Print

ကလေးနှင့် မျက်စိထိခိုက်ဒဏ်ရာ

  31-Jan-2019
Preview Image

ကလေးငယ်များ အများဆုံးရရှိတက်သည့် မျက်စိဒဏ်ရာမှာ မျက်စိအရှေ့ပိုင်းရှိ မျက်ကြည်လွှာကို ချွန်ထက်သော ပစ္စည်းများ ဖြစ်သည့် တုတ်၊ သစ်ကိုင်း၊ ခဲတံ၊ ဘောလ်ပင်၊ ထောက်စူး အစရှိသည်တို့နှင့် ထိုးမိ၍ မျက်ကြည်ပွန်းသော အခြေအနေ Corneal Abrasion ဖြစ်သည့် အခြေအနေဖြစ်ပါသည်။ စူပါဂလူး (Super Glue) ကော်ဝင်၍ ဆေးခန်းသို့ အပြေးအလွှား လာရောက်ကုသသော ကလေးငယ်ကိုလည်း တွေ့ရပါသည်။

ကလေးအရွယ်တွင် မျက်စိထိခိုက်ဒဏ်ရာရ၍ မျက်စိတွင်းသွေးယိုခြင်း Hyphema ဖြစ်သည့် အခြေအနေများကို မကြာခဏတွေ့ရတက်ပါသည်။ ထိုအခြေအနေပေါ်နေသော ကလေးကို ငါးရက်ခန့် ဆေးရုံတင်၍ ကြည်ရှုကုသပါက အကောင်းဆုံးဖြစ်ပါသည်။ ဆေးရုံတင်ထားသော ကလေးအနေနှင့် ပြေးလွှားဆော့ကစားခြင်းနည်းပါလျှင် သွေးယိုခြင်းသက်သာနိုင်ပါသည်။

မျက်စိတွင်းသွေးယိုသည့် အခြေအနေဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါသည်။ အာရုံလွှာကင်ဆာ၊ ဇင်သိုဂရင်နျူလိုးမား မျက်နက်ရောဂါ (Juvenile Xanthogranuloma)၊ သွေးဖြူဥရောဂါ Leukemia စသည်တို့ ဖြစ်တက်၍ သွေးစစ်ခြင်း၊ မျက်စိကို အသံလှိုင်းပုံဖော်နည်း၊ ကွန်ပျူတာသုံး ပုံဖော်နည်းများကိုသုံး၍ ရောဂါရှာဖွေခြင်းများ ပြုလုပ်ကြပါသည်။

မျက်စိသွေးယိုစေသော အကြောင်းတစ်ခုမှာ ကလေးငယ်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ယမ်းနှိပ်စက်ခြင်း Shaking Injury ဖြစ်သည်။ စိတ်ရောဂါရှိသော မိဘများကြောင့် မကြာခဏ ညှင်းပန်းခံရသော ကလေးများမှာ အတွင်းတိမ်ဖြစ်ခြင်း၊ အလင်းမှန်နေရာရွေ့သွား၍ ကောင်းစွာမမြင်ရခြင်းသာမက အာရုံလွှာ ကွာတက်ပါသေးသည်။ အာရုံခံတွင် သွေးယိုတက်ပါသည်။ ကလေးများ ကိုင်လှုပ်ခံရသောကြောင့် မျက်စိ၊ ဦးနှောက်ပိုင်းနှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အန္တရာယ်ရရှိနိုင်သည်။

နောက်ထပ်ကလေးများတွင် တွေ့ရတက်သည့် အခြေအနေတစ်ခုမှာ မတော်တဆ စင်မြင့်မှလိမ့်ကျသဖြင့် မျက်ခွံရိုးကျိုးသည့် ဒဏ်ရာရခြင်း ဖြစ်သည်။ မျက်ခွံအမိုးပိုင်း Orbital Roof ကျိုးခြင်းများ ပါဝင်သည်။ အပေါ်မျက်ခွံရိုး ဒဏ်ရာရသည့် အခြေအနေတွင် အမိုးပိုင်းမျက်ခွံကွဲတတ်ခြင်းကို တွေ့ရတက်သည်။ အရိုးကျိုး၍ သွေးထွက်တက်သဖြင့် အပေါ်ခွံသွေးမျာနှင့်တင်းပြီး ပိတ်နေသည်ကို တွေ့နိုင်သည်။ မျက်စိလှုပ်ရှားမှုလည်း မလုပ်နိုင်တော့ပါ။ ကလေးသူငယ်များ၏ အမြင်ကြည်လင်ရေးအတွက် မျက်စိဒဏ်ရာ မရရှိစေရန် ဆောင်ရွက်ခြင်းသည် လွန်စွာမှ အရေးပါလှပါသည်။ မျက်စိကို ဒဏ်ရာရစေနိုင်သော ပစ္စည်းများကို ကလေးများ၏ ပတ်ဝန်းကျင်မှ ဖယ်ရှားပေးခြင်း၊ အန္တရာယ်ရှိသော ကစားနည်းများကို မကစားရန် ပညတ်ခြင်းများ ပြုရပါမည်။ ဗျောက်အိုး၊ ယမ်းအိုးများဖောက်ခြင်း၊ သင်္ကြန်တွင်း ရေခဲအိတ်၊ ရေပူဖောင်းများနှင့် ပစ်ခတ်ကစားခြင်းများကို ထိန်းချုပ်ရန် လိုပါသည်။

ဘက်ထရီအိုးများ၊ ဆိုင်များတွင် ရောင်းချနေသော ထုံးထုပ်များသည်လည်း အိမ်မှ စေလွှတ်ဝယ်ယူနိုင်သော ကလေးငယ်များ၏ မျက်စိတွင်းသို့ ကိုင်ရင်း၊ တွယ်ရင်း၊ ဆော့ကစားရင်း ပေါက်ပြဲဝင်ရောက်၍ ဒုက္ခပေးတက်ပါသည်။ မျက်ကြည်လောင်ကျွမ်း၍ တိမ်စွဲခြင်း၊ မျက်စိ၏ အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်းများတွေ့ရပါသဖြင့် လူကြီးများက ကလေးများကို ထုံးထုပ်သွားရောက်ဝယ်ယူသောအခါ ကောင်းမွန်စွာ မပေါက်ပြဲအောင်ကိုင်လာဖို့ ဆုံးမထားရန် လိုပါသည်။ အကယ်၍ မျက်စိအတွင်းသို့ ဓာတုဗေဒ အရည်အခဲစသည်တို့ ဝင်ရောက်ပါက အိမ်ရှိရေနှင့် ၁၅ မိနစ်၊ နာရီဝက်ခန့်အကြာ ကုန်စင်သည်အထိ ဆေးကြောပြီးမှ ဆရာဝန်ထံ သွားရောက်ပို့သင့်ပါသည်။ ထုံးဝင်ပါက ထုံးဖတ်များကိုလည်း ဖယ်ရှားပေရန် အရေးကြီးပါသည်။

ကလေးမျာ၏ မျက်စိကျန်းမာ၍ အမြင်သန်စွမ်းစေရန်အတွက် မျက်စိဒဏ်ရာမရစေရန် ဂရုစိုက်သင့်ပါသည်။ ဒဏ်ရာရပါကလည်း ကျွမ်းကျင်သူများနှင့် အမြန်ဆုံးကုသခံရန် လိုပါကြောင်းကိုလည်း တင်ပြအပ်ပါသည်။

Credit : ဒေါက်တာထွန်းအောင်ကျော် (မျက်စိ)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18