Print

ကလေးများနှင့် သွေးဖြူဥနည်းခြင်း

  07-Apr-2018
Preview Image

 ကလေးများမှာ သွေးဖြူဥနည်းလာတဲ့အခေါ် မကြာခဏ အဖျားဝင်ခြင်း၊ အနာပေါက်ခြင်း၊ အနာကျက်ရန် ကြာမြင့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးများစွာကလည်း သွေးထဲမှာ သွေးဖြူဥကို နည်းပါးသွားစေနိုင်ပြီး မကြာခဏ ဝင်လေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိနေပြန်ပါတယ်။ သွေးဖြူဥတွေဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ သွေး တစ်မိုက်ခရိုလီတာထဲမှာ ၁၅၀၀ ထက်နည်းနေရင် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ သွေး တစ်မိုက်ခရိုလီတာထဲမှာ အလုံးရေ ၅၀၀ အောက်ရောက်သွားခဲ့ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပြီး၊ ပြင်ပမှ ဝင်လာတဲ့ ပိုးများကို ခုခံနိုင်စွမ်းလျော့ပါသွားပြီဖြစ်ပါတယ်။ ခြင်ဆီအလုပ်မလုပ်၊ ခြင်ဆီခန်းခြောက်လို့ သွေးဖြူဥနည်းတာတွေက ပိုပြီးအဖြစ်များနေပါတယ်။


 ကလေးရဲ့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးဝင်ရောက်လာတဲ့အခါ ၄၈ နာရီမှ စတင်ပြီး ၈ ရက်ခန့်အတွင်း သွေးဖြူဥပမာဏ ထိုးကျသွားလေ့ရှိပါတယ်။ ဗက်တီးရီးယားပိုးများကတော့ တစ်ကိုယ်လုံး သွေးဆိပ်ပျံ့နှံ့ပြီဆိုတဲ့အခါ မွေးကင်းစမှာ ဝင်ခံရတဲ့ ဗက်တီးရီးယား သွေးဆိပ်ပျံ့တဲ့အခါ ခြင်ဆီထဲမှ သွေးဖြူဥများ အစားပြန်မထိုးနိုင်တဲ့အတွက် သွေးဖြူဥများ လျော့ကျသွားနိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါပိုး ထူပြောနိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်မှာနေတဲ့ ကလေးတွေမှာ ဗိုင်းရပ်စ်ပိုးဝင် တစ်ခါဖျား သွေးဖြူဥကျဆင်းပြီး နောက်တစ်ခါ ဗက်တီးရီးယားပိုးကို မတွန်းလှန်နိုင်ဘဲ အဖျားပြန်ဝင် စသည်ဖြင့် ထပ်ပြန်တစ်လဲလဲ ဖြစ်နိုင်ခြေကို ဂရုစိုက်ကြရတာ ဖြစ်ပါတယ်။ ကလေးတွေသောက်လေ့ရှိတဲ့ ဆေးတွေထဲမှာ ကင်ဆာကုသဆေး၊ သိုင်းရွိုက်ရောဂါတွင် သုံးသောဆေး၊ အတက်ကျဆေး၊ ပိုးသတ်ဆေးတချို့က သွေးဖြူဥပမာဏ ကျဆင်းစေတတ်လို့ စဉ်းစားချင့်ချိန် စစ်ဆေးပေးရပါတယ်။


 သွေးဖြူဥနည်းတာ သွေးထဲမှာ တွေ့နေတဲ့အခါ ကြားဖူးနားဝရှိတဲ့ မိဘတွေက ခြင်ဆီခန်းသွားပြီလား၊ စိုးရိမ်စရာ သွေးကင်ဆာလား၊ ဆေးတိုက်တာ၊ လွန်သွားတာလား စသည်ဖြင့် မကြာခဏ စိုးရိမ်ပူပန်ကြပါတယ်။ တိုက်ဖွိုက်ရောဂါ၊ ကလေးတီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ အစရှိသည့်ရောဂါတွေမှာလည်း သွေးဖြူဥတွေ နည်းသွားလေ့ရှိပါသည်။ ဒီရောဂါတွေ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ရောဂါလက္ခဏာများအရသော်လည်းကောင်း ရှာဖွေကြည့်နိုင်ပါတယ်။ လေးပတ်ခန့်ကြာတဲ့အခါ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး သင့်တော်သော ပိုးကင်းစေသော ဆေးများကို တိုက်ကျွေးပြီးပြီဆိုရင်တော့ စိုးရိမ်ဖွယ်မရှိပါ။ သို့သော် မူလရောဂါကို တိုက်ရိုက်ထိသော ကုထုံးနှင့် လွဲခဲ့ရလျှင် သွေးဖြူဥနည်းပြီး သွေးဆိပ်ပြန့်ခြင်းသည် ကြီးစွာသော အန္တရာယ်ဖြစ်ပါတယ်။


ခြင်ဆီဖောက် စစ်ဆေးရန် လို၊ မလိုစဉ်းစားတဲ့အခါ သွေးဖြူဥသာမက သွေးနီဥ၊ သွေးဥမွှားများပါ နည်းသွားတဲ့အခါ၊ ခြင်ဆီပျက်စီးမှု အတိုင်းအဆကို သေချာစွာ သိရန်လိုတဲ့အတွက် တာဝန်ယူကုသသော ကလေးအထူးကုဆရာဝန်က ညွှန်ကြားလျှင် လိုက်ရပါမယ်။ သုံးပတ်ကျော်လာလို့ သွေးဖြူဥပမာဏ နည်းနေသေးတယ်ဆိုရင်၊ သုံးကြိမ်ဆက်တိုက် ဖြစ်လာလျှင်လည်း မဖြစ်မနေ ခြင်ဆီစစ်ဆေးသင့်ပါတယ်။ မည်မည်ရရ ဖြစ်နိုင်ခြေရှိသော နောက်ခံရောဂါကို ရှာမတွေ့ခဲ့ရင်တောင်မှ ခန္ဓာကိုယ်တွင် ခုခံအားစနစ်မှ စတင်ဖောက်လွဲ ဖောက်ပြန်ဖြစ်၍ ခုခံအားကျဆင်းတတ်သော ပြဿနာများအထ စဉ်းစားဖော်ထုတ် အဖြေရှာရပါတယ်။ 


 သွေးဖြူဥနည်းတဲ့ရောဂါကို ဘယ်လို စောင့်ကြည့်မလဲဆိုတာ အရေးကြီးသလို သွေးဖြူဥနည်ူလို့ ပိုးဝင်တဲ့အခါ ဆေးဝါးများနဲ့ လျင်လျင်မြန်မြန် ထိထိရောက်ရောက် ကုသပေးရပါတယ်။ ရိုးတွင်းခြင်ဆီမှ သွေးဖြူဥများ အစားပြန်ဖြည့်နိုင်ရန် မသေချာတဲ့ အခြေအနေကို ရောက်လာပြီဆိုရင်တော့ ခြင်ဆီအစားထိုး ကုသမှုနည်းလမ်းများ အထိ သွေးဖြူဥနည်းသွားတဲ့အခါ ကလေးများကို ပြင်ပမှပိုးများ အဝင်ခံရခြင်းမှ နည်းသွားစေရန် ကာကွယ်တီးဆီးခြင်း၊ ပိုးကင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့ဟာလည်း ကလေးများကျန်းမာရေးအတွက် သတိပြုသင့်သော အချက်များပဲ ဖြစ်ပါတယ်။


Credit: ပါမောက္ခဒေါက်တာကေသီထွန်း

ကလေးအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18