Print

ရွှေသွေးတို့အတွက်အစာအာဟာရ

  24-Feb-2017
Preview Image

မိခင်နို့နဲ့ မတည့်လို့ဆိုတာ အင်မတန်ရှားပါတယ်။ နို့တိုက်နည်း မမှန်ကန်ရင်သာ မိခင်ရောကလေးပါ အခက်အခဲရောက်တတ်တာပါ။ နို့ရည်က ထွက်အားနည်းလေ ကလေးက အာသာမပြေလို့ နင်းပြီးစို့လေ။ ကလေးရဲ့ ပါးစပ်ထဲကို လေတွေက ဝင်လေနဲ့ နောက်ဆုံးမှာ ကလေးဗိုက်ထဲ မှာ လေတွေပွပြီး ဝမ်းစိမ်းတွေသွား၊ အော့အန်ဖြစ်လာတာပါ။ ကလေးနဲ့မိခင်နို့နဲ့ မတည့်လို့မဟုတ်ပါဘူး။ 

 

အမေ့နို့ချိုထက်ကောင်းတဲ့ နို့ရည်လို့ မရှိသေးပါဘူး။ အသားငါး၊ အသီးအရွက်စားပြီး အရည်များများသောက်ပေးပါ။ များသောအားဖြင့် မိခင်တို့သည် မိမိတို့၏ရင်သွေးများ ရောဂါကင်းစင်ရန်ဟူသော မေတ္တာစေတနာနှင့် အစားရှောင်ကြ၏။ အစားရှောင်မှသာ ၎င်းတို့နို့သည် ကလေးအတွက် လေမထိုးနိုင်၊ အန္တရာယ်မဖြစ်နိုင်ဟူ၍ လွဲမှားသောအယူအဆ ရှိနေကြသည်ကို တွေ့ရသည်။

 

မိခင်နို့ကို ကလေးက တိုက်ရိုက်စို့ရတာဟာ မိခင်နဲ့ကလေးဟာ တစ်ဦးနဲ့ တစ်ဦး မေတ္တာသံယောဇဉ် နှောင်ကြိုးပိုပြီးတွယ်တာစေတယ်။ ပြီးတော့ မိခင်နို့ရည်ထဲမှာ ဝက်သက်တို့၊ ကျောက်ရောဂါတို့၊ ပိုလီယိုအကြောသေ အစရှိတဲ့ ရောဂါအန္တရာယ်တို့ကို ကာကွယ်တဲ့သတ္တိမျိုး သဘာဝအားဖြင့် ပါလာတဲ့အတွက် ကလေးငယ် ဟာမွေးပြီး ခြောက်လအတွင်းမှာဆိုရင် ဝက်သက်၊ ကျောက်နဲ့ ပိုလီယိုအကြောသေ ကူးစက်ရောဂါပိုးတို့ ရုတ်တရက်ဝင်ရောက်ပြီး ဒုက္ခပေးလို့ မရနိုင်ဘူး။ နွားနို့တို့ နို့မှုန့်တို့ တိုက်တဲ့အခါ အဲဒီရောဂါပိုးတွေ ကာကွယ်တဲ့သတ္တိမျိုးတွေ မပါနိုင်ပါဘူး။ 

 

အဲဒီလို အဖိုးတန်တဲ့ သတ္တိမျိုးအပြင် မီးဖွားပြီးစ မိခင်ရဲ့သားအိမ်ဟာလည်း ကလေးကို နို့ချိုတိုက်ကျွေးတဲ့အတွက် ရောဂါဘယကင်းဝေးပြီး နဂိုအတိုင်း ပြန်ကောင်း သွားနိုင်တယ်။ နောက်ပြီး ကလေးမိခင်နို့ထဲက ပါလာတဲ့ ပရိုတင်းဓာတ်တို့၊ အဆီဓာတ် တို့က အစာကြေလွယ်တယ်။ နွားနို့က ထုတ်ယူရတဲ့ ပရိုတင်းဓာတ်က အစာကြေ လွယ်အောင် ပြုပြင်ထားပေမယ့် မိခင်နို့ထဲကပါလာတဲ့ ပရိုတင်းဓာတ်လောက်တော့ အစာချက်ချင်း မကြေနိုင်ဘူး။ ပြီးတော့ မိခင်နို့ထဲမှာ သကြားဓာတ်တွေပိုများလို့ မိခင်နို့က နွားနို့ထက် ပိုပြီးချိုပါတယ်။

 

မိခင်နို့က အကုန်အကျလည်း သက်သာတယ်။ ပြီးတော့ မိခင်နို့ချိုက လတ်ဆတ်ပြီး ကလေးကို တိုက်ရိုက် တိုက်ကျွေးနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းဖောရောဂါ မဖြစ်ဘူး။ ရောဂါကင်းတယ်။ ကျန်းမာတယ်။ နို့မှုန့်တိုက်တဲ့မိခင်တွေရဲ့ ကလေးတွေ အဖို့ကတော့ နို့ဘူးနှင့်နို့သီးခေါင်းကို ကောင်းကောင်းမဆေးကြလို့ရော ပြီးတော့ နို့ဘူးနှင့် နို့သီးခေါင်းကို ရေပွက်ပွက်ဆူအောင် မပြုတ်လို့ရယ်၊ ဒါတွေ အပြင် ရေဘယ်နှစ်အောင်စနဲ့ နို့ဘယ်နှစ်ခွက် ထည့်ရမှန်းမသိတဲ့ အချိန်အဆ မတွက် တတ်တာနဲ့ မှန်းရမ်းပြီး နို့မှုန့်ကိုဖျော်တိုက်လို့ ကလေးတွေ ဝမ်းပျက်ဝမ်းဖော ရောဂါ ဖြစ်ပြီး ဒုက္ခရောက်တတ်တာလည်းမနည်းဘူး။ 

 

နို့ဆီတော့ ကလေးကို ဘယ်တော့မှမတိုက်ပါနှင့်။ ခေါင်းကြီးပြီး အရိုးတွေပျော့တဲ့ “ရစ်ကက်” ခေါ်တဲ့ ရောဂါတို့၊ ဝမ်းပျက်တဲ့ရောဂါနဲ့ အာဟာရချို့တဲ့ပြီး နောက်ဆုံး အသက် ပါဆုံးရှုံးနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နို့ဆီထဲမှာ ပရိုတင်းဓာတ်နည်းပြီး သကြား ချည်းပဲပါလို့။ ကလေးကို မိခင်နို့ရည်ချည်းသာ အသက်ခြောက်လအထိတိုက်ပါ။ 

 

အသက်ခြောက်လပြည့်ရင်မိခင်နို့နဲ့အတူ ဆန်ပြုတ်၊ ထမင်းပြုတ်၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက် ပြုတ်ထားတဲ့အရည်တို့၊ အသက်ငါးလ၊ ခြောက်လမှာ ပဲနှီလေးဟင်းချိုနဲ့ ထမင်းပျော့ပျော့၊ သွားပေါက်ရင် ထမင်းနဲ့ ငါးအသားလေးတို့ ပုစွန်ဘော့ဂျိတ်ပြုတ်လေးတို့ ပဲအမျိုးမျိုးနဲ့ နယ်ကျွေး ၊ ပြီးတော့ ဆိတ်ရိုး၊ အမဲရိုး၊ ငါးဖယ်ရိုးရရင်လည်း နှုးနှုးလေးပြုတ်ပြီး တိုက်ထားရင် သွားထွက်လည်းလွယ် အာဟာဓာတ်လည်းရနိုင်ပါတယ်။ 

 

ကလေးတစ်နှစ်သားအရွယ်လောက်ရောက်ရင် လူကြီးစားတဲ့အစားအစာကို အစာကြေအောင် ချက်ပြုတ်ကျွေးနိုင်ပါပြီ။ အမေနို့ကိုလည်း တစ်ဖြည်းဖြည်းနဲ့ တစ်နှစ်ကျော် နှစ်နှစ်အထိတိုက်ပါ။ အမေ့နို့ကတော့ တစ်စက်မကျန်ထွက်သမျှ တိုက်သင့်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ယုဝတီခင်ဦး
Health for all magazine, No.100, May 2015, Pg. 15-16

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18