Print

ကျန်းမာသန်စွမ်းသည့် ကလေးငယ်များဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ

  28-Nov-2017
Preview Image

ကျန်းမာသည့်ကိုယ်ဝန်ဆောင်ခြင်းဖြစ်စေရန်

 ကျန်းမာရေးကောင်းမွန်တဲ့ ကလေးဖြစ်ဖို့ဆိုတာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဂရုစိုက်ဖို့ လိုပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားပါ။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပြီး ကလေးမွေးလာတဲ့အခါ မိခင်ရော၊ ကလေးသင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရှိအောင် ဆောင်ရွက်ပါ။ ဘာလို့လည်းဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိတာကြောင့် မွေးလာမယ့်ကလေးကို အဝလွန်ရောဂါနဲ့ တခြားနာတာရှည်ရောဂါတွေ ဖြစ်လာတာမှ ကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။ 


ညီညွတ်မျှတစွာ စားသောက်ခြင်းနှင့် လေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက်ခြင်း

 ကလေးတိုင်း ညီညွတ်မျှတတဲ့ အစားအစာနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် ကြီးထွားဖွံ့ဖြိုးမှု၊ သင်ယူနိုင်စွမ်း၊ အရိုးနဲ့ ကြွက်သားတွေ သန်မာမှုတို့အတွက် အထောက်အကူပြုပါတယ်။ စိတ်ခံစားချက်ကောင်းပြီး နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးချိုနဲ့ နှလုံးရောဂါဖြစ်တာတို့မှ ကာကွယ်ပေးပါတယ်။


ကျန်းမာစေသော အလေ့အကျင့်များပြုလုပ်ပါ

 မိဘတွေဟာ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားရင် သားသမီးတွေကလည်း စားတတ်တဲ့ အလေ့အကျင့်ဖြစ်မှာပါ။ အမျှင်ဓာတ်များတာ၊ အချိုအဆိမ့်နည်းတာ၊ အဆီမပါတဲ့အစာတွေကို ငယ်ငယ်ကတည်းက အကျင့်လုပ်ပြီး ကျွေးတာမျိုးပြုလုပ်ပေးပြီး ကျန်းမာရေးနဲ့ သင့်တင့်မျှတအောင် ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ 


ကျန်းမာခြင်းကောင်းကျိုးများကို ရှင်းပြပါ

 သင့်တင့်မျှတတဲ့ အစာအာဟာရဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိအရေးပါတယ်ဆိုတာသိအောင် အချိန်ပေးပြီး ရှင်းပြပါ။ မနက်စာ၊ နေ့လယ်စာနဲ့ ညစာတို့ကို အချိန်မှန်မှန်စားစေပြီး ကလေးတွေ စားမယ့်အစာကို သူတို့ကိုယ်တိုင် ရွေးချယ်ခိုင်းတာမျိုး ပြုလုပ်ပြီး ဘယ်အစားအစာက ဘယ်လိုအကျိုးရှိတယ်ဆိုတာ ပြောပြပါ။ ဥပမာ - အချိုများနဲ့ ကယ်လိုရီများတဲ့ အစာတွေ စားလို့ နောက်ဆက်တွဲဖြစ်နိုင်မယ့် ကျန်းမာရေးပြဿနာကို ရှင်းပြပေးပါ။ ဒိန်ချဉ်၊ ပန်းသီးစတာတွေကို အဆာပြေဆာအဖြစ် စားတတ်အောင် အကျင့်လုပ်ပေးပါ။


အတုယူ မမှားစေရန် ဆိုဆုံးမပါ

 ကလေးတွေအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ဟာ သူတို့ရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေအများကြီး သက်ဆိုင်ပါတယ်။ အမြန်စာဝယ်စားပြီး တီဗီဂိမ်းဆော့တတ်တဲ့ သူငယ်ချင်းမျိုးရှိရင်တော့ အပေါင်းအသင်းတွေလုပ်သလို လိုက်လုပ်ဖို့ သေချာသလောက်ရှိနေပါပြီ။ ဒါမှမဟုတ် သူငယ်ချင်းတွေက အတင်းဖိအားပေးလို့ လိုက်လုပ်ဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒီတော့ ဒီလိုဖိအားပေးမှုမျိုးမခံစားရလေအောင် ကျိုးကြောင်းဆီလျော်စွာ သင်ကြားထားပါ။


ကလေးများစားသင့်သည့်အစားအစာ

 သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဆားပါဝင်မှုနည်းတဲ့ အခွံမာအစေ့အဆန်၊ ကောက်နှံစာ၊ အဆီနည်း၊ အသား၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နိုနဲ့ နို့ထွက်ပစ္စည်းတို့ ဖြစ်ပါတယ်။


ကျန်းမာရေးနှင့် ညီညွတ်သည့် အစာများများ စားဖြစ်စေရန်

 ကလေးအတွက် ချက်ပြုတ်ပေးတဲ့အခါ ထောပတ်နဲ့ မာဂျရင်းစတာတွေ သုံးမယ့်အစား သံလွင်ဆီ ဒါမှမဟုတ် Canola ဆီတို့ကိုသုံးပါ။ ကြော်တာထက်စာရင် ပေါင်းပေး၊ ပြုတ်ပေးပါ။ ဆားကို တတ်နိုင်သလောက် လျှော့ထည့်ပြီးချက်ပါ။ အချို အဆိမ့်နဲ့အငန်များတဲ့ သရေစာတွေအစား၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို အစားထိုးစားဖြစ်အောင် သင်ကြားထားပါ။ အချိုနည်းတဲ့ သစ်သီးခြောက်နဲ့ အုတ်ကွေကာတို့ကိုလည်း ရောကျွေးနိုင်ပါတယ်။ 


မိသားစုနှင့် ဝိုင်းဖွဲ့စားသောက်ပါ

 မိသားစုတွေ ဝိုင်းဖွဲ့ပြီး နေ့လည်စာ ညစာဖြစ်ဖြစ် အတူတကွ စားသောက်တာဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနိုးမှုတိုးကာ ကျန်းမာရေးနဲ့ ညီညွတ်ပြီးတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အစာမစားခင် ပြင်ဆင်ချိန်နဲ့ စားပြီးလို့ သိမ်းဆည်းတဲ့အခါ ကလေးတွေကို ဝို်င်းဝန်းကူညီခိုင်းပါ။ အပြင်က ဝယ်စားတာထက် အိမ်မှာ မိဘတွေကိုယ်တိုင် ချက်ပြုတ်ကျွေးပါ။ စွတ်ပြုတ်၊ အသီးအရွယ်ဟင်းချို တစ်မျိုးစားနဲ့ အနပ်တိုင်း ပါဝင်ဆောင်ရွက်ပါ။ ထမင်းစားတဲ့အခါ တီဗီရှေ့ ဧည့်ခန်းမှာ စားတာထက် ထမင်းစားခန်း ဒါမှမဟုတ် မီးဖိုချောင်ထဲမှာ စားတတ်တဲ့ အကျင့်ဖြစ်အောင် စည်းကမ်းထုတ်ထားပါ။ 


အဝလွန်နေသည့်ကလေး ဘယ်လိုစည်းရုံးမလဲ

 ငယ်ငယ်ကတည်းက ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် အဝလွန်တဲ့ ကလေးတွေဟာ အရွယ်ရောက်တဲ့အခါမှာလည်း အဝလွန်ရောဂါ ဖြစ်နိုင်ခြေမြင့်မားပါတယ်။ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ တခြားနာတာရှည် ရောဂါတွေ ခံစားရလေ့ရှိပါတယ်။ တခြားကလေးတွေထက် ကိုယ်က ပိုဝနေတာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိတာ၊ အလိုလိုစိတ်ဓာတ်ကျနေတာတွေလည်း ခံစားရတတ်ပါတယ်။ ဒီတော့ ကလေးတွေကို ငယ်စဉ်ကတည်းက အဆီ၊ အချို၊ အငန်လွန်ကဲတဲ့ အစာတွေ စနစ်တကျစားသုံးစေပြီး သစ်သီးဝလံများများ စားသုံးတတ်တဲ့ အကျင့်ကို မိဘတွေအနေနဲ့ ပြုပြင်ပေးဖို့လိုပါတယ်။ ကျွမ်းကျင်သူတွေအနေနဲ့ တိုင်ပင်ပြီးဆောင်ရွက်နိုင်ပါတယ်။


ဘယ်လိုကူညီသင့်သလဲ

 တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီမပါဘဲ ကလေးစားနေကျ အစားအစာတွေကို ရုတ်တရက် ရပ်တန့်လိုက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အစားအသောက်ကို ဖြည်းဖြည်းချင်း ရှောင်ခိုင်းသင့်သလို တစ်ဖက်က လေ့ကျင့်ခန်းလုပ်ဖို့လည်း တိုက်တွန်းရပါတယ်။


Credit: အိဖြူ (ဆေးဝါးတက္ကသိုလ်)

Dr. Olivar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18