Print

မွေးရာပါ နှလုံးရောဂါရှိသော ကလေးများ၏ ကျန်းမာရေး

  03-Feb-2019
Preview Image

မွေးရာပါ နှလုံးရောဂါရှိသော ကလေးများမှာ ကျန်းမာသန်းစွမ်းပြီး ဖွံဖြိုးမှု ပုံမှန်ရှိတဲ့ ကလေးရှိသလို အမြဲဂရုစိုက်ပြီး ပြုစုပေးရမယ့်ကလေးတွေလည်း ရှိပါတယ်။ မွေးကင်းစဘဝတည်း မွေးရာပါနှလုံးပြဿနာပါနေရာက ကြီးတော့မှ ပျောက်သွားတဲ့ကလေးရှိသလို၊ မွေးစမှ ကျန်းမာနေပြီး ကိုးလ၊ ၁၀ လသားအရွယ်မှာ မောနေတာ သတိထားမိတာလည်း ဖြစ်နိုင်ပါတယ်။ ပြာနှမ်းသွားလို့ ချက်ချင်းဆေးရုံတင် ကုသရတဲ့ကလေးလည်း ရှိနိုင်ပါတယ်။


          ကလေးတွေရဲ့ အသက်အရွယ်အလိုက် မွေးရာပါ နှလုံးရောဂါလက္ခဏာတွေဟာ ကွာခြားနိုင်ပါတယ်။ မွေးကင်းစအရွယ်ကလေးငယ်မှာ ပြာနှမ်းပြီး မောနေရင် အရေးကြီးပါတယ်။ ကလေးအထူးကုဆရာဝန်များက အဆုတ်မကောင်းတာလား၊ နှလုံးမကောင်းတာလား စမ်းသပ်ပြီး ခွဲခြားနိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တာ၊ အီးဂျီစီစက်နဲ့ စမ်းတာ၊ နှလုံးပုံရိပ်ဖော်စက်နဲ့ စမ်းတာတွေ လုပ်ရပါမယ်။ နှလုံးအခန်းတွေမလုံတာ၊ သွေးကြောတွေ နေရာလွဲတာ၊ နှလုံးနဲ့ သွေးကြောလမ်းကြောင်းတစ်လျှောက် ကျဉ်းနေတာ၊ ပိတ်ဆို့နေတာ၊ အပေါက်အပို၊ သွေးကြောအပိုတွေ ရှိနေတာ စသည်ဖြင့် တိတိကျကျ အဖြေထုတ်ပေးနိုင်ပါတယ်။ မွေးကင်းစ ရှိနေတဲ့အနေအထားကို မှတ်တမ်းထားဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှသာ ရေရှည်နှလုံးပေါ်မှာ ဒဏ်ရှိမရှိ နှလုံးအခန်းတွေ ယိုယွင်းထိခိုက်မှုများ မများ၊ ကုသပေးသူမျာက တွက်ဆလို့ရမှာ ဖြစ်ပါတယ်။


          မိဘတွေဘက်က ဂရုစိုက်ပြီးစောင့်ကြည့်ရမှာကတော့ ကလေးငယ်ဟာမောနေသလား၊ မမောဘူးလားဆိုတဲ့အချက်ပါပဲ။ အသက်ရှူမြန်တယ်။ နို့မိစို့နိုင်တော့ဘူး၊ ပျော့ခွေနေတယ်ဆိုရင် မိဘတော်တော်များများက သတိထားမိပါတယ်။ ဒါပေ့မယ့် နည်းနည်းလေးစပြီး မောနေတာကို မိဘတွေက မသိကြတာလည်းဖြစ်နိုင်ပါတယ်။ မွေးကင်းစတွေဟာ ကျန်းမာနေရင် နို့စို့တာ အခက်အခဲမရှိပါဘူး။ နှလုံးက မကောင်းလို့ နို့စို့ချိန်မှာ စိုက်ထုတ်ရတဲ့အားကို မစိုက်ထုတ်နိုင်ရင် ကလေးငယ်ဟာ မောလာမှာဖြစ်ပါတယ်။ မောချင်နေတဲ့ ကလေးဟာ မိခင်ကိုဖြစ်ဖြစ်၊ နို့ဘူးကိုဖြစ်ဖြစ် ဆွဲစုပ်တဲ့အချိန်မှာ မရပ်မနား စို့နိုင်စွမ်းမရှိလို့ မကြာခဏ နားနေရမှာ ဖြစ်ပါတယ်။ ၁၀ မိနစ်လောက်ဆက်တိုက် နို့စို့ပြီးမှ နှစ်နာရီအားရ ပါးရအိပ်တဲ့ကလေး မျိုးမဟုတ်ဘဲ အိပ်ချိန်လည်း မမှန်၊ နို့စို့တာလည်းကြာပီး မောနေသလို ဖြစ်တယ်လို့ သံသယရှိတဲအခါ မိဘတွေက ကလေးတွေကို ဆရာဝန်တွေဆီ ခေါ်လာပြီးပြကြတာဖြစ်ပါတယ်။ ကလေးတွေ မကြာခဏ ပြုစုနေကျဖြစ်တဲ့ အတွေ့အကြုံရှိသူများကတော့ ကလေးဟာ နို့စို့ချိန်မှာ ချွေးတွေသိပ်ထွက်နေရင် မကောင်းဆိုတာ သတိပြုမိပြီး လာပြကြတာလည်း ဖြစ်နိုင်ပါတယ်။


          တချို့မွေးကင်းစတွေကတော့ ငိုနေရင်းနဲ့ မည်းပြာပြာဖြစ်သွားတာ၊ နှုတ်ခမ်းတစ်ဝိုက်ပြာနှမ်းသွားတာ၊ မျက်ဝန်းနဲ့ မျက်နှာပေါ်မှာ ပန်းရောင်သွေးလျော့ပြီးပြာချင်သလိုဖြစ်လာတာ စသည်ဖြင့် သတိထားမိတာလည်း ရှိနိုင်ပါတယ်။ ပြာချင်တယ်၊ မောသလိုပဲ၊ နို့မစို့နိုင်ဘူး၊ ဒါမှမဟုတ် မသေချာဘူစိုတဲ့ ကလေးတွေကို ကျွန်မတို့ မွေးကင်းစရဲ့အပြုအမှု၊ အဆုတ်လေဝင်လေထွက်၊ နှလုံးရဲ့ အလုပ်လုပ်ပုံတွေကို စမ်းသပ်ပြီး ရောဂါအတိမ်အနက်ကို ဖော်ထုတ်ပါတယ်။ ခေတ်မီစက်ကရိယာတွေ သုံးပြီး အထူးကြပ်မတ်ကုသခန်းမှာ ထားရပါတယ်။ ပြီးမှ ရောဂါအနေအထားကို ပုံဖော်ထုတ်အဖြေရှာပေးတာကို ဆောင်ရွက်ပေးပါတယ်။


          တချို့ မွေးကင်းစတွေမှာတော့ မောလဲမမော၊ ပြာနှမ်းသွားတာလည်း မရှိဘဲ နို့ကို သေချာစို့နိုင်ပါတယ်။ ဒါပေမယ့် စမ်းသပ်ချိန်မှာ နှလုံးခုန်သံမှာ အပိုအဆံတွေ ရှိနေလို့ အပေါက်ပိုများပါနေသလားလို့ သံသယရှိပြီး ကုသပေးရတာလည်း ရှိပါတယ်။ အပေါက်ပိုတစ်ခုဟာ အချိန်တန်တော့ ပြန်ပိတ်သွားတာလည်း ရှိနိုင်ပါတယ်။ အပေါက်ပိုတစ်ခုဟာ အချိန်တန်တော့ ပြန်ပိတ်သွားတာလည်း ရှိနိုင်ပါတယ်။ ပိတ်သွားနိုင်ခြေ ရှိ၊ မရှိဆိုတာကို ဆုံးဖြတ်ပေးရမှာ အဲ့ဒီအပေါက်ရှိနေတဲ့နေရာ၊ အကျယ်အဝန်းနဲ့ သွေးဖိအား၊ သွေးစီးဆင်းမှုတွေကို တွက်ဆပြီး ကလေးနှလုံးကုသမှု ကျွမ်းကျင်သူများက ဆုံးဖြတ်ပေးကြတာဖြစ်ပါတယ်။ ကျွန်မတို့လက်တွေ့ ကုသစောင့်ကြည့်ရာမှာတော့ အပေါက်ပိုပါသော်လည်း နှလုံးတွင် ဒဏ်မပိတဲ့ ကလေး၊ ဖွံ့ဖြိုးမှု ပုံမှန်ရှိပြီး ချောင်းဆိုးချွဲကျပ်ခြင်းကင်းတဲ့ ကလေးတွေဟာ အပေါက်ပိုတွေ ပြန်ပိတ်သွားတဲ့ ရာခိုင်နှုန်းပိုများတာ တွေ့ရပါတယ်။ ဒါကြောင့် မွေးကင်းစ၊ မွေးရာပါ နှလုံးရောဂါတွေဟာ မျိုးကွဲများစွာ ရှိသလို၊ ဖြစ်နိုင်ခြေကလည်း ကွဲပြားတက်တာကြောင့်၊ စနစ်တကျ စမ်းသပ်စစ်ဆေးထားဖို့လိုမှာ ဖြစ်ပါတယ်။


          နှလုံးအပေါက်ပိုတွေ ကြီးလွန်းလို့ နှလုံးကို ဒဏ်ပိတဲ့ကလေးငယ်မှာတော့ နှစ်လသားအရွယ်လောက်မှာ စပြီး ပိုမောလာတက်ပါတယ်။ နို့စို့တဲ့အခါမှာ မောနေတာကို အသက်ရှူမြန်တာ၊ နှလုံးခုန်မြန်လွန်းတာ၊ ချွေးတွေ စို့နေတာ၊ မကြာခဏနားနားပြီးမှ နို့စို့နိုင်တာစသည်ဖြင့် သတိပြုမိနိုင်ပါတယ်။ ကလေးဟာ ပတ်ဝန်းကျင်မှာ နှာစေးချောင်းဆိုးတဲ့သူ ရှိတာနဲ့ ကူးစက်ခံရမှာ ဖြစ်ပါတယ်။ အအေးမိ နှာစေးချောင်းဆိုးရုံသာမက အဆုတ်အအေးမိ အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်လိုက်ရတာ၊ ဆေးထိုးကုသမှုရယူရတာ၊ အောက်စီဂျင်ပေးရတာ စသည်တို့ လိုလာမှာ ဖြစ်ပါတယ်။


          အဲ့ဒီလို ကုသခံခဲ့ရတဲ့ကလေးတွေကတော့ နှလုံးကို ရေရှည်ထိခိုက်မှုမရှိအောင် နှလုံးဒဏ် သက်သာစေသော သောက်ဆေးများနဲ့ ထိန်းထားပေးရမှာ ဖြစ်ပါတယ်။

          အဖျားအနာ ကင်းအောင်ပိုပြီး ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ ဒါ့အပြင် အစားအာဟာရကို ပုံမှန်ထက် ဂရုတစိုက် ဖြည့်တင်းကျွေးရပါတယ်။ ကလေးသဘာဝ မစားလိုတဲ့၊ နေထိုင်မကောင်းဖြစ်နေချိန်မှာလည်း အာဟာရတန်ဖိုးများတဲ့ အစာတွေကို ဂရုတစိုက်ကျွေးမွေးမှသာ ကလေးဟာ ပုံမှန်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ပုံမှန်နီးပါး ဖွံ့ဖြိုးနေတဲ့ ကလေးဟာ ခွဲစိတ်ကုသမှုခံရတဲ့ အခါ ပိုအဆင်ပြေတာတွေ့ရပါတယ်။ နှလုံးရောဂါရှိလို့ မထွားကျိုင်း၊ အဲဒါကြောင့် ခွဲလို့ကလည်း မဖြစ်နဲ့ သံသရာခည်ပြီး ကလေးတွေဟာ သေးငယ်စွာနဲ့ နှလုံးဒဏ်ပိနေတဲ့ ဒုက္ခက ကင်းဝေးဖို့ ဘာတွေ ဘယ်လိုကျွေးမွေးမလဲဆိုတာ စနစ်တကျ စီမံပေးထားရပါတယ်။


          နောက် မွေးရာပါနှလုံးရောဂါတစ်မျိုးမှာတော့ ကိုးလသားးအရွယ်လောက်မှာ တဖြည်းဖြည်း ပြာနှမ်းလာတာကို သတိပြုမိနိုင်ပါတယ်။ ငိုနေရာက ပြာလာတက်တဲ့ ကလေး၊ လှုပ်ရှားနေရာက ပြာနှမ်းပြီး ငြိမ်ကျသွားတဲ့ကလေး စသည်ဖြင့် သတိပြုမိနိုင်ပါသည်။ တစ်ချို့သော ကလေးတွေဟာ နည်းနည်းပြာပင် ပြာနေသော်လည်း လှုပ်လှုပ်ရှားရှားသွားနေနိုင်ပါသေတယ်။ သိသိသာသာ မည်းပြာတော့မှပဲ ငြိမ်ကျသွားတာမျိုး ရှိပါတယ်။ တစ်နှစ်ခွဲအရွယ်လောက်မှာတော့ ကလေးတွေဟာ ပြာပြီးမောလာရင်ထိုင်ချလိုက်တက်ပါတယ်။ ဆော့နေရာက ခဏနားလိုက်ပြီးမှ ပြန်ပြီးဆော့ကစားတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒီလို ဖြစ်နေတဲ့ ကလေးတိုင်းကို ကလေးအထူးကု ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ စမ်းသက်မှု စစ်ဆေးမှုလုပ်ပြီး နှလုံးရဲ့ အခြေအနေကို အကဲဖြတ်ပြီး ခွဲစိတ်ကုသရမယ့် အချိန်တွေကို စဉ်းစားဆုံးဖြတ်ရတာဖြစ်ပါတယ်။ သွေးကြောနဲ့ နှလုံးဖွဲ့စည်းပုံ မမှန်တဲ့ကလေးများအတွက် ခွဲစိတ်ကုသခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ခွဲစိတ်စရာမလိုတဲ့ ကလေးများအတွက်ကတော့  မကြာခဏ စစ်ဆေးပြီး သောက်ဆေးနဲ့ ထိန်းပြီး ကုသလို့လည်း ရနိုင်ပါတယ်။


ပါမောက္ခဒေါက်တာကေသီထွန်း

(ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18