Print

ခွေးကြောင်သန်ကောင်ဝေးဝေးရှောင်

  07-Mar-2018
Preview Image

တိရိ စ္ဆာန်များမှတစ်ဆင့် လူတို့အား ဒုက္ခများကို ပေးဆောင်သောရောဂါများစွာရှိပါသည်။ ဥပမာအားဖြင့် ပြဆိုရပါလျှင် ကြောင်၊ ခွေး၊ အလှေးအမွေးတို့မှ ရရှိသော ပန်းနာရင်ကျပ်ရောဂါ၊ ကြွက်၏ ကျင်ငယ်မှတစ်ဆင့်ကူးစက်သော လက်ပံကို စပိုင်းရာ အသည်းရောင်အသားဝါ၊ ကြွက်မှ တစ်ဆင့်ဖြစ်သော ပလိပ်ရောဂါ၊ ကြက်ငှက်တုပ်ကွေး စသည်ဖြင့် မြောက်မြားစွာ ရှိပါသည်။ အထူးသဖြင့် ကလေးငယ်တို့သည် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ခွေးကြောင်တို့နှင့် ဖက်လဲတကင်း ချစ်ခင်စွာ နေထိုင်တတ်ကြသည်ဖြစ်ရာ တိရိစ္ဆာန်များမှတစ်ဆင့် ပေးဆောင်နိုင်သော ရောဂါတို့သည်လည်း ကလေးများထံသို့ ရောက်ရှိရန်ပို၍ လွယ်ကူရခြင်း ဖြစ်ပါသည်။


ခွေးကြောင် သန်ကောင်ထူးခြားချက်

ခွေးကလေး၊ ကြောင်ကလေးများတွင်ဖြစ်သော သန်ကောင် Toxocara canic သည် လူတွင်ဖြစ်သော သန်ကောင်နှင့် ဆွေမျိုးရင်းချာ တော်စပ်ပသည်။ ထိုသန်ကောင်တို့ အဓိက ခိုနားလေ့ရှိသော တိရိစ္ဆာန်များမှာ ခွေးကလေးများနှင့် မြေခွေးများ ဖြစ်ကြပါသည်။ ထိုသန်ကောင်တို့သည် လူသန်ကောင်တို့ကဲ့သို့ပင် ခွေး၏ အူလမ်းကြောင်းတွင် သံသရာလည်ရင်း၊ သားလောင်းဘဝမှ သန်ကောင်ကြီးဘဝသို့ ရောက်ရှိရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ခွေး၏ အူတွင်း၌ သံသရာလည်သော သန်ကောင်တို့အတွက်ထူးခြားချက်မှာ ခွေးသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရောဂါကို ခုခံနိုင်သည့်အင်အား ရရှိပြီး၊ ခွေးအသက် ခြောက်လခန့်တွင် ထိုအင်အားကို ရရှိခြင်းဖြစ်ပါသည်။ ထိုအင်အားကြောင့် ခွေးသည် သန်ကောင်များကို မိမိကိုယ်တွင်းမှ ထုတ်ပစ်နိုင်စွမ်းရှိပါသည်။ ဤသည်မှာ လူနှင့်မတူသည့် ထူးခြားချက်ပင် ဖြစ်ပါသည်။ သန်ကောင်ကို ထုတ်ပစ်နိုင်စွမ်းအားသည် ခွေးမကြီး ကိုယ်ဝန်ရှိချိန်တွင် ဆုံးရှုံးသွားခြင်းပင်ဖြစ်ပါသည်။


မည်သို့ ဆက်လက်ဖြစ်ပေါ်ပါသနည်း

သန်ကောင်ကို ကိုယ်တွင်းမှ ထုတ်ပစ်နိုင်စွမ်း၊ ဆုံးရှုံးသွားရှာသော ကိုယ်ဝန်ဆောင် ခွေးမကြီးခမျာ၊ သားလောင်သန်ကောင်၏ ထပ်ဆင်းထပ်ဆင့် တက်တက်ကြွကြွ တိုက်ခိုက်ခြင်းကို ခံရရှာပါတော့သည်။ ထို့ပြင် ထိုသားလောင်းထံသို့ပါရောက်ရှိပြီး၊ ခွေးကလည်းသည်လည်း သူ၏ ကိုယ်တွင်း၌ သန်ကောင်ကိုသယ်ဆောင်လျက် မွေးဖွားလာရှာပါတော့သည်။ 


လူကလေးများထံသို

့ကလေးများထံသို့ ထိုခွေးသန်ကောင်လေးများ ရောက်ရှိနိုင်ပုံမှာ ရောဂါရှိသော ခွေး၏ မစင်မှတစ်ဆင့်သော်လည်းကောင်း၊ ခွေးပေါက်စ သို့မဟုတ် နို့တိုက်ခွေးမများထံမှ တိုက်ရိုက်သော်လည်းကောင်း ရောက်ရှိသွားနိုင်ပါသည်။ ကလေးများသည် ခွေးငယ်ကလေးများနှင့် ဆော့ကစား၍ လက်မဆေးဘဲ အစားအစာများ စားသောက်ရာမှ ခွေးငယ်လေးများ၏ မစင်မှ သန်ဥလေးများသည် အစားအသောက်နှင့်အတူ အစာအူလမ်းကြောင်းသို့ ရောက်ရှိရပါသည်။


 သန်ဥလေးများမှ အသားလောင်းဘဝသို့ ရောက်သောအခါ လူ၏ အူနံရံကို ဖောက်ထွင်း၍ ထွက်လာပြီးနောက် လမ်းကြောင်းပျောက်သွားပြီး အမှန်တကယ် သွားရမည့် အဆုတ်သို့ မရောက်တော့ပေ။ ဦးတည်ရာမဲ့ပြီး ရည်မှန်းချက်ပျောက်ကင်းနေရှာသော သားလောင်းလေးများသည် သူတို့ အမှန်တကယ်နေထိုင်ရမည့် အိမ်ရှင်မ မဟုတ်သော လူသား၏ ခန္ဓာကိုယ်တွင်းဝယ် သူစိမ်းပမာဖြစ်နေရှာပါသည်။ 


 စင်စစ် အဆုတ်သို့ ရောက်ပြီး အဆုတ်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းအတိုင်း အထက်သို့ဆန်တက်၍ လည်ချောင်းဝအရောက်တွင် ပြန်မျိုချရမည်ဖြစ်ပါသည်။ ဤနည်းဖြင့် ဒုတိယအကြိမ် အူလမ်းကြောင်းသို့ ပြန်ရောက်ပြီးမှ သားလောင်းဘဝမှ သန်ကောင်ကြီးဘဝသို့ ရောက်ရှိရမည် ဖြစ်ပါသည်။ 


လမ်းမှားသို့ရောက်

 ယခုကား ဤသို့မဟုတ်၊ အူနံရံကို ဖောက်ထွက်ပြီးနောက် ဆိုခဲ့ပြီးသည့်အတိုင်း လမ်းကြောင်းမှန်ဖြစ်သော အဆုတ်တွင်းသို့ မရောက်ရှိဘဲ မှားယွင်းသော ဦးတည်ချက်ဖြင့် ရည်ရွယ်ချက် ကင်းမဲ့စွာ ဝေဝေဝါးဝါး လမ်းသလားနေရှာပါတော့သည်။ ဤသို့ဖြင့် အူလမ်းကြောင်းသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခြင်းမရှိ၊ အူလမ်းကြောင်းအစား မရောက်သင့်သော အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ကြွက်သား၊ ဦးနှောက်၊ မျက်စိစသည်တို့ကို ရောက်ရှိသွားပြီး၊ သားလောင်းခမျာ အရည်အိတ်ကလေးအတွင်းတွင် အကျဉ်းသားလေးပမာ နေရရှာပါတော့သည်။ 


မည်သို့သော လက္ခဏာများ

 ထိုရောဂါရရှိသော ကလေးများသည် အများအားဖြင့် အသက်တစ်နှစ်နှင့် ငါးနှစ်အရွယ်ကြားတွင် ဖြစ်ပါသည်။ ကလေးသည် လွန်စွာသေးကွေးနေကြောင်း တွေ့ရှိရပါသည်။ ထိုရောဂါပိုင်ရှင်ကလေးများသည် မစားအပ်သော အရာဝတ္ထုများကို နှစ်သက်ခုံမင်စွာ စားသောက်တတ်သော အကျင့် (Pica) ရှိကြပါသည်။ ဥပမာ မြေကြီးခဲ၊ ရွံ့၊ ကျောက်ခဲ စသည်တို့ ဖြစ်ကြပါသည်။ သွေးအားနည်းခြင်း၊ ကိုယ်ပူချိန်တက်ခြင်း အသည်းနဲ့ ဘေလုံးကြီးခြင်းတို့လည်း ဖြစ်လာနိုင်ပါသည်။ အဆုတ်တွင်းသို့ ရောက်ရှိသွားလျှင်လည်း ချောင်းဆိုးခြင်း၊ လေပြွန်ကျုံ့ခြင်း စသည်တို့လည်း ဖြစ်ပေါ်နိုင်ပါသည်။ အဆုတ်သို့ ရောက်လျှင်လည်း ပုံမှန်လမ်းအတိုင်း လေပြွန်သို့ ဆန်တက်၍ အူလမ်းကြောင်းတွင်း ပြန်မဝင်ဘဲ အဆုတ်အတွင်းမှာသာ ဆက်လက်တည်ရှိပြီး ဒုက္ခပေးနေခြင်း ဖြစ်ပါသည်။


အင်္ဂါတစ်ခု၌သာ

 လူ၏ကိုယ်ခန္ဓာ အတွင်း၌ အင်္ဂါတစ်ခုတည်းအတွင်း၌လည်း တည်ရှိနေနိုင်ပြီး ထိအင်္ဂါထိခိုက်ပျက်ယွင်းသော လက္ခဏာများ ပြပါသည်။ ဥပမာ အဆုတ်အတွင်း၌ နစ်မြုပ်နေသဖြင့် ချောင်းဆိုး၊ ရင်ကျပ်၊ မောပန်းခြင်း၊ စသည့်လက္ခဏာများ ပြသပါသည်။ နာတာရှည်အသွင်ဖြင့် ရံခါ နှစ်နှင့်ချီ၍ ထိုအင်္ဂါထဲတွင် နေသွားတတ်ပါသည်။ 


မျက်စိအတွင်း၌

 ရံခါ မျက်စိသည် သားလောင်သန်ကောင်၏ တစ်ခုတည်းသော နားခိုရာအဖြစ် နေတတ်ကြပါသည်။ ကျောင်းသားအရွယ်၊ အသက်ခုနှစ်နှစ်၊ ရှစ်နှစ်ခန့်တွင် အများဆုံုး တွေ့ရှိရတတ်ပါသည်။ ထိုသားလောင်းနေထိုင်ရာမျက်စိသည် ကွယ်သွားတတ်ပြီး မျက်စိတစ်ဖက်တည်း၌သာလျှင် ဖြစ်တတ်ကြောင်း ကံကောင်းစွာတွေ့ရှိရပါသည်။ မျက်စိ အမြင်လွှာ Retina ရောင်ခြင်း၊ ကွာကျခြင်းတို့ဖြစ်ပြီး မျက်စိကွယ်ရခြင်း ဖြစ်ပါသည်။ 


ကိုယ်ဝန်ဆောင်မိခင်မှ တစ်ဆင့်

 ကိုယ်ဝန်ဆောင် ခွေးမကြီးမှ သန္ဓေသားခွေးငယ်လေးထံသို့ ချက်ကြိုးမှတစ်ဆင့် ထိုရောဂါကူးစက်ပါက မျက်စိကို ထိခိုက်၍ မွေးဖွားလာသည်ဟု အဆိုရှိပါသည်။ ထိုနည်းတူပင် ရောဂါရှိသော ကိုယ်ဝန်ဆောင် မိခင်မှတစ်ဆင့် သန္ဓေသားတို့ ကူးစက်နိုင်ပြီး ထိုကလေးငယ်သည်လည်း မွေးရာပါအမြင် အာရုံချို့တဲ့၍ မွေးဖွားလာနိုင်ပါသည်။ ဤအဆိုမှန်ကန်ပါက ကိုယ်ဝန်ဆောင် မိခင်တို့သည် ထိုသန်ကောင်ရောဂါမရအောင် အထူးသတိပြု၍နေထိုင်ရမည်ဖြစ်ကြောင်း သတိပေးရမည်း ဖြစ်ပါသည်။ ကြောင်များတွင်လည်း အလားတူဖြစ်ရပ် ဖြစ်ပေါ်နိုင်ပါသည်။ 


ကာကွယ်၍ ရပါသလော

 ထိုတိရိစ္ဆာန်ကလေးများကို မှန်မှန်သန်ချပေးရန် မမေ့လျော့သင့်ပါ။ အထူးသဖြင့် ခွေးပေါက်စလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ မိမိတို့၏ အချစ်တော် အိမ်မွေးတိရိစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစင်ကြယ်စွာ ဆေးကြောရန် ပညာပေးရပါမည်။ ခွေးများ မိမိ၏မျက်နှာကို လျှာဖြင့် လျက်ခြင်းကိုလည်း ခွင့်မပြုသင့်ပါ။ ခွေးများ ကြောင်များ မစင်စွန့်ခြင်းကိုလည်း စည်းကမ်းချမှတ် ပေးထားသဖြင့် ကလေးများကစားသော နေရာများတွင် လုံးဝမပြုလုပ်နိုင်ရန် ကာကွယ်ရမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်။ 


Credit: ဒေါက်တာယုဇနစောမြင့် 

(ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18