Print

ရေကျောက်အကြောင်းသိကောင်းစရာ

  24-Apr-2018
Preview Image

ရေကျောက်သည် လွန်စွာကူးစက်လွယ်သော ရောဂါပင်ဖြစ်ပါသည်။ ရောဂါဗိုင်းရပ်စ်သည် ရေယုန်ဗိုင်းရပ်စ်နှင့် အမျိုးအနွယ်တူသည်ပင်။ ငယ်ရွယ်သော ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ခုခံအားနည်းသူများတွင် ထိုရောဂါဖြစ်လျှင် အသက်အန္တရာယ် လွန်စွာကြီးစေနိုင်ပါသည်။ ရောဂါဖြစ်ပြီးလျှင်မူကား ရောဂါကို ကာကွယ်နိုင်သော ဓာတ် တစ်သက်စာရရှိ သွားနိုင်ပါသည်။ ရောဂါကူးစက်ရန် လွယ်ကူပြီး ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့လျှင် သော်လည်းကောင်း၊ လေထဲရှိရောဂါပိုးကို ရှူရှိုက်မိလျှင်သော်လည်းကောင်း၊ ရံခါရောဂါခံစားနေသူ ကိုင်တွယ်ထားသော ပစ္စည်းများဖြင့် ထိတွေ့မိလျှင်သော်လည်းကောင်း ရောဂါကူးစက်နိုင်ပါသည်။ 


ရောဂါလက္ခဏာများ


ကလေးအသက် နှစ်နှစ်နှင့် ရှစ်နှစ်အကြားတွင် ရေကျောက်အများဆုံးပေါက်ကြပါသည်။ ရှေးဦးလက္ခဏာများမှာ -


ကိုယ်ပူခြင်း


အနည်းငယ် နုံးခြင်းတို့ ဖြစ်ကြပါသည်။ 


အသက်ကြီးသူများတွင်ကား


ခေါင်းကိုက်ခြင်း


လည်ချောင်းနာခြင်း


နောက်ကျောနာခြင်း လက္ခဏာများပါ ပူးတွဲဖြစ်လာတတ်ကြပါသည်။

ကိုယ်ပူချိန် ပို၍ ပို၍ မြင့်တက်လာပြီး ဒုတိယနေ့မှ စ၍ အနီဖုလေးများ ထွက်ရှိလာပါသည်။ နာရီအနည်းငယ်အတွင်း အနီဖုအသွင် ပျောက်သွားပြီး ရေကြည်ဖုအသွင် ပျောက်သွားပြီး ရေကြည်ဖုအသွင်ဖြင့် သုံးရက် လေးရက်ခန့်ကြာအောင် တွေ့ရတတ်ပါသည်။ ထို့နောက် အဖုလေးများခြောက်သွေ့လာပြီး အသားမာခြောက်အဆင့်သို့ ရောက်ရှိသွားပါတော့သည်။ ထိုအဖုလေးများသည် အရေပြားအတွင်း လွန်စွာချိုင့်ဝင်သွားခြင်း မရှိပေ။ ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး၊ အဖုဘေးပတ်ပတ်လည်တွင် အနီပျဉ်များ ဝန်းရံလေ့ရှိပါသည်။ 


ရေကျောက်ဟူ၍ ခေါ်ရလောက်အောင် ထင်ရှားသောလက္ခဏာမှာ ဖောင်းသောအနီဖု၊ ပို၍ ဖောင်းသော အနီဖု၊ ရေကြည်ဖု၊ ပြည်ဖု၊ မည်း၍ ကွာကျသွားသော အဖုဟူ၍ အဆင့်ဆင့်သော အဖုများကို ကိုယ်ခန္ဓာကိုယ်ပေါ်တွင် အဆင့်တိုင်းအား တစ်ပြိုင်နက် တွေ့ရှိရခြင်းပင်ဖြစ်ပါသည်။ အဖုများကို ရင်ဘတ်၊ ကျောတို့တွင် အများဆုံးတွေ့ရပြီး ခြေလက်၊ ခြေဖဝါး၊ လက်ဖဝါးများတွင် လွန်စွာတွေ့ရခဲ့ပါသည်။


အဖုများ ခြောက်လာလျှင် လွန်စွာယားယံတတ်ပြီး အမာရွတ်များ ကျန်တတ်ပြီး ထိုအမာရွတ်များသည် ကျောက်ကြီးပျောက်သကဲ့သို့ လွန်စွာချိုင့်ဝင်သွားခြင်း မရှိပေ။ ရံခါသေရာပါကျန်မည့် အမာရွတ်များလည်း မဟုတ်ပါပေ။ လျှာ၊ အာခေါင်တွင်း၊ ပါးစောင်တွင်း၊ မျက်စိတွင်း၊ မိန်းမကိုယ်တွင်း အစရှိသည်တို့၌လည်း ပေါက်တတ်သည်။ အဖုများခြောက်ပြီး ကွာကျစပြုသောအချိန်တွင် ကလေးလည်း ကိုယ်ပူချိန်ကျသွားပြီး ဖြစ်သည်။


သွေးယိုတတ်သည်တဲ့..


သွေးယိုတတ်သော ရေကျောက်ပေါက်ရောဂါလည်း ရှိပါသည်။ ထိုရေကျောက်အမျိုးအစားတွင် ကိုယ်ပူလည်း လွန်စွာကြီးတတ်ပြီး လွန်စွာလည်း ခွေနုံးတတ်ပါသည်။ အဖုလေးများ ထွက်လာလျှင် ရေကြည်ဖုအတွင်းသို့ သွေးယိုစီးခြင်းဖြစ်ပြီး ရံခါသွေးယိုစီးနှုန်း လွန်စွာများတတ်ပါသည်။ အဖုများသည် သွေးယိုစီးခြင်းကြောင့် မည်းနက်သော အရောင်ရှိပြီး အရေပြားလည်း သွေးခြည်ဥနေတတ်ပါသည်။ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်းတို့၌လည်း သွေးယိုတတ်ပါသည်။ ခုခံအားကျဆင်းသော သူများ၊ စတီးရွိုက် Steroid နှင့် ကင်ဆာဆေး သောက်နေရသူများတွင် ထိုရေကျောက်မျိုး ပေါက်တတ်ပါသည်။ 


မွေးရာပါရေကျောက်


ကိုယ်ဝန်ဆောင် မိခင်ရေကျောက်ပေါက်လျှင် ဖြစ်တတ်သောရောဂါဖြစ်ပါသည်။ ကိုယ်ဝန်ရှိစ၊ ပထမသုံးလတွင် မိခင်ရေကျောက်ပေါက်လျှင် ကလေးငယ်၏ နှလုံး၊ ဦးနှောက်၊ အသည်း စသည့် အင်္ဂါများ တည်ဆောက်ဆဲကာလ ဖြစ်သဖြင့် မိခင်ထံမှ ရေကျောက်ဗိုင်းရပ်စ်ပိုးများသည် ကလေးငယ်၏ ဖြစ်ပေါ်စ အရေးကြီးအင်္ဂါများကို ဖျက်ဆီးပစ်လိုက်ကြပါသည်။ ထိုကလေးငယ် မွေးဖွားလာသောအခါ ဦးနှောက် မဖွံ့ဖြိုးခြင်း၊ ခြေလက်တို့၌ ပြဿနာများရှိခြင်း၊ မျက်စိကွယ်ခြင်းတို့ဖြင့် မွေးဖွားလာပါတော့သည်။ ဉာဏ်ရည်မမီသော ကလေးများလည်း ဖြစ်နိုင်ပါသည်။ 


မွေးကင်းစနှင့် ရေကျောက်


ဤအနေအထားသည် မွေးရာပါရေကျောက်နှင့် မတူပါပေ။ ကိုယ်ဝန်ဆောင် မိခင်သည် ကလေးမမွေးဖွားမီ ခုနစ်ရက်အတွင်း သို့မဟုတ် မွေးပြီးစ နှစ်ရက်အတွင်း ရေကျောက်ပေါက်လျှင် မွေးကင်းစ ကလေးငယ်သည် အလွန်ဆိုးဝါးသော ရေကျောက်ပေါက်လာခြင်းကို ဆိုလိုပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် လွန်စွာပြင်းထန်သော အဆုတ်ရောင် ရောဂါကြောင့် မွေးကင်းစကလေးငယ် သေဆုံးနှုန်းလည်း မြင့်တက်လာပေသည်။


ဦးနှောက်ရောင်ခြင်းနှင့် အခြားသော ..


ရေကျောက်ရောဂါ၏ နောက်ဆက်တွဲပြဿနာအဖြစ် ဦးနှောက်ရောင်ခြင်း ဖြစ်တတ်ပါသည်။ အထူးသဖြင့် ဦးနှောက်၏ အောက်ခြေပိုင်းတို့ ရောင်တတ်ပြီး ကလေးသည် တက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း၊ လှုပ်ရှားခြင်း၌ အခက်အခဲရှိခြင်း စသည်တို့ ဖြစ်ပေါ်လာတတ်ပါသည်။ အခြေအနေအလွန်စွာ မဆိုးပဲ ပြန်ကောင်းလာနိုင်ပါသည်။


အခြားနောက်ဆက်တွဲပြဿနာများမှာ ..


သွေးဆိပ်ပြန့်ခြင်း၊ သွေးဆိပ်တက်ခြင်း


ပြည်တည်နာ အကြီးကြီးများဖြစ်ခြင်း


ပြည်တည်နာမှတစ်ဆင့် အခြားရောဂါများသို့ ဆက်လက်၍ ပြည်တည်ခြင်း


လွန်စွာပြင်းထန်သော အဆုတ်ရောင်ခြင်းတို့ဖြစ်ကြပါသည်။ 


ကာကွယ်ခြင်း


ရေကျောက်ရောဂါကူးစက်မှုကိုကာကွယ်ရန် ရေကျောက်ပေါက်သောကလေးအား သီးသန့်ခွဲထားခြင်းသည်များစွာ အကျိုးမရှိပါပေ။ သို့ရာတွင် ခုခံအားနည်းသူများ အစရှိသည့် ကလေးများနှင့် သီးခြားထားရန် လိုအပ်ပေသည်။ အနီဖုများ မထွက်မီ နှစ်ရက်ခန့်မှ အစပြု၍ အနီပျဉ် ခြောက်သွေ့ ညိုမည်းလာသည်အထိ အချိန်သည် ရောဂါပိုးဖြန့်ချီနိုင်သော ကာလပင်ဖြစ်သည်။ ထိုအချိန်အထိ သီးခြားထားလျှင်လည်း ရောဂါကူးစက်မှု ကာကွယ်နိုင်သည်။ အနာဖေးကွာကျလာပြီးမှ ကလေးအား ကျောင်းလွှတ်လျှင် အခြားကလေးများအား ကူးစက်ခြင်းမှ ဟန့်တားသည် မည်ပါသည်။


ရေကျောက် ရောဂါကာကွယ်ဆေးသည် အမျိုးသားကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းနိုင်ခြင်း မရှိသေးသော်လည်း အချို့ရရှိသော နေရာဌာနများတွင် ထိုးပေးနေပါသည်။ အသက် ၁၂ လနှင့် ၁၅ လ အကြားတွင် ထိုးရမည် ဖြစ်ပါသည်။ အသက် လေးနှစ်နှင့်ခြောက်နှစ်အကြားတွင် အချို့က ထပ်ဆင့်၍ ဒုတိယအကြိမ် ထိုးကြပါသည်။ 




Credit: ဒေါက်တာယုဇစောမြင့် 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18