Print

ကလေးများဦးနှောက်ဖွံ့ဖြိုးမှုနှင့် DHA

  03-May-2019
Preview Image

ကလေးအားဆေးတွေမှာ အဓိကပါလေ့ရှိတဲ့ DHA ဟာ ဦးနှောက်အတွက် အခြေခံလိုအပ်ချက်တစ်ခုပါ။ DHA ရဲ့ အရှည်ကတော့ Docosahexaenoic Acid ဖြစ်ပါတယ်။ Omega -3 Fatty Acid တစ်မျိုးတည်းဖြစ်ပြီး ဦးနှောက်ရဲ့ အစောပိုင်း ဖွံ့ဖြိုးမှုတွေနဲ့ အမြင်အာရုံဖွံ့ဖြိုးမှုတွေအတွက် ကနဦးလိုအပ်တဲ့ အဆီဓာတ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဦးနှောက်ရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ DHA တွေ ပါဝင်တဲ့ အဆီအစုအဝေးတစ်ခုပါ။ ဒါကလည်းပဲ မွေးကင်းစကလေးတွေရဲ့ ဦးနှောက်ကျန်းမာရေးအတွက် အများကြီးအကျိုးသက်ရောက်မှုရှိစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။


 DHA ဟာ ဦးနှောက်ရဲ့ အစောပိုင်းဖွံ့ဖြိုးမှုတွေအတွက် အလွန်အရေးကြီးပါတယ်။ ကလေးမမွေးဖွားခင် ၃ လကနေ မွေးဖွားတဲ့အချိန်အတွင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးနဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ DHA ချို့တဲ့ခဲ့မယ်ဆိုရင် ဉာဏ်ရည်ကောင်းကောင်းမဖွံ့ဖြိုးတာ၊ အမူအကျင့်နှင့် သင်ကြားမှုစွမ်းရည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံးမှာ DHA ပြည့်ဝနေအောင် စားသောက်ပြီး မိမိတို့ရဲ့ သန္ဓေသားကို ကောင်းကောင်းဖွံ့ဖြိုးစေသင့်ပါတယ်။


 ကိုယ်ဝန်ဆောင်ချိန်မှာ DHA ကို ဖြည့်စွက်ပေးဖို့လည်း လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ DHA ဓာတ် ချို့တဲ့နေလေ့ရှိလို့ပါ။ ဒါကြောင့် DHA ကြွယ်ဝတဲ့ အစားအစာတွေကို နို့တိုက်နေတဲ့ကာလတစ်လျှောက်လုံး စားသုံးသင့်ပါတယ်။ ဒါမှ မိခင်နို့ရည်ထဲမှာ DHA အလုံအလောက်ပါနိုင်မှာဖြစ်ပြီး ကလေးဆီကို ဒီအာဟာရတွေရောက်မှာ ဖြစ်ပါတယ်။ DHA ချို့တဲ့ခြင်းကြောင့် ကလေးမွေးဖွားပြီးနောက် စိတ်ကျရောဂါဖြစ်ခြင်းကိုလည်း ပိုဆိုးစေပါတယ်။


 ကိုယ်ဝန်ဆောင်စဉ် ချို့တဲ့တာမျိုးမဟုတ်ဘဲ အရွယ်ရောက်တဲ့ တခြားသူတွေမှာလည်း DHA ချို့တဲ့တာမျိုး ရှိနိုင်ပါတယ်။ ပင်လယ်စာ အစားနည်းသူများ၊ အရက်နှင့် ဆေးလိပ်သောက်သူတွေ ပိုချို့တဲ့တာမျိုး ရှိနိုင်ပါတယ်။ DHA ပမာဏ တအားနည်းသွားပြီဆိုရင် စိတ်ဓာတ်ကျခြင်း၊ သူငယ်ပြန်ခြင်း၊ သတိမေ့တတ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။


 DHA ပမာဏမြင့်တက်စေဖို့ဆိုရင် ပင်လယ်စာစားသုံးပေးခြင်း၊ ငါးများများစားခြင်း (သို့မဟုတ်) DHA ဖြည့်စွက်အားဆေးသောက်သုံးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးလို့ရပါတယ်။ 


 DHA ကို ဆယ်လ်မန်ငါး၊ Mackerel ငါး၊ Halibut ငါး၊ Sole ငါး၊ Trout ငါးနဲ့ Cod ငါး စတဲ့ Omega-3 Fatty Acid ကြွယ်ဝတဲ့ ငါးတွေကနေ အများအပြားရရှိနိုင်ပါတယ်။ ဒါတွေပါတဲ့ ဖြည့်စွက်အားဆေး သောက်သုံးရပါမယ်။


 ဒီမရှိမဖြစ် အဆီအက်ဆစ်ဓာတ်တွေထဲမှာ ကျန်းမာရေးအတွက် အထောက်အကူပြု Omega-3 Fatty Acid (ငါးအဆီနှင့် နှမ်းကြတ်စေ့မှရ) နဲ့ Omega -6 (Evening  Primose Oil)၊ Black currant စေ့အဆီနဲ့ Borage အဆီ) တို့ ပါဝင်ပါတယ်။


 ဒီ Essential Fatty Acid တွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေရဲ့ ကြံ့ခိုင်မှုကို အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် ဒီ EFAs တွေကို လိုအပ်တဲ့ ပမာဏ မစားမိဘူးဆိုရင် EFAs ချို့တဲ့ရင်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ ဆံသားခြောက်ခြင်း၊ အရေပြားခြောက်သွေ့ကွဲအက်ခြင်းနဲ့ တခြားအရေပြားပြဿနာတွေ ဖြစ်လာမှာပါ။ ဒီထက်ဆိုးရင်တော့ ပိုပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


 Omega -3 နဲ့ Omega-6 Essential Acid တွေဟာ ခန္ဓာကိုယ်ထဲရောက်ရင် Enzymes တွေရဲ့ ခြေဖျက်မှုကြောင့် Prostaglandin 3 နဲ့ Prostaglandin အဖြစ် အသီးသီးပြောင်းလဲသွားပါတယ်။ ဒီ Prostaglandin တွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်နိုင်အောင် ကူညီတဲ့ ဟော်မုန်းကဲ့သို့ လုပ်ဆောင်ပေးပါတယ်။


 ဒါကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖုဖြစ်ခြင်းတွေကို သက်သာစေဖို့ အလွန်အရေးပါတဲ့ အဆီဓာတ်ဖြစ်ပါတယ်။ ပြီးတော့ သွေးဖိအား၊ သွေးတိတ်စေခြင်း၊ သွေးခဲစေခြင်း၊ နှလုံးလုပ်ဆောင်ချက်၊ ဓာတ်မတည့်စေသော အရာများကို ခုခံတုံ့ပြန်နိုင်စွမ်း၊ အာရုံကြောလုပ်ဆောင်ချက်၊ ဟော်မုန်းထုတ်လုပ်မှု၊ အစာအိမ်နဲ့ အစာခြေရည် ထုတ်လုပ်နိုင်မှု၊ ကျောက်ကပ်လုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့နဲ့ အရည်ဓာတ်မျှတစေဖို့အတွက်လည်း အထောက်အကူပြုပါသေးတယ်။ ဒါကြောင့် ဒီကောင်းတဲ့အဆီဓာတ်တွေကို လုံလုံလောက်လောက် မစားနိုင်ဘူးဆိုရင် EFAs ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးဖို့ လိုပါတယ်။


Credit: ဒေါက်တာခင်မိုးမိုးအောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18