Print

တစ်နှစ်အောက်ကလေးများနှင့် သွေးကင်ဆာ

  30-Oct-2016
Preview Image

 

ကလေးအားလုံးရဲ့ သွေးကင်ဆာစုစုပေါင်းမှာ ၂ ရာခိုင်နှုန်းလောက်ဟာ အသက် တစ်နှစ်အောက် ဖြစ်ပွားတတ်ပြီး အဖြစ်များတဲ့ အမျိုးအစားကတော့ ALL က AML ထက် ၂ ဆပိုဖြစ်ပွားစေပါတယ်။ ဒါကြောင့် ကလေးပေါက်စနမှာလည်း သွေးကင်ဆာ ဖြစ်နိုင် တာမို့ ထူးခြားတဲ့လက္ခဏာ ပေါ်တာနဲ့ ချက်ချင်းပြသ ကုသကြဖို့ လိုပါတယ်။ မိခင်ဗိုက်ထဲ ကတည်းက သွေးကင်ဆာ ဖြစ်စေတဲ့ မျိုးရိုးဗီဇတွေ ပါလာတာကို ကလေးရဲ့ ချက်ကြိုးထဲ မှာတောင် စမ်းသပ်တွေ့ရှိရတာ စာတမ်းတွေရှိပါတယ်။ မိခင်မှာလည်း ကင်ဆာဖြစ်စေတဲ့ ကလုန်း (Clone) ကို တွေ့ရတဲ့အတွက် မိခင်ဆီမှ ကလေးဆီသို့ သယ်ဆောင်ပေးပို့တာ (Transmit) ထင်ရှားတယ်။သွေးကင်ဆာရဲ့ သဘာဝက အသက်ငယ်လေရောဂါ ပိုဆိုးလေဖြစ်လို့ အသေအပျောက် များစေတယ်။ သွေးကင်ဆာရဲ့ အထက်ဖော်ပြပြီး လက္ခဏာတွေအပြင် တစ်သျှူးတွေထဲနှင့် အဆုတ်ထဲ ထိုးဖောက်ဝင် ရောက်လွယ်တဲ့အတွက် ကလေးမှာ အသက်ရှူကျပ်ရတာ တွေ့နေရတယ်။

 

ဦးနှောက်ထဲထိ ကင်ဆာဆဲလ်တွေ ပျံ့လွယ်သလို အရေပြားအောက်မှာ Leukemia cutis လို့ခေါ်တဲ့ အလုံးလေးတွေ ဖြစ်ပေါ်လာတယ်။ သွေးအားနည်းလက္ခဏာတွေ၊ ရောဂါပိုးဝင်လွယ်တာတွေကလည်း ပြင်းထန်လှတယ်။ ဓာတုကုထုံး ပြီးအောင်ပေးအပြီး စတမ်းဆဲလ် အစားထိုးကုသမှုပေးရင် တောင်မှ ရလာဒ်က မကောင်းလှပါဘူး။ ခရိုမိုဇုန်းချို့ယွင်းချက်မပါခဲ့တဲ့ အမျိုးအစားဆိုရင်တော့ အလားအလာ (outcome) က ကလေးကြီးတွေနဲ့ တူညီဖို့ မျှော်လင့်နိုင်ပါတယ်။ ကလေးတွေမှာ သွေးကင်ဆာဖြစ်တယ် ဆိုတိုင်း အရမ်းကြီး ကြောက်လန့်မနေဘဲ သူ့အမျိုးအစားအလိုက် ကုထုံးအမျိုးမျိုးနှင့် ထိရောက်စွာ ကုသမှုခံယူရင် ထိုက်သင့်သလို အကျိုးရှိနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

 

Healthcare.com.mm

Ref:

ဒေါက်တာမြမြချယ်

(ကလေးအထူးကုဆရာဝန်ကြီး)

Ziwaka magazine march 2014,Pg.77



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18