Print

ကလေးတွေအဖျားကို ငါးမိနစ်အတွင်း အပူချစေတဲ့ နည်းလမ်းကောင်းများ

  27-Dec-2017
Preview Image

ကလေးဆေးခန်းမှာ၊ အများစုလာပြကြရင် အဖျားတက်နေတဲ့ ကလေးလူနာလေးတွေ များကြပါတယ်။ အဖျားတော်တော်နဲ့မကျရင် ကလေးမိဘတွေ မျက်လုံးပြုးကြရသလို၊ အဲဒီဆရာဝန်လည်း နားအပူ အတော်ခံရတတ်ပါတယ်။ 


ကလေးကိုယ်ပူရင် သတိထားသင့်တာတွေအကြောင်းများ

 အဖျားအတော်နဲ့ မကျရတာက ရောဂါပြင်းထန်လို့ ဖြစ်နိုင်သလို သောက်ဆေး ညွှန်ကြားထားသလောက် မဝင်လို့ ကလေးကို လေဝင်လေထွက် မကောင်းတဲ့နေရာမှာထားလို့ အဝတ်တွေ၊ စောင်တွေ အထပ်ထပ်ခြုံထားလို့ ရေပတ်တစ်ကိုယ်လုံး မတိုက်ဘဲ နဖူးလေးပေါ်သာ တင်ထားလို့၊ ရေခဲရေနဲ့ လျှပ်တစ်ပြက်ရေပတ်တိုက်လို့ အပူတွေ ခဏကျပြီး ချက်ချင်း များများအပူပြန်တက်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အဖျား အတော်နဲ့ မကျတာဖြစ်နိုင်ပါတယ်။ 


 စိုးရိမ်သောကကြီးနေတဲ့ မိဘတွေက ဆရာဝန်တွေ အထူးကုဆရာဝန်တွေကို သို့လော သို့လော အပြောတွေနဲ့ ဖိအားပေးကြသလို ကြားဖူးနားဝနဲ့ တောရန်းမယ်ဘွဲ့နည်းလမ်းတွေကို သူတို့ဘာသာလည်း လျှောက်လုပ်မိတတ်ကြ ပါတယ်။ အဖျားကြီးလို့ မှိန်းနေတဲ့ကလေးကို မက်ကလောင်ဖောက်တာဆိုပြီး လူကြီးသုံးလေးယောက် ဝိုင်းချုပ်ကိုင်ပြီး ဖင်ဖြဲကာ တွယ်အပ်ဈ ချုပ်အပ်၊ ဆေးလိပ်ဖင်စီခံ၊ အဝတ်ကြမ်းစေ့ ရှောက်ပင်က ဆူး အစရှိတဲ့ ချွန်ထက်ကြမ်းတမ်းတဲ့ အရာတွေနဲ့ ကလေးစအိုအတွင်းထဲက၊ အသားနု နီတာရဲကို၊ မညာမတာ ဖောက်ကြပါတယ်။ လူကြီးအားနှင့် ဝိုင်းဝန်းချုပ်ကိုင်တာဆိုတော့ ကလေးကကြောက်လန့်တကြား အော်ဟစ်ရုန်းကန် နာကျင်လို့လည်း အော်ငိုနဲ့ဆိုတော့ ဖောက်နေတုန်းခဏပဲ အဖျားကျချင် ကျပါလိမ့်မယ်။ 


 ဒါကို လူကြီးတွေက ကောင်းတဲ့အချက်လို့ အထင်မှားကြပုံပါပဲ။ ခဏမကြာ ချက်ချင်းပဲ အပူပြန်တက်လာရုံမက ဘဲ အရင်ကထက် ပိုမိုဆိုးရွားတဲ့လက္ခဏာတွေ တွေ့လာရစေပါလိမ့်မယ်။ မေးခိုင်ပိုးဝင်ရောက်စေကာ တစ်ပူပေါ်တစ်ပူဆင့်ပြီး ပိုဒုက္ခရောက်စေပါတယ်။ နဂိုကမှ ဖျားနေတဲ့ ကလေးကို စအိုပတ်လည်က ရောဂါပိုးမျိုးစုံပါ ကိုယ်ခန္ဓာသွေးတွေကို ဝင်ရောက်ပေါက်ပွားကာ သွေးဆိပ်တက် Septisemia ရောဂါနဲ့ အသက်အန္တရာယ်တောင် ပေးနိုင်တဲ့အတွက်ကြောင့် လူကြီးရော ကလေးမှာပါလုံးဝဖင်မဖောက်သင့်ပါဘူး။ 


 တချို့နယ်က တလွဲဆံပင်ကောက်ဆံပင်ကောင်းတတ်ကြတဲ့ မိဘဘိုးဘွားတွေက ရေပတ်တိုက်ပြီး အဖျားချရမှာကို အတော်ဝန်လေးကြပါတယ်။ ကြောက်ဝ့ံကြပါတယ်။ ရေပတ်တိုက်ရင် သူတို့အခေါ် အခိုးငုတ်သွားပြီး ကလေးပိုဆိုးလာမယ် ထင်မှတ်မှားကြတာမို့ သေချာရှင်းပြပေးရပါတယ်။ ရေပတ်တိုက်ရင် ကလေးတစ်ကိုယ်လုံး အဝတ်ချွတ်ထားပြီး သာမန် ရေအေးအဝတ်ရေစိုနဲ့ တစ်ကိုယ်လုံးအနှံ့ ပွတ်တိုက်ပေးရပါတယ်။ အဝတ်ရေစိုကြီး ခြံုထားစရာ မလိုပါဘူး။ အပူကျလာတဲ့အထိ တစ်ကိုယ်လုံး ခပ်ရွှဲရွှဲ ရေပတ်တိုက်ပြီး ကိုယ်အပူအတော်ကျလာမှ၊ အဝတ်ခြောက်နဲ့ရေတွေစင်အောင် သုတ်ကာ ချောင်ချိတဲ့  အဝတ်အစားဝတ်ထားပေးရုံပါပဲ။ အပူအတော်နဲ့မကျသေးရင် လည်းပင်းကြား ချိုင်းကြားနဲ့ ပေါင်ခြံကြားတွေမှာ အဝတ်ရေစို အလုံးလိုက်လေးတွေ ထည့်ထားပေးနိုင်တယ်။ စောင်အထပ်ထပ် ခြံုစရာမလိုဘဲ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ကလေးကိုထားသင့်ပါတယ်။


 သာမန်အေးနေတဲ့ ရေနဲ့သာ ရေပတ်နိုင်အောင် တိုက်ပေးရင် အပူပြန်တက်တာ မမြန်စေပါဘူး။ ရေခဲရေနဲ့ ရေပတ်တိုက်ပေးရင် အရေပြားအောက်က သွေးကြောတွေ ကျံု့သွားစေတဲ့အတွက် ခဏလေးသာ ချက်ချင်းအပူကျပေမယ့် ကိုယ်အပူက မထင်မှတ်ပဲ အမြန်ဆုံးပြန်ပူလာစေပါတယ်။ ပြီးတော့ ကလေးတွေက ရေခဲရေ အေးစက်စက်ကြီးနှင့် ထိတွေ့ရတာကိုလည်း မနှစ်မြို့ကြပါဘူး။ 


 ဒါ့ကြောင့် သာမန်ရေအေးအေး သို့မဟုတ် မပူမအေး ရေနဲ့သာ ရေပတ်တိုက်ပေးသင့်ပါတယ်။ ကလေးဖျားလာတိုင်း ရေပတ်တိုက်ပေးတာက ခဏတိုင်း အဖျားကျဆေး တိုက်တိုက်နေတာထက် ပိုပြီး ဘေးကင်းပါတယ်။ တချို့က အဖျားအမြန်ကျအောင် စတီးရွိုက်ဆေးတွေ၊ ပဋိဇီဝဆေး အပြင်းတွေ အသုံးပြုတတ်ကြပါတယ်။ မလိုအပ်ဘဲ သုံးတဲ့အတွက် ဘေးထွက်ဆိုးကျိုးသာ လူနာခံစားစေရတဲ့အတွက် အဲဒါတွေကိုလည်း လုံးဝ မသုံးသင့်ပါဘူး။


 အဖျားရှိနေတဲ့အချိန် မိဘတွေက ထမင်းဟင်းအပါအဝင် အဖတ်မကျွေးတော့ဘဲ ထပ်ဖျားမှာစိုးလို့ဆိုပြီး အရည်ချည်းတိုက်ကြပါတယ်။ တိုက်ဖွိုက်သာမဟုတ်ရင် ထမင်းအပါအဝင် ဆန်ပြုတ်၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြာဆန်၊ မြူစွမ် စသဖြင့် ကလေးစားချင်ရာ နည်းနည်းချင်း မကြာခဏ ကျွေးပေးသင့်ပါတယ်။ အရည်ချည်းလည်း ကလေးတွေက အမြဲတစေ သောက်မနေချင်ပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံဖျော်ရည်တွေကို တစ်မျိုးပြီးတစ်မျိုး အခုဖျော် အခုသောက်လုပ်ပေး သင့်တယ်။ အာဟာရပြည့်ဝအောင် ရနေပါမှ အဖျားရောဂါကို ကိုယ်ခံအား ကောင်းကောင်းနဲ့ ခုခံကာကွယ်နိုင်မှာ ဖြစ်တယ်။


 ဖျားနေတဲ့ကလေးတွေ ချောင်းနည်းနည်းဆိုးခဲ့ရင် မိဘတွေက တံဆိပ်မျိုးစုံနဲ့ ရင်လူးဆေးတွေ အထပ်ထပ် လိမ်းကြပါတယ်။ မလိမ်းသင့်ပါဘူး။ ကလေးကိုယ်ပူနေတဲ့အပေါ် လိမ်းတဲ့ဆေးရဲ့ အပူဓာတ်နဲ့ မနှံ့ပြင်းပြင်းက ကလေးကို ပိုအနေရခက်စေတယ် တချို့လိမ်းဆေးလိမ်းပြီး နောက်ပိုင်းမှာ သူတို့အခေါ်အရ ချွဲဝမ်းတွေ အများကြီးပါလာသလို ဝမ်းအရည်တွေ လျှောလာကြတဲ့အတွက် ကလေးမှာမိုလို့တောင် အားပြတ်အားအင် ကုန်ခန်းစေပါတယ်။ နဂိုအဖျားချည်း ရှိနေရာက လိမ်းဆေးတွေလူးကာမှ ဝမ်းလျှောဝမ်းပျက်ပါ ကုသရမဲ့ ကိန်းဆိုက်နေပါတယ်။ ပုလင်းဖုံး၊ အကြွေစေ့နဲ့ တခြားရရာ ခပ်တုံးတုံးအရာဝတ္ထုတွေနဲ့ အရေပြားပေါ် ဆားခြစ်တယ်ဆိုတဲ့ အပြုအမှုမျိုးလည်း မလုပ်စေချင်ပါဘူး။ မသန့်ရှင်းတဲ့ တခြားသူသုံးမျိုးသား အဲဒီအရာတွေက တဆင့် အသည်းရောင်အသားဝါ ဘီ၊ စီနှင့်  တခြား ကူးစက်ရောဂါတွေ အလွယ်ကူးစက်စေသလို အရေပြားအောက် သွေးယိုမှုကိုလည်း ဆိုးဆိုးရွားရွား ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆားခြစ်တာ ဖင်မက်ကလောင် ဖောက်တာ ရင်လူးဆေး လူးတာတွေ လုံးဝရှောင်ကြဉ်သင့်ပါတယ်။


အိမ်မှာဆောင်ထားသင့်တာတွေ

 အိမ်တိုင်းမှာ ဓာတ်ဆားထုပ် အကြီးအသေး လေးငါးထုပ် ပါရာစီတမောအဖျားနဲ့ အကိုက်အခဲပျောက်ဆေး ရည်နဲ့ ဆေးပြား၊ နှာစေးပျောက်ဆေးဝါး စတဲ့အလွယ်တကူသုံးနိုင်တဲ့ အိမ်သုံးဆေးတွေ အရန်သင့် ဆောင်ထားသင့်ပါတယ်။  ဒါမှသာ ညဘက် ကလေး လူကြီးတစ်ဦးဦး ဖျားနာ ဝမ်းလျှောခဲ့ရင် အဖျားကျအောင် ကိုယ်တွင်းရည် ဆုံးရှုံးတာသက်သာအောင် အပူကျဆေးနဲ့ ဓာတ်ဆာအရင် ကြိုတင်သောက်ထားနိုင်တော့ အရမ်းဆိုးရွားတဲ့ အဆင့်မရောက်အောင် ကာကွယ်ထားနိုင်ပါတယ်။ အဖျားကျစေတဲ့ ပါရာစီတမော ဒုံးကျည် Suppository နဲ့၊ နဖူးကပ် coot pad လေးတွေလည်း အိမ်မှာဆောင်ထားရင် အလွယ်တကူ အသုံးပြုနို်င်လို့ ကလေးလည်း အဖျားဒဏ်ကြောကြီး မခံစားစေတော့ပါဘူး။


အဖျားကို ငါးမိနစ်အတွင်း အပူကျစေတဲ့ နောက်တစ်နည်း

 ဒီနည်းကတော့ ရေပတ်တိုက်ရမှာ ကြောက်တဲ့သူတွေအတွက် အသုံးတည့်နိုင်ပါတယ်။ အိမ်မှာ အထက်ပါ အိမ်သုံးဆေးတွေ ဆောင်မထားမိရင်လည်း ကိစ္စမရှိပါဘူး။ ကြက်ဥရှိရင် ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် ကိုယ်ခန္ဓာ အကြီးအသေးအပေါ် မူတည်ပြီး ကြက်ဥနှစ်လုံးသုံးလုံး လိုအပ်ပါလိမ့်မယ်။


 ကြက်ဥကို ခွဲ အနှစ်ကို ဖယ်ရှားကာ အကာချည်းရွေးချယ်ယူကာ အဝတ်စပါးပါး သို့မဟုတ် ဂွမ်းစ အနည်းငယ်ကို ကြက်ဥအကာထဲနှစ်ပြီး ကလေးကိုယ်ခန္ဓာ အရေပြားအနှံ့ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အနှံ့အမြန် သုတ်လိမ်းပေးရင် ငါးမိနစ်အတွင်း အဖျားအပူရှိန်ဟာ ယူပစ်သလို ပျောက်ကင်းသွားမှာပါ။ အနည်းငယ် ကြက်ဥညှိနံ့ရတာကို သည်းခံနိုင်ရင်တော့ ဒီနည်းက အမြန်အပူကျစေပါတယ်။


 အရေပြားပေါ် ချွဲကျိကျိအဖြစ် သက်သာအောင် ကြက်ဥအကာရည်ထဲ သို့ ရေအေး ၁၀ စီစီမှ ၁၅ စီစီခန့် ထည့်မွှေပြီးမှလည်း ကလေးကို လိမ်းကျံပေးနိုင်ပါသေးတယ်။ လူကြီးတွေကို ဒီနည်းသုံးချင်ရင်တော့ လုံလောက်တဲ့ ကြက်ဥအကာရဖို့ ကြက်ဥ လေးလုံးငါးလုံးလောက် လိုအပ်ပါလိမ့်မယ်။ ကြက်ဥအကာအရည် ခြောက်သွေ့လာပြီဆိုရင် အဖျားလည်း မရှိတော့တာမို့ ရေချိုးရင်ချိုး မချိုးချင်ရင်လည်း ရေပတ်ချွဲချွဲတိုက်ပစ်ပြီး ကြက်ဥအညှီနံ့ ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အားလုံးပြီးသွားရင် သနပ်ခါးရေကျဲလေး တစ်ကိုယ်လုံးအနှံ့ လိမ်းကျံပေးထားရင် ကလေးလည်း နေရသက်သာကာ အေးအေးဆေးဆေး အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။


 သာမန် အဖျားလောက်ကတော့ အထက်ပါနည်းတွေ သုံးပြီး အပူချိန်ကို လျှော့ချကာ အစာအာဟာရ ပြည့်ဝတာတွေကို မပျက်မကွက် ကျွေးမွေးစားသောက်မယ်ဆိုရင် ရက်အနည်းအတွင်း ပြန်လည်ကျန်းမာလာနိုင် ပါတယ်။ ဒါပေမဲ့ ပိုပြီး အဖျားတက်တာ ကြမ်းလာတယ်။ ချောင်းဆိုး၊ ရင်ကျပ်တာ ပိုဆိုးလာတယ်။ ဘာကျွေးကျွေး ဘာတိုက်တိုက် မစားမသောက်ဘဲ ငြင်းဆန်နေမယ်၊ ပျို့အန်လာမယ်၊ နှာခေါင်းသွေးယို၊ အန်တဲ့အထဲ သွေးစတွေပါတာနဲ့ တခြားသွေးယိုတဲ့လက္ခဏာတွေပါ တွေ့ရှိလာမယ် စသဖြင့် ပိုမိုဆိုးလာတဲ့အနေအထား တွေ့ရစပြုလာရင်တောင် အချိန်မဆိုင်းဘဲ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါကြောင်း အကြံပေးလိုပါတယ်။


Credit: ဒေါက်တာမြမြချယ်

(ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18