Print

နှစ်နှစ်အထက်ကလေးတွေကို ကျန်းမာရေးကောင်းအောင် ဘယ်လိုကျွေးမွေးမလဲ

  28-Apr-2019
Preview Image

ကလေးငယ်တစ်ယောက်ရဲ့ အာဟာရဟာ သူရဲ့ အနာဂတ်ပေါ်မှာ အများကြီးအကျိုးသက်ရောက်မှု ရှိနေပါတယ်။ ဒါ့ကြောင့် စနစ်တကျ ပြင်ဆင်ပေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး ကလေးငယ်တွေဟာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် လူကောင်သေးပြီး ညှက်နေကြပါတယ်။ ဥပမာ ဂျပန်လူမျိုးတွေဟာ တစ်ချိန်က အရပ်ပုပြီးလူကောင်သေးကြပေမယ့် ယနေ့အချိန်မှာ အရပ်ရှည်ပြီး လူကောင်ကြီးလာတာဟာ အာဟာရပြည့်ဝစွာ စားတတ်ကြလာလို့ပါ။


ကျွန်တော်တို့ မြန်မာလူမျိုးကလေးငယ်တွေကိုလည်း ငယ်ငယ်ကတည်းက အစာအုပ်စု စုံလင်အောင် စားတတ်အောင် လေ့ကျင့်ပေးထားမှသာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို အနာဂတ်မှာ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

မိဘနှင့် အုပ်ထိန်းသူများ မိမိကလေးငယ်များကို စနစ်တကျကျွေးမွေးတတ်စေရန် နှစ်နှစ်မှ ငါးနှစ် အရွယ်ကလေးများ စားသောက်ဖို့အတွက် တစ်ရက်စာလိုအပ်တဲ့ ပမာဏကို အကြမ်းဖျင်းရေးပေးထားပါတယ်။

လုပ်ရလွယ်ကူအောင် အချိန်အတွယ်ပါ ဥပမာပြထားပါတယ်။


၂နှစ် အထက် မှ ၃ နှစ် အောက်အထိ

(၁) သစ်သီး - ပန်းကန်လုံး ၁ လုံး

(၂) ဟင်းရွက် - ပန်းကန်လုံး ၁ လုံး

(၃) ထမင်း၊ ပေါင်မုန့် - ၃ အောင်စ

(၄) အသား၊ ဥ နှင့် ပဲအမျိုးမျိုး - ၂ အောင်စ

(၅) နို့နှင့် နို့ထွက် ပစ္စည်း - ၂ ခွက်

၃ နှစ် အထက်မှ ၄ နှစ်အောက်အထိ

(၁) သစ်သီး - ပန်းကန်လုံးတစ်လုံးခွဲ

(၂) ဟင်းရွက် - ပန်းကန်လုံး ၂ လုံး

(၃) ထမင်း၊ ပေါင်မုန့် - ၄-၅ အောင်စ

(၄) အသား၊ ဥ နှင့် ပဲအမျိုးမျိုး - ၃-၄ အောင်စ

(၅) နို့နှင့် နို့ထွက်ပစ္စည်း - ၂ ခွက်ခွဲ


ရည်ညွန်းပမာဏများ

(၁) သစ်သီး - ပန်းကန်လုံးတစ်လုံးသည် ပန်းသီးတစ်လုံး (သို့) ငှက်ပျောသီးတစ်လုံး (သို့) စတော်ဘယ်ရီ ရှစ်လုံး (သို့) readymade မဟုတ်သော သစ်သီးဖျော်ရည်တစ်ခွက်နှင့် ညီမျှပါသည်။

(၂) ဟင်းရွက် - ပန်းကန်လုံး တစ်လုံးသည် ကြော်ချက်ပြီး ဟင်းရွက်ကြော် ခြောက်ဇွန်းစာ (သို့) ပြောင်းဖူးအသေးတစ်ဖူး (သို့) မုန်လာဥဖျော်ရည်တစ်ခွက် (သို့) ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်နှင့် ညီမျှပါသည်။

(၃) ထမင်း၊ ပေါင်မုန့် - တစ်အောင်စသည် ထမင်းပန်းကန်လုံးတစ်ဝက် (သို့) ပေါင်မုန့် တစ်ချပ်နှင့် ညီမျှပါသည်။

(၄) အသား၊ ဥ ၊ နှင့် ပဲအမျိုးမျိုး - တစ်အောင်စသည် ကြက်သား ၂လက်မအရွယ် တစ်တုံး(သို့) ကြက်ဥတစ်လုံး (သို့) ပဲဟင်းချို ပန်းကန်လုံးတစ်ဝက် (သို့) မြေပဲထောပတ် တစ်ဇွန်းနှင့် ညီမျှပါသည်။

(၅) နို့နှင့် နို့ထွက်ပစ္စည်း - တစ်ခွက်သည် နို့ 125 ml (ခွက်သေး) တစ်ခွက် (သို့) ဒိန်ချဉ်ခွက်သေးတစ်ခွက်နှင့် ညီမျှပါသည်။


Credit : ဒေါက်တာ ညီညီကျော်



Related Articles


Advertisment 18