Print

မွေးကင်းစ ကလေးငယ်များနှင့် လေယာဉ်စီးခြင်း

  24-Feb-2017
Preview Image

များသောအားဖြင့် မွေးကင်းစကလေးငယ်တွေဟာ လေယာဉ်စီးခရီးသွားခြင်း ပြုလုပ်နိုင်ကြပါတယ်... ဒါပေမယ့် အောက်ပါ အချက်အလက်တွေကို သိရှိထားသင့်ပါတယ်...

 

ကလေးငယ်၏ အသက်
တစ်ချို့ လေကြောင်းလိုင်းတွေက ၂ ရက်သားအရွယ် ကလေးငယ်ကို လိုက်ပါ ခွင့်ပြုကြပါတယ်... ဒါပေမယ့် တစ်ချို့ကလည်း ကလေးအသက် ၂ ပတ် ကျော်တဲ့အချိန်မှ စီးနင့်ခွင့်ပြုကြတာမျိုးလည်း ရှိပါတယ်... ဒါကြောင့် အကောင်းဆုံးက သင်စီးနင်း မယ့် လေကြောင်းလိုင်းကို ကြိုတင်မေးမြန်းပြီး လိုအပ်တာတွေကို ဆောင်ရွက်သင့် ပါတယ်... နောက်တစ်ခုက ကလေးအသက်ငယ်တဲ့အတွက် သူ့ရဲ့ ခုခံစနစ် (Immune System) က ဖွံ့ဖြိုးဆဲ ဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်... လူပေါင်းစုံနဲ့ အတူ ခရီးတစ်ခုကို အချိန်ကြာကြာ စီးနင်းခြင်းဟာ ကလေးငယ်အတွက် ရောဂါပိုးနဲ့ ထိတွေ့ဖို့ ထိုက်သင့်သလောက် အန္တရာယ်ရှိပါတယ်... ဒါကြောင့် တစ်ချို့ မလိုအပ်လှတဲ့ ခရီးစဉ်ဆိုရင်တော့ ကလေးအသက်အရမ်းနုငယ်စဉ် မသွားဘဲ ဆိုင်းငံ့ထားဖို့ သင့် ဆရာဝန်က တိုက်တွန်းနိုင်ပါတယ်...

 

ကလေးငယ်၏ နား
လူကြီးတွေမှာလိုပဲ ကလေးငယ်တွေလည်း လေယာဉ်အတက်အဆင်းမှာ လေထု ဖိအားပြောင်းလဲခြင်းကို ခံစားရပြီး နားပိတ်၊ နားအူ၊ နားနာတာမျိုး ဖြစ်တတ်ပါတယ်... ဒါကြောင့် လေယာဉ်အတက်အဆင်းအချိန်တွေမှာ ကလေးငယ်ကို မိခင်နို့ (ဒါမှမဟုတ်) နို့ဗူးတိုက်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်... ဒါအပြင် ကလေးငယ်တွေ ဟာ ရေဓါတ်ခန်းခြောက်မှုဒဏ်ကို ပိုခံစားရနိုင်တဲ့အတွက် သာမာန်ထက် ပိုပြီး နို့တိုက်ပေးသင့်ပါတယ်...

 

ကလေးငယ်၏ အသက်ရှူ မှု
လေယာဉ်ပေါ်က လေဖိအားဟာ မြေပြင်ပေါ်က လေဖိအားထက် လျော့နည်းပါတယ်... သာမာန် ကျန်းမာနေတဲ့ ကလေးငယ်တွေမှာ ဒီလို အောက်ဆီဂျင် အပြောင်းအလဲ ဟာ ပြဿ နာ ကြီးကြီးမားမား မရှိပေမယ့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရတဲ့ ကလေးငယ်တွေမှာတော့ လေယာဉ်ပေါ်မှာ အသက်ရှူ ဖို့ အောက်ဆီဂျင်ဗူး လိုအပ်တာမျိုး ရှိနိုင်ပါတယ်... ဒါအပြင် လမစေ့ဘဲ မွေးတဲ့ကလေးငယ်တွေ၊ အရင်က အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါကြီးကြီးမားမား ဖြစ်ဖူးတဲ့ ကလေးငယ်တွေ... ဒီလို ကလေးငယ်တွေကို ကလေးအထူးကု ဆရာဝန်တွေက ကလေးအသက် ၁ နှစ် ကျော်လောက်အထိ လေယာဉ်မစီးဖို့ တားမြစ်နိုင်ပါတယ်...

 

ကလေးငယ်အတွက် ထိုင်ခုံ
လေကြောင်းလိုင်းတွေက ကလေးငယ်တွေကို မိဘရဲ့ ပေါင်ပေါ်မှာ လိုက်ပါစီးနင်း ခွင့် ပြုတတ်ကြပေမယ့် ပိုကောင်းတာကတော့ Safety Seat ခေါ် ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ ထိုင်ခုံကို အသုံးပြုသင့်ပါတယ်... ကားပေါ်မှာ ကလေးငယ်တွေ ထိုင်ဖို့ ပြုလုပ်ထားတဲ့ ထိုင်ခုံပုံစံပါပဲ... Federal Aviation Administration ခေါ် အဖွဲ့အစည်းကတော့ ဒီလို ထိုင်ခုံကို အသုံးပြုတာကို ပိုအားပေးပါတယ်...

 

အခြားသိမှတ်စရာများ
တစ်ချို့တွေက အလွယ်တကူဝယ်လို့ရတဲ့ over-the-counter ဆေးတွေထဲက ကလေး အိပ်ငိုက်စေတဲ့ ဆေးတွေကို တိုက်ပြီး လေယာဉ်ပေါ် ခေါ်တတ်ကြပါတယ်... ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုပြုလုပ်ခြင်းဟာ အကောင်းထက် အဆိုးဖက်ကို ဦးတည်သွားတတ်တာက များတယ်လို့ ဆိုပါတယ်... တကယ်လို့ ဒီလို ဆေးတိုက်ပြီး ခရီးသွားမှ ဖြစ်မယ်လို့ သင့်အနေနဲ့ ယူဆရင်လည်း ဆေးမတိုက်ခင် ဆရာဝန် နဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်...

 

ဒါအပြင် လေယာဉ်ပေါ်မှာ ကလေးအတွက် အဆင်ပြေအောင်၊ မငိုအောင် ကလေးစားစရာ၊ စားစရာ၊ ခြုံစောင် စသဖြင့် အစစ ပြင်ဆင်သွားသင့်ပါတယ်...

 

နောက်ဆုံးတစ်ခု သိမှတ်ရမှာကတော့ မိခင်တွေအတွက်ပါ... ခွဲစိတ်ပြီး မီးဖွားထားတဲ့ ကလေးမိခင်တွေအနေနဲ့ မီးဖွားပြီး ၆ ပတ်လောက် နေမှသာ လေယာဉ်စီး သင့်တယ်လို့ ဆိုပါတယ်... ဒါမှမဟုတ် အရေးကြီးရင်လည်း သင့်ကို မွေးဖွားပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သူခွင့်ပြုမှသာ လေယာဉ်စီးသင့်ပါတယ်...

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr. Mild



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18