအမှတ်နဲ့ တုံ့ပြန်မှုပေးပြီး အဲဒီပစ္စည်းကို တိုက်ထုတ်ပစ်တာမျိုးပါ။ ဒီပြဿနာမျိုးကို အရွယ်ရောက်ပြီးသားလူတွေထက် ကလေးငယ်တွေမှာ အတွေ့ရများတတ်ပါတယ်။ အထူးသဖြင့် ဥစားတဲ့ကလေးငယ်တွေမှာ တွေ့ရတတ်ပါတယ်။


          ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပိုးမွှားတွေရဲ့ရန်ကို ကာကွယ်တိုက်ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းဟာ ဥမှာပါတဲ့ ပရိုတင်းကို အန္တရာယ်ပေးမယ့် ပစ္စည်းအမှတ်နဲ့ တိုက်ထုတ်ပေးပါတယ်။ ဓာတ်မတည့်မှု ဖြစ်ပွားတဲ့ ကလေးတွေဟာ အကာမှာရှိတဲ့ ပရိုတင်းတွေနဲ့ ဓာတ်မတည့်မှု ဖြစ်ပွားသလို ဥအနှစ်မှာရှိတဲ့ ပရိုတင်းတွေနဲ့လည်း ဓာတ်မတည့်မှု ဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းဟာ ကောင်းစွာမဖွံ့ဖြိုး မတိုးတက်သေးတာကြောင့် ဖြစ်ရသလို ဥထဲမှာပါတဲ့ ပရိုတင်းတွေကို ကောင်းစွာမချေဖျက်နိုင်သေးတာနဲ့လည်း ဆက်စပ်နေပါတယ်။ ကလေးတွေဟာ ကြက်ဥသို့မဟုတ် ဥပါတာတွေကို စားသောက်ပြီးတဲ့နောက်ပိုင်းမှာ ဖျားနာခြင်း၊ အနီစက်များထွက်ပေါ်ခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလို ဓာတ်မတည့်မှုတွေဟာ အစာစားပြီး မိနစ်အနည်းငယ်အတွင်းမှာ ခပ်မြန်မြန်ဖြစ်ပေါ်တတ်သလိုစားပြီးလို့ နာရီအနည်းငယ်ကြာတဲ့ အခါမျိုးမှာ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီဓာတ်မတည့်မှုတွေဟာ နှစ်နာရီကနေ လေးနာရီလောက်အထိ ကြာတတ်ပြီး ချက်ချင်းကုသမှု မခံယူဘူးဆိုရင် အနည်းဆုံး တစ်ရက်လောက်အထိ ကြာတတ်ပါတယ်။ အဲဒီလို ဓာတ်မတည့်မှုတွေ ဖြစ်တဲ့အခါမှာ အရေပြားပေါ်မှာ အင်ပျဉ်တွေ၊ နှင်းခူတွေထွက်တာ၊ အရေပြားတွေပူနွေးလာတာ၊ ဖောင်းလာတာတွေကို ကြုံတွေ့လာရပါတယ်။ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ပါးစပ်တွေယားယံခြင်းတို့အပြင် နာရည်ယိုခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချွဲသံခတ်နေခြင်းတို့လိုမျိုး အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တာတွေကိုပါ ခံစားရတတ်ပါတယ်။ တချို့ပြင်းထန်တဲ့ ဓာတ်ပြုမှုမျိုးဆိုရင်တော့ အသက်အန္တရာယ် ဖြစ်စေလောက်တဲ့အထိ နှလုံးခုန်သံမြန်လာတာ၊ သွေးပေါင်ကျတာ၊ နှလုံးနဲ့ ပတ်သက်တဲ့ တခြားဝေဒနာတွေအပြင် သွေးလန့်ခြင်း Anaphylaxis ကိုတောင်မှ ခံစားရတတ်ပါတယ်။


ဘယ်လိုသိနိုင်မလဲ . . .

          ဥတွေနဲ့ ဓာတ်မတည့်မှုဟာ မွေးကင်းစအရွယ်တည်းက အစပြုတတ်ပေမယ့် ဓာတ်မတည့်ဘူးဆိုတဲ့ လက္ခဏာကို ကျွန်မတို့ တစ်တွေဟာ ကြိုကြိုတင်တင် သိနိုင်မှာ မဟုတ်ပါဘူး။ အစားအစာတစ်မျိုးကို ပထမဦးဆုံးအကြိမ် ကျွေးပြီးတဲ့ အခါမှာသာ ဓာတ်မတည့်မှုကို သတိထားမိတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို အစားအစာအသစ်တွေ ကျွေးပြီဆိုရင် အများကြီး မကျွေးသင့်ပါဘူး။ အစာတစ်မျိုးတည်းကို နည်းနည်းစီကျွေးပြီး ဒါကို ကျွေးလိုက်တဲ့အချိန်ကလေးမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို စောင့်ကြည့်ရပါတယ်။


ဘယ်လိုကုသကြမလဲ . . .

          ဥတွေနဲ့ ဓာတ်မတည့်ခြင်းကို ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သူတို့ပါတဲ့အစားအစာတွေကို ရှောင်ဖို့ပါ။ မိဘတွေအနေနဲ့လည်း ကလေးတွေ ဒီလိုမျိုး အစားအသောက်တွေကို မကျွေးမိအောင် သတိထားရပါတယ်။ ဓာတ်မတည့်မှုရှိတဲ့ ကလေးတွေဟာ အချိန်အတော်ကြာ ဥတွေကို မစားမသောက်ဘဲ နေတတ်သလို သူတို့စားမယ့်အထဲမှာ ဥတွေ၊ ဥနဲ့ပြုလုပ်ထားတဲ့ အစားသောက်တွေပါသလားဆိုတာကို ကောင်းကောင်းခွဲခြားတတ်ပါတယ်။ ကာကွယ်ခြင်းဟာ ဓာတ်မတည့်မှုအတွက် အကောင်းဆုံးကုသမှုဖြစ်ပြီး ဓာတ်မတည့်မှုဖြစ်လာရင် ဘယ်လိုမျိုးပြုလုပ်ရမယ်၊ ဘာတွေကိုရှောင်ရမယ်ဆိုတာ ကလေးတွေကို ကြိုပြီး သင်ကြားပေးထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ကံကောင်းတဲ့အချက်ကတော့ အသက်ငါးနှစ် ပြည့်ပြီးသွားရင်တော့ ဓာတ်မတည့်မှုတွေဟာ အလိုလို ပျောက်ကွယ်သွားပြီး ဥတွေကို စားတဲ့အခါမှာလည်း ထူးထူးခြားခြားပြဿနာတွေ မရှိတော့ပါဘူး။


ငယ်စဉ်က ဓာတ်မတည့်မှုတွေ ဖြစ်တတ်တဲ့ ကလေးတွေ အရွယ်ရောက်လာလို့ ဥတွေကို ပြန်ကျွေးတော့မယ်ဆိုရင် ပမာဏအနည်းငယ်ပဲပါတဲ့ အစားအစာတွေကနေပြန်စသင့်ပါတယ်။ ပြီးမှ တဖြည်းဖြည်းချင်း တိုးကျွေးသင့်ပါတယ်။ ဥအနှစ်ကို ကျွေးလို့ လက်ခံပြီဆိုမှ ဥအကာတွေကို ကျွေးသင့်ပါတယ်။ ကလေးတွေကို အသီးအနှံတွေကို နှစ်သက်လာအောင် ပုံစံအမျိုးမျိုးနဲ့ သူတို့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပေမယ့် ကြက်ဥ ဒါမှမဟုတ် ကြက်ဥနဲ့ပြုလုပ်ထားတဲ့ အစားတွေကို ခါးခါးသီးသီး ငြင်းဆန်လာတဲ့အခါမှာ အတင်းမကျွေးသင့်ဘူးဆိုတာကိုတော့ မိဘတိုင်း သတိထားရပါလိမ့်မယ်။

Credit : နှင်းနုလွင် (ဆေးဝါး) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18