Print

နိုးနေတုန်းလေး တလှုပ်လှုပ်

  31-Dec-2018
Preview Image

တစ်နှစ်အောက် ကလေးတွေမှာ ဆတ်ခနဲ ဆတ်ခနဲ လှုပ်ရှားမှုလေးတွေ ရှိတတ်သည်။ အတက်ရောဂါနှင့် မှားတတ်သော်လည်း အတက်ရောဂါမဟုတ်။ Beningn Myoclonus of infancy ဟု ခေါ်သည်။ အန္တရာယ်မရှိ။ တစ်နှစ်အောက်ရော၊ တစ်နှစ်အထက် ကလေးတွေမှာပါ တစ်ခါတလေ ပခုံးလေး ဆတ်ခနဲ တွန့်လိုက်တာမျိုး၊ ခေါင်းလေးဆတ်ခနဲ ခါလိုက်တာမျိုး ခေါင်းကို ရှေ့ကို ဆတ်ခနဲ မှောက်ချလိုက်တာမျိုးတွေ ရှိတတ်သေးသည်။ ရံဖန်ရံခါသာဆိုရင်တော့ စိုးရိမ်စရာမရှိပါ။

လျှာလေးတစ်လစ်တစ်လစ် ထုတ်ပြတာမျိုးကို သူငယ်နာဟုခေါ်ကြသည်။ လျှာအမြဲတမ်း ထွက်နေသည့် အရေးကြီးသည့် ရောဂါအချို့ရှိသည်။ Down’s Syndrome ခေါ် မွေးရာပါဉာဏ်ရည် ချို့တဲ့သည့် ရောဂါ။ မျက်နှာအသွင်အပြင် ထင်ရှားသိသာလွန်းသဖြင့် မြင်ရုံနှင့်ပင် ဆရာဝန်များသိနိုင်သည်။ ဒီရောဂါမှာ ပါးစပ်သေးသဖြင့် လျှာကအပြင်သို့ ထွက်နေတတ်သည်။ Hypothyroidism ခေါ် မွေးရာပါ သိုင်းရွိုက်ဟော်မုန်း အားနည်းသည့်ရောဂါတွင်မူ လျှာက ကြီးနေသဖြင့် ပါးစပ်အပြင် ထွက်နေတတ်သည်။ ဒါကလည်း မြင်ရုံနဲ့ သိသာသည်။

လျှာကြီးပြီး ခနွာကိုယ် ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အရွယ်အစား မတူသော ရောဂါတစ်မျို းရှိသော Beckwidth Widermann Syndrome ခေါ်သည်။ ဒါကတော့ တော်တော်ရှားသည်။ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်နေကြတာ ရှိသေးသည်။ ရုပ်မြင်သံကြား တစ်နေ့တစ်နာရီထက် ပိုကြည့်ခြင်း၊ ကွန်ပျူ တာရှေ့ အထိုင်များခြင်း၊ ရုပ်မြင်သံကြားကို အနီးကပ်ကြည့်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း တို့နှင့် ဆိုင်နိုင်သော် လည်း မျက်စိဘာမှမဖြစ်ဘဲလည်း ဖြစ်နိုင်သည်။ ကလေးက တစ်ယောက်ယောက် လုပ်နေတာကို မြင်ပြီး မသိစိတ်က လိုက်လုပ်ကြည့်ရင်း အကျင့်ပါသွားတာမျိုး ရှိသည်။ လအနည်းငယ်သာ ခံပြီး ပျောက်သွားလေ့ ရှိသည်။

ဆေးသောက်မိလို့ ဖြစ်တာတွေရှိသေးသည်။ အထူးသဖြင့်တော့ အအန်ပျောက်ဆေးများ၊ ကလေးက (ဥပမာ အထက်လှန်အောက်လျှောလို) အကြောင်းတစ်ခုခုကြောင့် အန်သည်။ ဆေးခန်းပြတော့ ဆေးခန်းက Metoclopramide (maxolon) ပါသော ထိုးဆေးထိုးလိုက်သည်။ သို့မဟုတ် သောက်ဆေးတိုက်လိုက်သည်။ နာရီအနည်းငယ်ကြာတော့ ကလေးက သူ့နဖူးအထက်က မမြင်ရသောအရာတစ်ခုကို ကြိုးစားပမ်းစား လိုက်၍ မော့ကြည့်နေသည့်အလား ဇက်တော့၍ တစ်ဖက်စောင်းလာသည်။ လက်လေး၊ ခြေလေးတွေက ဆန့်တန်း၍ ခါးက ကော့လာသည်။ တက်နေတာနှင့် တော်တော်တူသော်လည်း ဆန့်ငင်ဆန့်ငင်တော့လည်း မဖြစ်။ ဆေးအရှိန်ကုန်လျှင် အလိုလို ပြန်ကောင်းသွားတတ်သည်။

အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်နှင့် တမင်မြန်မြန် ရှူပစ်သောကလေးတွေ ရှိသေးသည်။ Hyperventilation Syndrome ဟုခေါ်သည်။ လိုချင်တာတစ်ခုခု မရလျှင်ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် တကယ်ရောဂါရှိနေ၊ ခံစားနေရသည်ဟု ထင်ပြီး ကြောက်လန့်၍ဖြစ်စေ လုပ်တတ်သည်။ အဆုတ်နှင့် နှလုံးတွင် တကယ်တမ်း ဘာရောဂါမှ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ထွက်သွားတာ များလွန်းလျှင် အသက်ရှူရပ်ပြီး သတိလစ်သွားတတ်သည်။

ရင့်ဘတ်အောင့်တာ၊ လက်ဖျား၊ ခြေဖျားလေးတွေ ထုံတာ၊ ကျဉ်တာဖြစ်တတ်သည်။ လက်မနှင့် လက်ချောင်းလေးတွေ တောင့်ပြီး ကပ်သွားတာမျိုးတောင် ဖြစ်တတ်သေးသည်။ မျက်နှာ နီးမြန်းလာသည်အထိ အသက်ရှူမြန်နေပြီး ရပ်ခိုင်း၍ မရပါက (တစ်ခါတလေ) ကလေးပါးစပ်နှင့် နှာခေါင်းကို စက္ကူအိတ်တစ်အိတ် စွပ်ပြီး ထိုအထဲက လေကို ပြန်ရှူသွင်း ရှူထုတ်လုပ်ခိုင်းရသည်။ နောင်ဒါမျိုး ထပ်မဖြစ်ဖို့ ရှင်းပြဆွေးနွေးရန်တော့ စိတ်ပညာရှင်များ အကူအညီရယူရန် လိုမည်။


Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18