Print

နှလုံးသားနုနု ဂရုပြု

  19-Jan-2019
Preview Image

ဘယ်လိုဖြစ်တာလဲ

 မွေးရာပါနှလုံးရောဂါ အမျိုးအစားများစွာရှိသော်လည်း အဖြစ်များသော ရောဂါအချို့အကြောင်းကိုသာ တင်ပြရပါလျှင်၊ ပုံမှန်အားဖြင့် နှလုံး၏ ညာဘက်အခန်းများအတွင်းသို့ ဝင်သော သွေးပြန်ကြောများတွင် အောက်ဆီဂျင်မပါသော သွေးများ ဝင်ရောက်စီးဆင်းပါသည်။ နှလုံး ညာဘက်အခန်းများမှ တစ်ဆင့်အဆုတ်သွေးလွှတ်ကြောများအတွင်း ၎င်းမှ အဆုတ်အတွင်း တစ်ဆင့်စီရောက်ပြီး အောက်ဆီဂျင်ရှိသော သွေးအဖြစ်ဖြည့်တင်းပေးရပါသည်။ ထိုမှနေ၍ အဆုတ်သွေးပြန်ကြောများမှတစ်ဆင့် အောက်ဆီဂျင်ပါသော သွေးများသည် နှလုံးဘယ်ဘက်အခန်းများတွင် ရောက်ရှိပြီး ၎င်းမှတစ်ဆင့် သွေးလွှတ်ကြောမကြီးများသို့ တစ်ကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်းများသို့ ဖြန့်ချိပါသည်။


 အထက်ပါ ပုံမှန်ကိစ္စကို သွေဖယ်၍ မွေးဖွားစဉ်ကပင် နှလုံးဘယ်ဘက်အခန်းများနှင့် ညာဘက်အခန်းများအကြား အကန့်များ ကောင်းစွာမပိတ်သဖြင့် အပေါက်ကလေးများ ဖြစ်နေတတ်ပါသည်။ ထိုအခါ နှလုံးဘယ်ဘက်အခြမ်းမှ အောက်ဆီဂျင်မပါသော သွေးများရောနှောသွားတတ်ပါသည်။ ထိုအခါ ဖိအားများသော လက္ခဏာများ ပေါ်ပေါက်လာပြီး နှလုံးပန်းတတ်ပါသည်။


နှလုံးပန်းသော လက္ခဏာများမှာ -

• မောပန်းခြင်း

• ပက်လက်လှန်၍ မအိပ်နိုင်ခြင်း

• ခြေဖမိုး ဖောရောင်ခြင်း

• နှလုံးခုန်နှုန်းမြန်ခြင်း

• ဆီးသွားနည်းခြင်း

• နှုတ်ခမ်း၊ လျှာ ပြာနှမ်းလာခြင်း စသည်တို့ဖြစ်သည်။

အချို့မွေးရာပါ နှလုံးရောဂါများတွင် အောက်ဆီဂျင်ပါသော သွေးနှင့် မပါသောသွေးများ ရောနှောနေရာတွင် အောက်ဆီဂျင်မပါသော သွေးက ပိုမိုများပြားပြီး မွေးဖွားစဉ်ကပင် ပြာသောကလေး Blue Baby မွေးဖွားပြီး၊ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြာသောကလေးများလည်း ရှိတတ်ပါတယ်။


အကျိုးရလဒ်များ

အလွန်ပြင်းထန် မွေးရာပါ နှလုံးရောဂါများ အထူးသဖြင့် ပြာသောနှလုံးရောဂါ ပိုင်ရှင်ကလေးအချို့သည် အသက်ရှင်ခြင်းငှာ မစွမ်းနိုင်သဖြင့် မွေးစဉ်ကပင် သို့မဟုတ် မွေးဖွားပြီး ရက်ပိုင်းအတွင်း၌ပင် သေဆုံးသွားတတ်ကြပါသည်။ ရောဂါလွန်စွာ မပြင်းထန်လျှင်မူကား အသက်ရှင်ကြသော်လည်း -

• ထွားကျိုင်းမှု နှေးကွေးခြင်း

• အနည်းငယ် လှုပ်ရှားမှု ပြုရုံနှင့် မောပန်းခြင်း

• အစားအစာကျွေးလျှင်လည်း အစားနည်းပြီး မောခြင်း

• ရောဂါကို ခံနိုင်ရည်နည်းပြီး မကြာခဏ ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း စသည်တို့ဖြစ်ခြင်း၊ စသည့်လက္ခဏာများဖြင့် အသက်ဆက်နေကြရပါသည်။


ကုသိုလ်ကံ အကျိုးပေးကောင်းသော ကလေးများအတွက်မူ ခွဲစိတ်ကုသနိုင်သော မွေးရာပါနှလုံးရောဂါဖြစ်လျှင် ခွဲစိတ်ကုသလိုက်ပါက ပုံမှန်ကလေးတစ်ယောက်အတိုင်း ချက်ချင်းထွားကျိုင်းလာပြီး ရောဂါလုံးဝပျောက်ကင်းသွားနိုင်ပါတယ်။


ပို၍မဆိုးလာစေရန်

 မွေးရာပါ နှလုံးရောဂါရှိသော ကလေးများသည် ရောဂါများကို ခံနိုင်ရည်နည်းသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်နိုင်ရန် လွယ်ကူတတ်ကြသည်။ သို့ဖြစ်၍

• လူသူ ထူထပ်သော နေရာများသို့ ခေါ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ရန်၊ (ဥပမာ - ဘုရားပွဲ၊ ကစားကွင်းစသည်)

• ကာကွယ်ဆေးများ ထိုးပေးရန်

• အာဟာရဖြစ်သော အစားအစာ၊ အသီးအနှံများ၊ ကျွေးမွေးပေးရန် 

• ဆရာဝန်နှင့် မှန်မှန်ပြရန် လိုအပ်ပါသည်။


မွေးရာပါမဟုတ်သော နှလုံးရောဂါများ

 မွေးရာပါနှလုံးရောဂါမဟုတ်သော်လည်း မွေးဖွားပြီးလပိုင်းအတွင်း ဒုက္ခပေးနိုင်သော နှလုံးထိခိုက်မှုများလည်း ရှိနိုင်ပါသေးသည်။ ၎င်းတို့အနက် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအရာမှာ “ဘယ်ရီ ဘယ်ရီ” ခေါ် ထုံနာစို ထုံနာခြောက် ရောဂါကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ဘီတာမင်ဘီဝမ်းဓာတ် ချို့တဲ့သဖြင့် အာရုံကြောများ ကြွက်သားများကို ထိခိုက်စေတတ်သော ရောဂါပင်ဖြစ်ပါသည်။


 အထူးမှာ နို့တိုက်မိခင်များသည် ရင်သွေးငယ် ဥပါဒ်ဖြစ်မည်စိုး၍ အစားလွန်စွာ ဟင်းချိုနှင့် ငါးခြောက်၊ ငါးကြော်သာစားကြသဖြင့် ဗီတာမင်ဘီဝမ်းဓာတ်ပါဝင်သော ပဲပင်ပေါက်၊ ပဲပြား၊ အသားများဖြစ်သည့် ဝက်သား စသည်တို့ကို ရှောင်ရှားကြသောကြောင့် ထိုဓာတ်ချို့တဲ့ရခြင်းဖြစ်ပါသည်။


 ဝက်သက်ရောဂါ စသည်တို့ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတော်တော်များများသည်လည်း ဝက်သက်ရောဂါစသည်၏ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ နှလုံးကြွက်သားကို ဖျက်ဆီးတတ်ပြီး နှလုံးကြွက်သားရောင်ခြင်း စသည်တို့ဖြင့် ဒုက္ခပေးတတ်ပြန်ပါသည်။


 ဗိုင်းရပ်စ်ပိုးတော်တော်များများသည် ကလေး၏ နှလုံးသားနုနုကို ဖျက်ဆီးတတ်ကြပြီး ဗိုင်းရပ်စ်များသာမက ဘက်တီးရီးယားပိုး အချို့သည်လည်း နှလုံးထိခိုက်စေပါသည်။ ဆုံဆို့နာပိုးသည်လည်း နှလုံးကြွက်သားကို များစွာအန္တရာယ်ပြုပါသည်။ အဓိကကာကွယ်ရေးစီမံချက်မှာ ကာကွယ်ဆေးများကို အချိန်နှင့် တစ်ပြေးညီ မှန်မှန်ထိုးရန်သာ ဖြစ်ပါတော့သည်။

 

သွေးအားနည်းပြန်တော့လည်း နှလုံးရောဂါရနိုင်ပါသည်

ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သွေးအားနည်းတတ်ပါသည်။ ထိုအကြောင်းအမျိုးမျိုးတို့အနက် အဖြစ်အများဆုံး အကြောင်းများမှာ -

• သံဓာတ်ချို့တဲ့ နည်းပါးသောရောဂါ

• သွေးနီဥပျက်သောရောဂါ

• သွေးယိုစီးသောရောဂါ

• ကလေးကင်ဆာရောဂါများ အထူးသဖြင့် သွေးကင်ဆာ စသည်တို့ဖြစ်ပါသည်.


သွေးအားနည်းလျှင် နှလုံးကို ထိခိုက်ပြီး နှလုံး၏ ဝန်ဆောင်မူသည် ပုံမှန်ဘောင်ကိုကျော်လွန်ရသဖြင့် နှလုံးပန်းလျတတ်ပါသည်။ အာဟာရဓာတ်၊ အထူးသဖြင့် သံဓာတ်ပါသော အစားအစာများ၊ ဥပမာ - အသည်း၊ ကြက်ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြစ်သည့် ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဘူးညွှန့်စသည်တို့ကို ဟင်းအဖြစ် ကျွေးမွေးခြင်း၊ သံဓာတ်ပါသော အားဆေးများတိုက်ကျွေးခြင်း၊ စသည်တို့ဖြင့် သွေးအားနည်းခြင်းကြောင့် ပျက်စီးသွားရမည့် နှလုံးကို မပျက်စီးစေရန် ကာကွယ်နိုင်ပါသည်။ 


လေးဖက်နာကြောင့်

 နှလုံးရောင်ခြင်းအချိန်ကြာလာလျှင်  နှလုံးအဆို့ရှင် စသည်သို့ လုံးဝပျက်စီးသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်၍ လေးဖက်နာ စစ်စစ်ဖြစ်သော ကလေးကို နှလုံးထိခိုက်ကာကွယ်သည့် ဆေးများကို နှစ်ပေါင်းများစွာ စနစ်တကျ တိုက်ကျွေးရမည် ဖြစ်ပါသည်။


ကာကွယ်နိုင်ပါလျှင်

 ကလေးတွေဖြစ်တတ်သော နှလုံးရောဂါများ မရေမတွက်နိုင်အောင်ရှိပါသော်လည်း အဖြစ်များသော ရောဂါများကိုသာ ထုတ်နုတ်ဖော်ပြထာခြင်း ဖြစ်ပါသည်။ ကာကွယ်၍ရသော နှလုံးရောဂါများ၊ ကုသ၍ရသော နှလုံးရောဂါများကို တတ်နိုင်သမျှ စောစီးစွာ ကာကွယ်ကုသသင့်ပါသည်။ မည်သို့ဆိုစေ၊ ကလေးငယ်တို့၏ နှလုံးသားနုနုမပျက်စီးစေရန် အလေးဂရုပြု၍ ကာကွယ်ကုသပေးခြင်းအားဖြင့် အနာဂတ်၏ ခေါင်းဆောင်ကလေးများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ကြီးပြင်းလာကာ တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်စေကြောင်းကို ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။


Credit: ဒေါက်တာယုဇနစောမြင့်

(ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18