Print

မိခင်နို့ကြောင့် မွေကင်းစကလေးအသားဝါခြင်း

  29-Jan-2019
Preview Image

သန္ဓေသားဘဝက သားအိမ်အတွင်း ရေမြွာအိတ်ထဲရှိ ရေမြွာရည်ထဲမှာ ဖွံ့ဖြိုးနေရတာကြောင့် အသက်ရှင်ဖို့လိုအပ်တဲ့ (အောက်ဆီဂျင်) လေသန့်ဓာတ်ကို ရှူရှိုက်ခွင့် မရကြသလို ရေသတ္တဝါတွေလို ရေထဲရှိ လေသန့်ဓာတ်ကိုလည်း ရယူနိုင်စွမ်းမရှိကြပါဘူး။ ဒါပေမဲံ ရှင်သန်ဖွံ့ဖြိုးဖို့လိုတဲ့ လေသန့်ဓာတ်ကို မိခင်သွေးထဲမှ ရယူကြလေ့ရှိပါတယ်။


အချင်းမှာ မိခင်သွေးနဲ့ သန္ဓေသားသွေးတို့ ကလာပ်စည်းနံရံသာ ခြားကာ ဖြတ်သွားစဉ် မိခင်သွေးနီဥထဲရှိ လေသန့်ဓာတ်ကို သန္ဓေသားသွေးနီဥတွေက ရယူကြရပါတယ်။ လေထဲက လေသန့်ဓာတ်ကို ဖလှယ်ယူတာမျိုး မဟုတ်ဘဲ မိခင်သွေးနီဥဆီမှသာ လေသန့်ဓာတ်ကို သန္ဓေသားသွေးနီဥထဲ ဖလှယ်ယူတာ ဖြစ်ပါတယ်။ သန္ဓေသားသွေးနီဥက သယ်လာတဲ့လေညစ်ဓာတ်(ကာဗွန်ဒိုင် အောက်ဆိုဒ်) ကိုလည်း မိခင်သွေးနီဥထံ လွှဲပြောင်းပေးလိုက်ကြရပါတယ်။


          ဒါကြောင့်လည်း ရေထဲနစ်နေတဲ့ သန္ဓေသား အသက်မရှူဘဲ ရှင်သန်ဖွံ့ဖြိုးနေခြင်းပါ။ မွေးဖွားလာတဲ့အခါ ပထမဆုံး ငိုသံနှင့်အတူ အဆုတ်အတွင်းဝင်ရောက်လာတဲ့ လေထဲမှာ လေသန့်ဓာတ်ကို ရရှိယူရှင်သန်ကြရပါတော့တယ်။ လေသန့်ဓာတ်ရယူတဲ့ ဝန်းကျင်သဘာဝမတူသလို လေသန့်ဓာတ်ကိုရယူ သယ်ဆောင်တဲ့ ဓာတ်သဘာဝလည်း မတူတော့ပါဘူး။ ဒါကြောင့် သန္ဓေသားဘဝက ရှိနေတဲ့ သွေးနီသတွေ ပျက်စီးပြီး လေထဲက လေသန့်ဓာတ်ကို ရယူသယ်ဆောင်ရာမှာ ပိုအဆင်အပြေတဲ့ သွေးနီဥအသစ်တွေ ဖန်တီးရှင်သန်ကြရပါတယ်။


          သန္ဓေသားဘဝက သွေးနီဥတွေ စုပြုံပျက်စီးကြရလို့ သွေးအနီဓာတ် ထွက်လာတဲ့ အဝါဓာတ်တွေ သွေးအတွင်း များပြားလာစေပါတယ်။ ဒါ့ကြောင့် မွေးဖွားပြီး ၂ ရက် သားလောက်ကတည်းက အသားစဝါလာတတ်ပါတယ်။ များသောအားဖြင့် သုံးရက်လေးရက်သားလောက်မှာ အသားဝါမှုအမြင့်ဆုံးဖြစ်ပြီး ပြန်လျော့ကျသွားလေ့ရှိပါတယ်။ ဒါက သဘာဝပါ မွေးပြီး ၂၄ နာရီ မပြည့်မီ အသားဝါလာပြီဆိုရင်တော့ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ မွေးလာတဲ့ ကလေးတိုင်း ပုံမှန်အသားဝါကျသလားဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး။ မွေးကင်းစကလေး ထက်ဝက်ကျော်မှ ၇၀ ရာခိုင်နှုန်းအထိ အသားဝါတတ်ကြပါတယ်။ ဒါက ပုံမှန်မွေးကင်းစကလေး အသားဝါခြင်းပါ။


          ပုံမှန်မွေးကင်းစကလေး အသားဝါခြင်းက လျော့သွားသည့်တိုင် ပျောက်မသွားဘဲ ဆက်လက်ရှိနေရင် သတိထားကြည့်ရပါမယ်။ မွေးကင်းစကလေးက ပုံမှန်ကျန်းမာနေတဲ့ နို့လည်းကောင်းစွာစို့တယ်၊ ဆီးဝမ်းမှန်နေတယ်ဆိုရင် မိခင်နို့ကြောင့် အသားဝါခြင်းဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေး အယောက် ၁၀၀ မှာ ၃ ယောက်ခန့်သာ ဖြစ်တတ်တဲ့ အနေအထားပါ။


          မိခင်နို့ကြောင့် အသားဝါခြင်းကြောင့် သူ့ကြောင်းချည်းဆို စိုးရိမ်စရာမရှိပါဘူး။ ၁၂ ပတ်လောက်ကြာသည်အထိ အနည်းအကျည်း အသားဝါနေတာကလွှဲလို့ ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ သွေးရောဂါ စသည့် အကြောင်းတစ်ခုခုကြောင့် အဝါဓာတ်များလွန်းလာရင်တော့ ဦးနှောက်ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုး Kernicterus ဖြစ်လာတတ်ပါတယ်။


          မွေးကင်းစကလေးဟာ မှိန်းမနေဘူး။ သန်စွမ်းသင့်သလောက် ယက်ကန်ယက်ကန် လှုပ်ရှားနိုင်တယ်။ နို့လည်းကောင်းစွာစို့တယ်ဆိုရင် မိခင်နို့ကြောင့် အသားဝါတာ ဖြစ်နိုင်ပါတယ်။ တစ်နေ့ သုံးလေးခါ ဝမ်းသွားတယ်။ ခြောက်ခါခုနစ်ခါသေးပေါက်တယ်ဆိုရင် ပုံမှန်ပါပဲ။ မိခင်နို့စို့နေတဲ့ မွေးကင်းစကလေးဟာ နှစ်ပတ်သားပြည့်တဲ့အခါ တစ်ရက်လျှင် တစ်အောင်စနှုန်းနှင့် ကိုယ်အလေးချိန်တိုးနေတယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူး။


          မိခင်နို့ကြောင့် အသားဝါတဲ့ မွေးကင်းစကလေးတွေဟာ မျက်နှာမှာသာ ဖျော့ဖျော့ဝါဝါလေးရှိပါတယ်။ ရင်ဘတ်တွေ ဗိုက်တွေမှာပါ ဝါလာရင်တော့ ပြဿနာတစ်ခုခုရှိတတ်လို့ တတ်ကျွမ်းသူများနှင့်ပြသသင့်ပါတယ်။ မိခင်နို့ကြောင့် အသားဝါတဲ့ မွေးကင်းစကလေးတွေဟာ နို့အစို့မပြတ်ပါဘူး။ ကောင်းကောင်းနို့စို့နိုင်ကြပါတယ်။ အိပ်ချည်းမနေပါဘူး။ တနည်းအားဖြင့် မှိန်းမနေတတ်ကြပါဘူး။ သွေးအတွင်း အဝါဓာတ်များပြားမှုအပေါ် မူတည်ပြီး မွေးကင်းစကလေးတွေဟာ မှိန်းလာတတ်သလို နို့လည်းကောင်းစွာမစို့ကြတာ တွေ့ရပါတယ်။


          အသားအဝါရောင်ရှိနေတဲ့အပေါ်မူတည်ပြီး အလင်းရောင်ပြကုထုံးသုံးပြီး အဝါဓာတ်ကို ချေဖျက်ပေးနိုင်ပါတယ်။ အလင်းရောင်ပြကုထုံးဆိုတာက ခရမ်းလွန်ရောင်ခြည်ထွက်စေနိုင်တဲ့ အပြာရောင်မီးစလောင်းအောက်မှာ ကလေးကို အဝတ်အစားမပါဘဲ ထားပေးရမှာဖြစ်ပါတယ်။ လိုအပ်သလို အချိန်ခြားပြီး ကိုယ်လုံးကို မှောက်ပေးလိုက် လှန်လိုက် လုပ်ပေးရပါတယ်။ အလွယ်တကူလုပ်ပေးနိုင်တာက ပုံမှန်မီးချောင်းတွေသုံးပြီးလည်း ကုသပေးနိုင်ပါတယ်။ ကုသမှုရည်ရွယ်ချက်ကတော့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအောက်အထိ အဝါဓာတ်တွေကို ဓာတ်ပျက်သွားစေနိုင်တဲ့ အစွမ်းကို အသုံးချကြတာပါ။ နေရောင်နုနုအောက်မှာထားပြီး ကုသပေးတတ်ကြပါတယ်။ အဝတ်မပါတဲ့ မွေးကင်းစကလေးကို အန္တရာယ်ကင်းစွာ နေပြဖို့ဆိုတာ အခက်အခဲတွေရှိပါတယ်။ နုနယ်တဲ့အရေပြားကို နေမလောင်စေဖို့က အစပါ ဒါကြောင့် နေရောင်ပြတာကို အားမကောင်းကြပါ။ ဘယ်လိုနည်းတွေကိုပဲသုံးသုံး ကလေးမျက်စိ မထိခိုက်စေအောင် ဖုံးကွယ်ထားပေးဖို့လိုပါတယ်။


          မိခင်နို့ကြောင့် အသားဝါတဲ့ မွေးကင်းစကလေးတွေကို ပညာရှင်အချို့က မိခင်နို့ကခဏဖြတ်ပြီး နို့မုန့်အစားထိုး တိုက်ကျွေးစေတတ်ကြပါတယ်။ များသောအားဖြင့်တော့ မိခင်နို့ကို တစ်နေ့ ၈ ကြိမ်မှ ၁၂ ကြိမ်ထိ တိုးမြှင့်တိုက်ကျွေး စေကြပါတယ်။ နို့များများတိုက်ကျွေးခြင်းဖြင့် မွေးကင်းစကလေးဟာ ဝမ်းသွားချိန် တိုးလာပါလိမ့်မည်။ ဝမ်းနှင့်အတူ အဝါဓာတ်တွေ ပိုမိုစွန့်ထုတ်လာနိုင်စေဖို့ပါ။ ဒါပေမဲ့ သွေးအတွင်း အဝါဓာတ်ပမာဏ သတ်မှတ်ချက် 20mg ထက်ပိုလာခဲ့ရင် မိခင်နို့တိုက်ကျွေးမှုကို ၂၄ နာရီ ရပ်နားထားပြီး နို့မှုန့်အစားထိုးတိုက်ကျွေးပေးဖို့ ပညာရှင်အချို့က အကြံပေးကြပါတယ်။ အလင်းပေးကုသမှုကိုလည်း လိုအပ်သလို ပြုလုပ်ကြရပါတယ်။ ဒီအခါ အဝါဓာတ် သိသိသာသာ ကျသွားပါလိမ့်မယ်။ ၂၄ နာရီကျော်တဲ့အခါ မိခင်နို့ ပြန်တိုက်လို့ရပါတယ်။


          အချို့မိခင်တွေအနေနဲ့ အဝါဓာတ်ကျအောင် သကြားပါတဲ့ရေ တိုက်ပေးတတ်ကြပါတယ်။ မွေးကင်းစကလေးကို သကြားပါတဲ့ရေ မတိုက်ပေးသင့်ပါဘူး။ အဝါဓာတ်ပမာဏ လျော့ကျမှုကို နှောင့်နှေးစေနိုင်လို့ပါ။  မိခင်နို့ကြောင့် မွေးကင်းစကလေး အသားဝါခြင်းဟာ စိုးရိမ်စရာမရှိပါဘူး။ နို့များများတိုက်ပေးခြင်းဖြင့် အဝါဓာတ်တွေ တဖြည်းဖြည်း လျော့ကျလာပါလိမ့်မယ်။ အကြာဆုံး ၁၂ ပတ်နေရင် အသားရောင်မဝါတော့ဘဲ ပြန်ကောင်းလာပါလိမ့်မယ်။

 

Credit: ဒေါက်တာမြင့်သန်း (သန္ဓေသား)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18