Print

ကလေးသူငယ်နဲ့ ၀မ်းချုပ်ခြင်းပြဿနာ

  12-Dec-2017
Preview Image

၀မ်းချုပ်ခြင်းပြဿနာဟာ ကလေးသူငယ်တွေမှာ အဖြစ်များတဲ့ပြဿနာပါ။ ၀မ်းချုပ်တဲ့ကလေးတွေမှာဆို ၀မ်းအသွားနည်းပြီး သွားလျှင်လည်း မာကြောခြောက်သွေ့တဲ့ ၀မ်းမျိုး သွားလေ့ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတွေက စောစီးစွာ ၀မ်းသွားနည်းလေ့ကျင့်ပေးခြင်း နဲ့ အစားအသောက်အပြောင်းအလဲတွေကြောင့်ဖြစ်ပါတယ်။ ကံကောင်းတာက ကလေးတွေမှာဝမ်းချုပ်တာဟာ ခဏတာပဲဖြစ်ပါတယ်။


ရောဂါလက္ခဏာများ

- တစ်ပတ်မှာ ၃ ကြိမ်အောက်သာ ၀မ်းသွားခြင်း

- ၀မ်းမာခြင်း၊ သွားရခက်ခြင်း

- ၀မ်းတုံး ကြီးခြင်း၊ သွားလျှင် Toilet မှာ တစ်နေခြင်း

- ၀မ်းသွားစဉ် နာကျဉ်ခြင်း

- ဗိုက်နာခြင်း

- ၀မ်းမာမာသွားပြီး ၀မ်းမှာသွေးစများ ပါလာခြင်း

- ကလေးငယ်လေးမှာဆိုအနှီးမှာ ၀မ်းမာမာခြောက်ခြောက်အပြင် သွေးစများတွေ့ရခြင်း တို့ဖြစ်ပါတယ်။


၀မ်းသွားရတာ နာကျဉ်ရင် ကလေးဟာ ကြောက်ပြီး ၀မ်းမသွားတော့ပါဘူး။ အဲလိုဆို မိမိကလေးဟာ ၀မ်းသွားခါနီး ခြေထောက်ကို လိမ်ပြီးထိုင်နေတာ၊ တင်ပါးကို လိမ်ထား၊ တင်းထားတာ၊ ခန္ဓာကိုယ်ကို လိမ်ထားပြီး ၀မ်းထိန်းနိုင်အောင် ကြိုးစားတာကို တွေ့ရပါလိမ့်မယ်။


ဘယ်အချိန်မှာဆရာဝန်နဲ့သွားပြမလဲ

ကလေးသူငယ်များ ၀မ်းချုပ်ခြင်းက ပြဿနာကြီးကြီးမားမားတော့မဟုတ်ပါဘူး။ ဒါပေမယ့် နာတာရှည်ဝမ်းချုပ်လာလျှင်တော့ ဖြစ်စေတဲ့နောက်ခံ အကြောင်းအရင်းများကိုသိဖို့လိုပြီး နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်နိုင်တဲ့အတွက် ၂ ပတ်ထက်ပိုပြီး ၀မ်းချုပ်လာတဲ့အပြင်အောက်ပါ လက္ခဏာတွေ ဖြစ်လာပြီဆို ဆရာဝန်နဲ့ သွားရောက်ပြသပေးသင့်ပါတယ်။


- ဖျားနာခြင်း၊

- အန်ခြင်း၊

- ၀မ်းထဲ သွေးပါလာခြင်း၊

- ဗိုက်ဖောင်းလာခြင်း၊

- စအိုဝန်းကျင်အရည်ပြားတွင် အနာတွေ့ရခြင်း( စအိုကွဲနာ)၊

- စအိုဝတွင် အူကျွံထွက်လာခြင်း (အစာဟောင်းအိမ် ကျွံခြင်း)

အစရှိသည်တို့ဖြစ်လာပြီဆိုလျှင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပြီး ဆရာဝန်မှ လိုအပ်သော ၀မ်းဗိုက်ဓါတ်မှန်၊ အယ်တရာဆောင်း(Ultrasound)၊ သွေးစစ်ခြင်း၊ အစရှိသောစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။


ကုသခြင်း

ဆရာဝန်ညွှန်ကြားချက်နဲ့ နီးစပ်ရာဆေးဆိုင်တွေမှာ ၀မ်းပျော့ဆေးများကို အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ကလေးအရမ်းငယ်တယ်ဆိုလျှင်တော့ ဆရာဝန်နဲ့ပြသပြီးမှ ဆေးပေးသင့်ပါတယ်။ ၀မ်းကိုပျော့စေသော Milk of Magnesia (MOM) နှင့် Lactulose (Avolac)၊ အူလမ်းကြောင်းလှုပ်ရှားမှုကောင်းစေသော Bisacodyl ဆေး(Ducolax) အစရှိသောဆေးများအပြင် Enema ခေါ် ၀မ်းချူဆေးများပါ အသုံးပြုပေးလို့ရပါတယ်။ နောက်တစ်ဖန် အထူးသတိပြုရမှာက ကလေးသူငယ်များအတွက်ဖြစ်တာကြောင့် လိုအပ်သောဆေးပမာဏအတွက် ဆရာဝန်နဲ့သေသေချာချာတိုင်ပင်ပြီးမှ တိုက်ကျွေးပေးသင့်ပါတယ်။ ၁ နှစ်အောက်ကလေးများကိုလည်း ဆရာဝန်ရဲ့ညွှန်ကြားချက်မပါပဲ မည်သည့်ဆေးမှ မတိုက်သင့်ပါဘူး။


၀မ်းချုပ်ခြင်းကို ကာကွယ်ရန်

နောက်တစ်ကြိမ် ဆေးကူစရာမလိုပဲ ၀မ်းချုပ်ခြင်းသက်သာပြီး ပုံမှန်ဝမ်းသွားစေရန်အတွက် အောက်ပါအချက်တွေ လုပ်ဆောင်သင့်ပါတယ်။

- ကလေးကို အမျှင်ဓါတ်ကြွယ်ဝသောအစားအစာများ ဥပမာ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ သစ်သီးများနဲ့ အစေ့အစံများ၊ ပေါင်မုန့်များကျွေးပါ။ လေမထစေရန် အမျှင်ဓါတ်ကြွယ်ဝသောအစားအစာများကို နည်းနည်းကစပြီး တဖြည်းဖြည်းတိုးကျွေးနိုင်ပါတယ်။

- ရေများများသောက်ပါ။ ရေက အကောင်းဆုံးဖြစ်ပါတယ်။

- ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အူလမ်းကြောင်းလှုပ််ရှားမှုကို ကောင်းမွန်စေပါတယ်။ 

- ၀မ်းသွားချင်တဲ့အချိန်တိုင်း ၀မ်းသွားပါစေ။ ကလေးများဝမ်းသွားချင်တဲ့အခါမျိုးမှာ အဆော့ပျက်၊ အလုပ်ပျက်မှာစိုးလို့ ၀မ်းကိုထိန်းမထားစေပဲ ချက်ချင်း ၀မ်းသွားစေခြင်းဖြင့်လည်း နောက်အချိန်ကာလတွေမှာ ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ 

- ၀မ်းချုပ်စေတဲ့ဆေးတွေရှိတာကြောင့် မိမိတိုက်နေသောဆေးဝါးများကို ဆရာဝန်နဲ့ သေချာပြသပြီး သုံးသပ်ပါ။


ဒေါက်တာကောင်း

Credit: www.mayoclinic.org



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18