Print

ကလေးများတွင် အဖြစ်များသော ဝမ်းကိုက်ရောဂါပိုး အီကိုလိုင်း

  24-Feb-2017
Preview Image

မသန့်ရှင်းသော အစာအရည်တို့တွင် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ဝမ်းကိုက်ပိုး၊ ကပ်ပါးကောင်၊ သန်ကောင်အမျိုးမျိုးတို့၏ ဥများ စသည်တို့များစွာ အူလမ်းကြောင်းပိုးများ အနက် ရက်စက်မှုအပေါင်း သရဖူဆောင်း၍ မိမိကိန်းအောင်းသော လူအပေါင်းအား ဒုက္ခပင်လယ်ဝေစေသော၊ အသက်ကိုပင် နုတ်ယူသွားနိုင်အောင် စွမ်းဆောင်နိုင်သော ဗက်တီးရီးယား ပိုးသည်ကား “အီကိုလိုင်း” (E.coli) သာ ဖြစ်ချေတော့သည်။

 

မိမိအမှတ်တမဲ့ စားသောက်လိုက်သော အစာရေစာတို့နှင့်အတူ အီကိုလိုင်းသည် ထိုသူ၏ အူလမ်းကြောင်းတွင်းသို့ မဖိတ်မခေါ် မဟာဧည့်သည်တော်အဖြစ် ရောက်ရှိ လာပါတော့သည်။

 

• ကောင်းမွန်စွာ ကျက်အောင်မချက်ထားသော အသားများ၊
• မသန့်ရှင်းသော သောက်ရေများ၊
• ကျက်အောင်ကျိုချက်ထားခြင်း မရှိသောနွားနို့၊
• နွား၊ ဝက်၊ ဆိတ် (အထူးသဖြင့် နွား) မွေးမြူ းရေး လုပ်ကိုင်ထိတွေ့နေသူများ ။

 

အထက်ပါ လမ်းကြောင်းများသည် “အီကိုလိုင်း” လူတို့၏ အူလမ်းကြောင်းတွင်း သက်ဆင်းနိုင်သော အဓိကလမ်းမကြီးများပင် ဖြစ်ပါသည်။ ယခုခေတ်စားနေသော အသားကင်များသည် ကျက်အောင် မကင်ပါလျှင် “အီကိုလိုင်း” တို့၏ နေထိုင်ကျက်စားရာ ဘုံဗိမ္မာန်ကြီး မုချမလွဲ ဖြစ်ပါလေတော့သည်။ မူကြိုကျောင်းများ နေ့ကလေးထိန်း ဌာနများတွင်လည်း တစ်ဦးရောဂါဖြစ်ပါက နောက်တစ်ဦးသို့ ကူးစက်ရန် လွန်စွာ လွယ်ကူလှပါသည်။ အဓိကမှာ အိမ်သာမှအထွက်တွင်လည်းကောင်း၊ အစာတို့ကို မကိုင်တွယ်မီတွင်လည်းကောင်း၊ လက်ကိုစင်ကြယ်စွာ မဆေးကြောလျှင် တစ်ဦးနှင့် တစ်ဦး ရောဂါကူးစက်မည်သာ ဖြစ်ပါသည်။ အစားအစာ ကိုင်တွယ်ပြု ပြင်ချက်ပြုတ်သူ၏ လက်စင်ကြယ်စေရန်မှာ အထူးအရေးကြီးပါသည်။

 

ရောဂါလက္ခဏာများ
အများအားဖြင့် ရုတ်တရက် လွန်စွာဗိုက်နာလာခြင်းပင် ဖြစ်ပါသည်။ ဗိုက်ရစ်၍ ရစ်၍နာပြီး နာရီပိုင်းအတွင်း ဝမ်းအပျစ်များ ထိုမှတစ်ဆင့် ဝမ်းအရည်များ သွား ပါလေတော့သည်။ ဓာတ်ဆားချို့တဲ့သော လက္ခဏာများဖြစ်သည့် မျက်တွင်းဟောက်ပက်ဖြစ်ခြင်း၊ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များတွင် ငယ်ထိပ်ချိုုင့်ခြင်း၊ ရေငတ်လွန်ခြင်း (သို့) ရေပင် သောက်နိုင်သောအင်အား မရှိခြင်း၊နုံးခွေပြီး မလှုပ်နိုင်ခြင်း၊ အရေပြားသည် ရေဓာတ်ခန်းခြောက်သဖြင့် လွန်စွာလျော့ရဲနေခြင်းတို့ ရှိလာပါသည်။ 

 

အချိန်မီ ပြန်မဖြည့်နိုင်ပါလျှင် အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ကြီးလှပါသည်။အူလမ်းကြောင်းနံရံများ ပျက်စီးသွားသဖြင့် သွေးကြောများ ထိခိုက်ပြီး၊ သွေးဝမ်းများလည်း သွားစေပါသည်။ အချို့သော အီကိုလိုင်းတို့သည်ကား ပျို့ခြင်း၊ အန်ခြင်းကို ဖြစ်စေတတ်ပါသည်။ လူနာ၏ ပထမဆုံး ပြသသည့် လက္ခဏာမှာ အန်ခြင်းသာဖြစ်ပါတော့သည်။ အန်လိုက်လျှင်လည်းကြောက်မက်ဖွယ် ကောင်းလောက်အောင် အရှိန်လည်းပြင်းထန်၊ များလည်း များပြားလှပါသည်။ ပိုးနှင့်ပိုးမှထုတ်သော အဆိပ်၏ အရှိန်ကြောင့် ကိုယ်ပူခြင်းကိုလည်း ဖြစ်စေပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာယုဇနစောမြင့်
(ကလေးအထူးကုဆရာဝန်ကြီး)
Health for all magazine, No.109, February 2016, Pg. 10-11



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18