Print

မိမိကလေးကို ချစ်တတ်ကြပါစေ

  25-Jan-2019
Preview Image

မိမိကလေးကို ချစ်တတ်ကြတာဟာ မိဘတွေရဲ့ ဓမ္မတာပါပဲ။ ဒါပေမဲ့ ချစ်ကြလွန်းအားကြီးပြီး မိမိကလေးကို စိုးရိမ်စိတ် လွန်ကဲပြီး တချို့မိဘတွေက “ ရှေးရိုးစွဲ ’’ အယူအဆတွေကို မစွန့်ပစ်နိုင်ကြတာ တွေ့ရပါတယ်။ တကယ်ချစ်ရင်တော့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို လိုက်နာကျင့်သုံးရမှာပါ။ ပညာပေးတွေကတော့ ရေးကြ၊ ပြောကြ၊ ဟောကြတာ များပါပြီ။ တကယ်အရေးကြီးတာကတော့ “ လက်တွေ့လိုက်နာကျင့်သုံး ’’ ဖို့ပါပဲ။


(၁) မိဘတွေအနေနဲ့ မိမိကလေးကိုချစ်ရင် ဘာတွေလုပ်တောင်ပေးသင့်ပါသလဲ…

၁။ ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်ဝအောင် စားသုံးပါ

ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိမိကလေးအတွက် စတင်ဆောင်ရွက်ရပါမယ်။ မိမိရဲ့ ရင်သွေးငယ်အတွက် “စိတ်ဓါတ်ပြင်ဆင်” ဆောင်ရွက်ရပါမယ်။ ရင်သွေးငယ်ကို လိုလားမှု၊ ခင်တွယ်မှု၊ ချစ်ခင်မှုဖြစ်ရန်အတွက် မိခင်ရော ဖခင်ပါတစ်ဦးနဲ့တစ်ဦး ဖေးမပြီး ကြည်နူးပျော်ရွှင်ဖွယ်ရာ မိသားစုတစ်စု တည်ဆောက်ဖို့ ပြင်ဆင်ကြရပါမယ်။


 ကိုယ်ဝန်ဆောင်စမှာ အစားအစာရှောင်ရန် မလိုပါ။ မိခင်ထံမှ အာဟာရကလေးထံ ရောက်ရှိမှာဖြစ်တဲ့ အတွက် တစ်ယောက်စာထက် နှစ်ယောက်စာ အာဟာရပြည့်ပြည့် စားသုံးရန် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်ကျန်းမာမှ ရင်သွေးငယ်လည်း ကျန်းမာမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် စိတ်ရောကိုယ်ပါ အနားယူသင့်ပါတယ်။ မွေးဖွားလာတဲ့ကလေး နို့ချိုတိုက်ကျွေးရန်အတွက် မိခင်ရဲ့ သားမြတ်ကိုလည်း နို့သီးခေါင်းမထွက်ရင် ထွက်ရှိအောင် ပြုပြင်ရပါမယ်။


၂။ မိခင်နို့ တိုက်ကျွေးစဉ်မှာလည်း အစား ရှောင်ရန် မလိုပါ

မိခင်နို့တိုက်ကျွေးစဉ် မိခင်အစာရှောင်ပါက မိမိရဲ့ ကလေးထံ လိုအပ်သော အာဟာရ ရှောက်ရှိမှာပါ။ သူငယ်နာရောဂါခေါ် ဘယ်ရီဘယ်ရီရောဂါ ဖြစ်တတ်ပါတယ်။ အစားရှောင်သဖြင့် ကလေးထံ ဗီတာမင် ဘီ လျော့နည်းသဖြင့် အသက် သုံးလ၊ ခြောက်လရှိ ကလေးများ အသံမထွက်ခြင်း၊ မောပန်းခြင်း၊ တက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့် မိခင်နို့တစ်မျိုးတည်းတိုက်စဉ်မှာ မိခင်အနေနဲ့ အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်းဖြင့် သင့်ကလေးကို ချစ်တတ်ပါစေ။


၃။ မိခင်နို့ တစ်မျိုးတည်းကို ကလေးအသက် ခြောက်လအထိ တိုက်ကျွေးပါ

ကလေးအတွက် ခြောက်လအထိ လိုအပ်သော အာဟာရနှင့် ရေအလုံအလောက်ပါသော မိခင်နို့တစ်မျိုးတည်းကို ကလေးအသက် ခြောက်လအထိ တိုက်ကျွေးနိုင်ပါတယ်။ မိခင်ထံမှ ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်း Antibodies များ ကလေးထံ ရောက်ရှိတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်နိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်နဲ့ကလေး တွယ်တာမှုဖြစ်ကာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု တိုးတက်လာစေပါတယ်။


၄။ အသက် ခြောက်လကျော်ရန် မိခင်နို့နှင့်အတူ ဖြည့်စွက်စာ ကျွေးပါ

ကလေးအသက် ခြောက်လကျော်လာရင် မိခင်နို့နှင့်အတူ ဖြည့်စွက်စာ ကျွေးရပါမယ်။ နို့တစ်မျိုးတည်းနှင့် အာဟာရ မလုံလောက်တော့ပါ။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစာများ ကျွေးရန် လိုအပ်ပါတယ်။ ကျွေးပုံကျွေးနည်း စနစ်မကျရင်လည်း ကလေးက အစာစားရန် ငြင်းဆန်ခြင်း ပြုလုပ်တတ်ပါတယ်။ အစာကိုတစ်ချိန်မှာ တစ်မျိုး၊ တစ်ဇွန်း နှစ်ဇွန်းနဲ့ ဖြည်းဖြည်းချင်း ကျွေးမွေးရပါမယ်။ အာဟာရပြည့်ဝအောင် အသား၊ ငါး၊ ပဲ၊ အရွက်၊ အသီး စတာတွေ ပါဝင်ရပါမယ်။


၅။ ကလေးကို ကာကွယ်ဆေးထိုးပါ

 အသက်အပိုင်းအခြားအလိုက် နိုင်ငံတော်မှ စီမံချက်ချ လုပ်ဆောင်ပေးနေသော ကာကွယ်ဆေးများကို ထိုးပေးခြင်း ပြုလုပ်သင့်ပါတယ်။ ကလေးများများ ကာကွယ်ဆေးထိုးပေးကြရင် ကူးစက်ရောဂါများ တဖြည်းဖြည်း လျော့နည်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ အချို့မိဘတွေအနေနှင့် ကာကွယ်ဆေးအသစ်များဖြစ်တဲ့ Hlb Vaccune,MMR Vaccine စတာတွေ ထိုးပေးခြင်းဖြင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပါးချိတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါများပါ ကာကွယ်လာနိုင်ပါတယ်။


၆။ ကလေးကို ချစ်ရင် မနမ်းပါနဲ့

ကလေးကို ချစ်တယ်ဆိုပြီး ခဏခဏ နမ်းကြတာက ဓလေ့ကို ဖြစ်နေပါတယ်။ နမ်းခြင်းအားဖြင့် လူကြီးထံမှာ ရောဂါပိုးများ ကလေးထံ ရောက်ရှိနိုင်တဲ့အတွက် ကလေးကိုချစ်ရင် မနမ်းတာက အကောင်းဆုံး ရောဂါကာကွယ်ခြင်း ဖြစ်ပါတယ်။


၇။ လက်ဆေးခြင်းအကျင့် ပျိုးထောင်ပေးပါ

ငယ်စဉ်ကစ ကလေးရဲ့တစ်ကိုယ်ရေသန့်ရှင်းနဲ့အတူ လက်ဆေးခြင်းကို ကလေးရဲ့ အသက်အလိုက် ပြုစုပျိုးထောင် ပေးရပါတယ်။ ကလေးကိုယ်တိုင် မလုပ်နိုင်သေးခင် မိဘတွေက လက်ဆေးပေးခြင်းမှ ကလေးကိုယ်တိုင် လက်ဆေးရာတွင် စနစ်တကျ လက်ဆေးနိုင်သည်အထိ ပြုစုပျိုးထောင်ပေးရပါမယ်။ လက်ဆေးခြင်းကြောင့် ရောဂါများ ကာကွယ်နိုင်သည့် အသိကိုလည်း သိရှိအောင် ပြောပြပေးရန် လိုအပ်ပါတယ်။ ယခုခေတ်ပေါ် ရောဂါများဖြစ်တဲ့ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး စသည်တို့ကိုလည်း လက်ဆေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ လက်သန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါမှလည်း ကာကွယ်နိုင်ပါတယ်။


၈။ ကလေးကိုချစ်ရင် မက်ကလောင် မဖောက်ပါနဲ့

ကလေးကို ရောဂါကုသမှုပေးရာမှာ ဆေးမြီးတိုနဲ့ မကုသဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့သာ ကုသမှုပေးသင့်ပါတယ်။ အထူးသဖြင့်ကတော့ မက်ကလောင်ဖောက်တဲ့ အလေ့အကျင့်ကို မပြုမူရန် အရေးကြီးပါတယ်။ စအိုပတ်လည်မှာ မက်ကလောင်ဖောက်ရင် သွေးအဆိပ်အတောက်ရောဂါ ဖြစ်တတ်တဲ့အတွက် အထူးရှောင်ကြဉ်သင့်ပါတယ်။ စအိုပတ်လည် မက်ကလောင်ဖောက်ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်သွားနိုင်ပါတယ်။


၉။ ကလေးကို အားချိန်ပေး ကစားပါစေ

ကလေးကို စာတစ်ခုတည်း ဦးစားပေးပြီး သင်ကြားခြင်းကို မိဘတွေအနေနဲ့ မပြုလုပ်သင့်ပါ။ အနားပေးချိန် ပေးပြီး အားကစားလှုပ်ရှားမှု ပေးမှလည်း စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာရေးကောင်းမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုလည်း လွတ်ကင်းမှာ ဖြစ်ပါတယ်။ ကလေးများစုပေါင်းပြီး အားကစားပြုလုပ်လျှင် အချင်းချင်း ပေါင်းသင်းဆက်ဆံရေးအတွက် အထောက်အကူဖြစ်ပြီး စည်းကမ်းလိုက်နာမှုကိုလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။


၁ဝ။ ရိုးရိုးဖျားနေစဉ် အစာမဖြတ်ပါနဲ့

ကလေးတစ်ယောက် တစ်ပတ်လောက် ဖျားနာနေရင် အစာမဖြတ်သင့်ဘဲ ကျေညက်လွယ်သော အစာများ ဆက်လက်ကျွေးနိုင်ပါတယ်။ တိုက်ဖွိုက်အူရောင်ငန်းဖျား ရောဂါဖြစ်ရင်တော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ကျွေးမွေးသင့်ပါတယ်။ ကလေးဖျားနေစဉ် အစာမကျွေးပါလျှင် အဖျားပျောက် နာလန်ထစတွင် အားအင်ကုန်ခမ်းပြီး ရွှင်လန်းတက်ကြွမှု မရှိတော့ပါ။ အာဟာရ မပြည့်စုံသဖြင့် နောက်ပိုင်းတွင် အာဟာရချို့တဲ့သောရောဂါသို့ ရောက်ရှိနိုင်လာသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ရင်လည်း တိုက်နေကျ နို့၊ ကျွေးနေကျ အစာများ ဆက်လက် ကျွေးမွေးနိုင်ပါတယ်။


၁၁။ ဆုပေးဒဏ်ပေးစနစ်ဖြင့် အောင်မြင်မှုကို အသိအမှတ်ပြုပါ

ကလေးတစ်ယောက်ကို အလိုလိုက်ခြင်းနှင့် လျစ်လျူရှုခြင်းကြားတွင် ပြုစုပျိုးထောင်သင့်ပါတယ်။ ကလေးတစ်ယောက် အောင်မြင်မှုအတွက် သင့်တင့်သော ဆုချီးမြှင့်သလို မလိုလားအပ်သော ပြုမူမှုအတွက် သင့်တင့်သော အချိုးကျသော ဒဏ်စနစ် ကျင့်သုံးစေချင်ပါတယ်။ ဒီလိုပြုစုပျိုးထောင်လာမှ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာတဲ့အခါမှာ ဘဝရဲ့ အနိမ့်အမြင့် ကြုံတွေ့မှုတွေကို ကျော်လွှားအောင်မြင်နိုင်ပါလိမ့်မယ်။


မှတ်ချက်

 မိဘများအနေနှင့် ရရှိသော ကျန်းမာရေးအသိကို လိုက်နာကျင့်သုံးနိုင်ပြခြင်းဖြင့် မိမိကလေးအား ချစ်တတ်ကြပါစေ။


Credit: ပါမောက္ခ ဒေါက်တာဦးအေးသောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18