ကြီးထွားသောမွေးစကလေးများအတွက် အဝလွန်ရောဂါ အန္တရာယ်
25-Apr-2017ကြီးထွားသော မွေးစကလေးများ သို့မဟုတ် အသက်အရွယ်၏ ပထမနှစ်ကာလတွင် ကြီးထွားလျှင်မြန်သူ ကလေးများအနေဖြင့် ကလေးအရွယ်နှင့် လူလတ်ပိုင်းအရွယ်များတွင် အဝလွန်ရောဂါ အန္တရာယ်ရှိနိုင်ကြောင်း သုတေသနများက ဆိုကြသည်။ ဤတွေ့ရှိမှုကို ဗြိတိသျှ ဆေးသိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့ရာ၌ လေ့လာမှု ၂၄ခုတွင် မွေးစကလေး ၄၀၀၀၀၀ ကျော်ကို လေ့လာမှုပြုခဲ့ကြသည်။ စာရေးသူများက ယုံကြည်ကြသည်မှာ အစားအစာကျွေးမှုနှင့် နို့ဖျက်သည့် အချက်များက အရေးကြီးကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုမှာ အသက်အရွယ် ၏ ပထမခြောက်လတွင် မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်စို့သင့်သည်။ သုတေသီ အချို့က အဆိုပါကလေးများသည် အဝလွန်ရောဂါကို ကာကွယ်နိုင်ကြောင်းပြောကြားသည်။
ယူနိုက်တက်ကင်းဒမ်းတွင် ကလေးငါးဦးအနက် တစ်ဦးသည် ခန္ဓာကိုယ် အလေးချိန်များခြင်း သို့မဟုတ် အဝလွန်ခြင်းတို့ဖြစ်နေကြောင်းသိရသည်။ ယနေ့ယေဘုယျ အခြေအနေအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံမှ ကလေးသူငယ်အားလုံး၏ ထက်ဝက်မှာ အဝလွန်ရောဂါဖြစ်နိုင်ကြောင်းသိရသည်။ ကိုယ်အလေးချိန်များသော မွေးစကလေးများ (ခန္ဓာကိုယ် အညွှန်းကိန်းမြင့်မားသူများ) နှင့် ကိုယ်အလေးချိန် လျင်မြန်စွာတက်သူများသည် ကလေးအရွယ်၊ လူရွယ်ပိုင်းနှင့် လူကြီးပိုင်းဝင်စအရွယ်တို့တွင် အဝလွန်ရောဂါကို ခံစားရနိုင်ဖွယ်ရှိသည်ဟု သုတေသီများက တွေ့ရှိထားသည်။ ဆော့သမ်တန် တက္ကသိုလ် ဆေးသိပ္ပံသုတေသနကောင်စီ၏ ကူးစက်ရောဂါဗေဒ ဌာနမှ Dr. Janis Baird က ကိုယ်ဝန်ဆောင်စဉ်ကာလ စားသောက်မှုနှင့် မွေးစကလေး၏ ကိုယ်အလေးချိန်တို့မှာ အရေးကြီးသော အချက်များဖြစ်ကြသည့် အတွက် သတိပြု ကြည့်ရှုကြရမည်ဖြစ်ကြောင်းပြေကြားခဲ့ပါသည်။
credit - မျိုးအောင်ဆွေ (ဆေး/သု)