Print

ဝမ်းချုပ်နေတဲ့ ရင်သွေးငယ်လေး သက်သာစေဖို့

  30-Apr-2019
Preview Image

          တစ်နှစ်အောက် ကလေးငယ်လေးတွေ ဝမ်းပုံမှန်မသွားရင် ဖေဖေမေမေတို့ စိုးရိမ်နေတတ်ကြပါတယ်။ အထူးသဖြင့် ဖြည့်စွက်စာ စစားတဲ့အချိန်မှာ ကလေးငယ်လေးတွေ ဝမ်းချုပ်တတ်ကြပါတယ်။ အစားအသောက်အပြောင်းအလဲကြောင့် ဝမ်းချုပ်တာမျိုးရှိတတ်ပြီး တစ်ခါတစ်လေမှာ ရက်အနည်းငယ်ကနေ တစ်ပတ်အထိ ဝမ်းမသွားတာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလို ခဏခဏဖြစ်လာပြီဆိုရင်တော့ ကလေးငယ်ဟာ အကူအညီနည်းနည်း လိုအပ်လာပါပြီ။


ကလေးငယ်တွေမှာ တစ်ပတ်ထပ် ပိုပြီး ဝမ်းမသွားတော့ရင်၊ အစားအသောက်ပျက်လာရင်၊ ဝမ်းသွားတဲ့အခါမှာ ဝမ်းမာမာအခဲလေးတွေ သွားလာရင်၊ ဝမ်းသွားတဲ့အခါ ကလေးငယ်က ညှစ်ပြီး ကော့နေရင်၊ ငိုနေရင် ဒါကို ဝမ်းချုပ်တယ်လို့ ဆိုနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ ဒီအခါမှာ ကလေးအထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ထောက်ခံထားတဲ့ သဘာဝအိမ်တွင်းနည်းလမ်းလေးတွေနဲ့ ကုသဖြေရှင်းပေးနိုင်ပါတယ်။


၁။ လေ့ကျင့်ခန်း

          ကလေးငယ်ရဲ့ အူလမ်းကြောင်းလှုပ်ရှားမှုကို လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကူညီပေးနိုင်ပါတယ်။ လမ်းမလျှောက်နိုင်သေးတဲ့ ကလေးငယ်ဖြစ်မယ်ဆိုရင်တော့ မိခင်ဖခင် ဒါမှမဟုတ် ကလေးထိန်းကိုယ်တိုင်က လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးရပါမယ်။ ကလေးငယ်ကို ပက်လက်ထားပြီး ကလေးရဲ့ခြေထောက်တွေကို လေပေါ်မှာ မြှောက်ထားပါ။ ပြီးရင် လေထဲမှာ စက်ဘီးစီးနေသလို ကလေးရဲ့ခြေထောက်ကို စက်ဝိုင်းပုံစံလေး လှုပ်ရှားပေးတာက အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာ သက်သာစေနိုင်ပါတယ်။


၂။ သစ်သီးဖျော်ရည်

          ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာဆိုရင် ကလေးငယ်ကို သစ်သီးဖျော်ရည်လေး တိုက်ပေးနိုင်ပါတယ်။ အထူးသဖြင့် Prune juice လို့ခေါ်တဲ့ ဇီးခြောက်သီးဖျော်ရည် ဒါမှမဟုတ် သစ်တော်သီးဖျော်ရည်၊ ပန်းသီးဖျော်ရည်လေးတွေဟာ အမျှင်ဓါတ်ပါဝင်တဲ့အတွက် ကလေးငယ်ကို ဝမ်းမှန်စေပါတယ်။ ကလေးငယ်ဟာ သဘာဝသစ်သီးဖျော်ရည်သောက်နိုင်တဲ့အရွယ်ရောက်လာပြီဆိုရင်တော့ ဒီလိုဖျော်ရည်လေးတွေ တစ်ခါတစ်လေတိုက်ပေးတာက ဝမ်းမှန်စေပါလိမ့်မယ်။ ဖျော်ရည်တိုက်တဲ့အခါ တစ်နေ့ကို ၂ အောင်စကနေ ၄ အောင်စလောက် တိုက်ပေးနိုင်ပါတယ်။


၃။ အစားအသောက်ပြောင်းလဲပါ။

          ဖြည့်စွက်စာစားတဲ့အချိန်မှာ ကျွေးတဲ့အစားအစာက အမျှင်ဓါတ်နည်းနေရင်လည်း ဝမ်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျွေးတဲ့အစားအစာမှာ ပန်းဂေါ်ဖီစိမ်း Broccoli၊ ဟင်းသီးဟင်းရွက်လေးတွေအပြင် အခွံခွာထားတဲ့ ပန်းသီးစိပ်၊ သစ်တော်သီးစိပ်၊ ဇီးသီးစိပ် စတဲ့ သစ်သီးလေးတွေ ကျွေးလို့ရပါတယ်။ ဖော်မြူလာဖြည့်စွက်အစားအစာကျွေးလို့ ဝမ်းချုပ်နေတဲ့အခါ ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ကျွေးရမယ့်အစားအစာကို ပြောင်းလဲသင့်ပါတယ်။


၄။ နှိပ်နယ်ပေးပါ။

          ကလေးငယ်ရဲ့ဝမ်းဗိုက်ကို နှိပ်ပေးတာကလည်း ဝမ်းချုပ်တာ သက်သာစေနိုင်ပါတယ်။ မိခင်က လက်ကို သန့်ရှင်းအောင် ဆေးကြောထားပြီး သံလွင်ဆီ၊ ဒါမှမဟုတ် ကလေးပေါင်ဒါလေးစွပ်ပြီး ကလေးရဲ့ဝမ်းဗိုက်ကို နာရီလက်တံအတိုင်း စက်ဝိုင်းသဏ္ဍာန် နှိပ်နယ်ပေးပါ။ ကလေးရဲ့ ချက်တဝိုက်ကိုလည်း နာရီလက်တံအတိုင်း လက်ချောင်းလေးတွေနဲ့ ဖွဖွလေး နှိပ်နယ်ပေးနိုင်ပါတယ်။ ကလေးရဲ့ ခြေထောက်နဲ့ဒူးကို ကိုင်ပြီး ပက်လက်အနေအထားနဲ့ ထိုင်ထလုပ်နေသလိုမျိုးလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။


၅။ ဝမ်းချူဘောလုံး

          အထက်က လေ့ကျင့်ခန်းနည်းလမ်းတွေ၊ အစားအသောက်ပြောင်းလဲတာတွေနဲ့ မသက်သာရင်တော့ ဝမ်းချူဘောလုံးကို စဉ်းစားနိုင်ပါတယ်။ ဝမ်းချူဘောလုံးမှာ ဂလစ်စရင်း ပါဝင်တဲ့ Glycerine Suppository ကိုပဲ သုံးသင့်ပါတယ်။ ခဏခဏ မသုံးသင့်ပါဘူး။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေမှာပါ။ ကလေးအထူးကုဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်ချက်မပါဘဲ မသုံးသင့်ပါဘူး။ လူကြီးမှာသုံးတဲ့ ဝမ်းချူဆေးတွေ၊ ဝမ်းနှုတ်ဆေးတွေကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

          ကလေးငယ်ဟာ တစ်ခါတစ်လေမှာ ဝမ်းခဏတာချုပ်နိုင်ပြီး ဝမ်းပြန်မှန်သွားနိုင်ပါတယ်။ ဒါဟာ သဘာဝဖြစ်တာကြောင့် ဝမ်းမသွားဘဲနေနေတာကို စိုးရိမ်စရာမလိုတတ်ပါဘူး။ ဒါပေမယ့် အောက်ဖော်ပြပါ အခြေအနေတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

·         ဝမ်းသွားတဲ့အခါ သွေးစလေးတွေ ပါလာရင်

·         ကလေးက အရမ်းကို ဂနာမငြိမ်ဖြစ်နေရင်

·         အထက်က အိမ်တွင်းနည်းလမ်းတွေကို လုပ်ဆောင်ပြီးတာတောင်မှ ဝမ်းမသွားရင်

·         ကလေးငယ် ဝမ်းဗိုက်က ဖောင်းတင်းလာပြီး ဖျားနာလာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသ စမ်းသပ်သင့်ပါတယ်။


ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18