Print

အသက်ရလာမှ ကလေးမွေးတာက ဉာဏ်ရည်ပိုထက်မြက်သတဲ့လား

  05-Dec-2017
Preview Image

သုတေသနတွေအရ အသက် ၁၆ နှစ်မှ ၁၈ နှစ် ပတ်ဝန်းကျင် အိမ်ထောင်ကျစောကာ အသက်အငယ်လေးနဲ့ ကလေးမွေးစောတာက ကလေးရောမိခင်အတွက်ပါ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပြဿနာတွေ တွေ့လာရစေတာ သိလာရတယ်။ အမျိုးသမီးတွေဟာ ပထမဆုံးကလေးကို အသက် ၂၄ နှစ်နောက်ပိုင်းမှာမှ စတင်မွေးဖွားရင် ကလေးနဲ့မိ်ခင်အတွက် တွေ့လာနိုင်တဲ့ ပြဿနာတွေကို ပိုမိုပြေလည်အောင် ဖြေရှင်းနိုင်တာတွေ့ရတယ်။ အသက်ငယ်ငယ်မှာ ကလေးမွေးရင် မိခင်နဲ့ကလေးမှာ တွေ့ရတတ်တဲ့ ရှုပ်ထွေးမှု နောက်ဆက်တွဲတွေ Complication တွေကို ပိုမိုခံစားရသလောက်၊ အသက် ၂၄ ကျော်လာရင် အဲဒါတွေကို ခံနိုင်ရည်ရှိတာ တွေ့ရတယ်။


အသက် ၃၅ နှစ် အလွန်လေးမှာ နောက်ဆုံးကလေးကို မွေးဖွားခဲ့မယ်ဆိုရင် မိခင်ရော ကလေးတွေအတွက်ပါ ကျန်းမာရေး ပညာရေး လူမှုရေး ဒုက္ခတွေမှ လျော့နည်းစေကာ ဉာဏ်ရည်ထက်မြက်တဲ့ကလေး မွေးဖွားစေပါတယ်။ မိသားစုစီမံကိန်းနဲ့ စနစ်တကျ သားဆက်ခြားခြင်းကို သေချာအသုံးပြုမယ်ဆိုရင် သားသမီးဦးရေကို နှစ်ယောက်တည်းယူကာ မွေးဖွားမယ်ဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှု ပိုကောင်းတဲ့ကလေးတွေ ဖြစ်လာစေတယ် ပြောပါတယ်။ 


အထက်ပါ ၂၀ ကျော် ၃၀ ကျော် အသက်အပိုင်းအခြားမှာ မိခင်က ကလေးယူရင် မိခင်ရဲ့ ဦးနှောက်စွမ်းအားကိုပါ တိုးတက်စေတယ်လို့ ဆိုပါတယ်။ မိခင်မှတ်ဉာဏ်တွေ ပိုကောင်းလာစေတာကိုလည်း စမ်းသပ်မှုတွေမှာ တွေ့ရတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ထွက်တဲ့ဟော်မုန်းတွေက မိခင်ရဲ့ ဦးနှောက်ပေါ် ကောင်းကျိုးသက်ရောက်စေတာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးမှုကို အဖြစ်နည်းစေတာပါ။ ပထမဆုံးကလေးကို အသက် ၂၄ နှစ် အနောက်မှ မွေးဖွားခဲ့ရင် အဲဒီ အမျိုးသမီးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ကျိုးကြောင်းဆက်စပ် ဆင်ခြင်နိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းရည်က သူတို့ထက်စောပြီး ကလေးမွေးဖူးတဲ့သူတွေထက် မှတ်ဉာဏ်ပိုကောင်းတာ တွေ့ရတယ်။ 


နောက်ဆုံးကလေးကို အသက် ၃၅ နှစ်နောက်ပိုင်းလေးတင်ယူတာနဲ့ ကလေးနှစ်ယောက်တည်းမွေးတာတွေက အခြားအမျိုးသမီးတွေထက် မှတ်ဉာဏ်၊ စကားပြောစွမ်းရည်၊ လှုပ်ရှားသွားလာမှုနဲ့ သက်ဆိုင်တဲ့ ဦးနှောက်စွမ်းရည်တွေက သိသာစွာ ပိုမိုကောင်းစေတာပါ တွေ့ရှိရတယ်။ ကိုယ်ဝန်ဆောင်တုန်းက ထွက်လာတဲ့၊ အီစတြိုဂျင်၊ ပရိုလက်တင်၊ ပရိုဂျက်စထရုန်း … စတဲ့ ဟော်မုန်းမျိုးစုံရဲ့ ဦးနှောက်အပေါ် ကောင်းကျိုးပေးမှုက ရာသက်ပန် အကျိုးသက်ရောက်မှုရှိစေတာ ထင်ရှားပါတယ်။


သန္ဓေတားဆေးတွေကို ၁၀ စုနှစ်တစ်ခုကျော်အထိ သုံးစွဲခဲ့မယ်ဆိုရင်လည်း ပြဿနာဖြေရှင်းတတ်တာနဲ့ စကားပြောမမေ့တဲ့ စွမ်းရည်ကို ပိုမိုရရှိစေတယ်လို့ သုတေသီတွေက ပြောကြပြန်ပါတယ်။ အဲဒီတားဆေးမှာပါတဲ့ အီစတြိုဂျင်နဲ့ ပရိုဂျက်စထရုန်း ဟော်မုန်းတွေကြောင့် အဲဒီ ကောင်းကျိုးရစေတာ ဖြစ်ပါတယ်။ မိခင်အသက် ကြီးလွန်းမှ (၄၀ နဲ့ ၄၀ နှစ်ကျော်မှ) ကလေးမွေးလေလေ ဒေါင်းရောဂါစု Down’s syndrome လို၊ မွေးရာပါ ချွတ်ယွင်းချက် များစွာပါတဲ့ ပုံမမှန်ကလေးတွေ မွေးဖွားလာနို်င်နှုန်း၊ ပိုများလာလေလေ ဖြစ်ပါတယ်။ 


အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြားမှာ ပထမဆုံး ကလေးမွေးဖူးခဲ့ရင်လည်း သက်လတ်ပိုင်း ရောက်တဲ့အခါ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတာကြောင့် အဲဒီအတောအတွင်း ကလေးမယူသင့်ဘူးလို့ ဆိုပါတယ်။ ဆယ်ကျော်သက် အရွယ်လေးနဲ့ ကလေးမွေးတာက မိခင်မှာ ပညာဥစ္စာ၊ ကျန်းမာရေး၊ ဗဟုသုတ မပြည့်စုံသေးဘူးဆိုတော့ သားပျက်သားလျောတာ၊ ပေါင်မပြည့်လမစေ့မွေးတာ၊ ကလေးရောမိခင်ပါ ချူချာတာ၊ အာဟာရမပြည့်တာ၊ ကလေးတွေတစ်ယောက်ပြီးတစ်ယောက် အမွေးများတာ၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးမပြည်လည်တာ၊ Sigle Mother မိခင်တစ်ဦးတည်း အုပ်ထိန်းကျွေးမွေးရတဲ့ သူအတွက်ဆိုရင် ပိုဒုက္ခများတာ … စသဖြင့် ကိစ္စမျိုးစုံကို ကြုံတွေ့နိုင်ပါတယ်။


ကလေးတွေ အများကြီး ဆက်တိုက်မွေးဖွားနေမယ်ဆိုရင်လည်း မိခင်မှာသွေးအားနည်းရောဂါ ရစေသလို ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ထိခိုက်စေရုံမကဘဲ ကလေးတွေမှာလည်း ပြုစုစောင့်ရှောက်မှု အပြည့်အဝမရနိုင်တဲ့အတွက် လမစေ့ ပေါင်မပြည့် မွေး (သို့) ကလေးပျက်ကျ၊ ဖျက်ချကြနဲ့ ကလေးရော လူကြီးပါ ဒုက္ခရောက်စေပါတယ်။ မွေးလာပြန်တော့လည်း အခက်အခဲအမျိုးမျိုးကြောင့် ကလေးတွေမှာ အာဟာရချို့တဲ့ရ၊ ကျောင်းစာ မသင်ရ လူမှုဒုက္ခမျိုးစုံ ကြံုကြရပြန်ပါတယ်။


အချုပ်အားဖြင့် ပြောရရင် ပထမဆုံးကလေးကို မိခင်အသက် ၂၄ နှစ် ပြည့်ပြီးမှ မွေးမယ်။ကလေးနှစ်ယောက်ထက် ပိုမယူသင့်ဘူး။ နောက်ဆုံး ကလေးကိုတော့ ၃၅ နှစ်ပြည့်ပြီးမှ မွေးဖွားမယ်ဆိုရင် မိခင်ရော ကလေးအတွက် ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေးနဲ့ ကလေးပညာရေးကအစ ပိုမိုကောင်းမွန်တဲ့ မိသားစုဘဝကို ရရှိစေပါလိမ့်မယ်။


Credit: ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18