Print

ဟီမိုဖေးလီးယား ခေါ် သွေးမတိတ်ရောဂါ

  30-Oct-2016
Preview Image

 

လူတိုင်း၏ ခန္ဓာကိုယ်တွင် မည်သည့်အစိတ်အပိုင်းမဆို ထိမိခိုက်မိ ရှမိပါက သွေးယို ထွက်လာတတ်ပေသည်။ အလွန်ကြီးသည့် ဒဏ်ရာနှင့် သွေးလွှတ်ကြောကို ထိမိသည့် ဒဏ်ရာတို့မှ လွဲ၍ ပုံမှန်အားဖြင့် သွေးထွက်လာသည့် နေရာကို လက်ဖြင့်ခေတ္တ ဖိထားလိုက်ရုံနှင့် သွေးတိတ်သွားစမြဲ ဖြစ်ပါတယ်။ ရံဖန်ရံခါတွင်မူ ဒဏ်ရာပင် သေးသော်ငြားလည်း သွေးထွက်မရပ် (တစ်နည်းဆိုရသော်) သွေးမတိတ်ဘဲရှိတတ်သည်ကိုလည်း တွေ့ရ တတ်ပါသည်။ ထိုသို့ ဖြစ်သည့် လူနာများသည် များသောအားဖြင့် ယောကျ်ားလေးများ ဖြစ်ကြပြီး မျိုးရိုးရာဇဝင်တွင် လူနာကလေး၏ မိခင်ဘက်မှ ဦးလေး၊ အစ်ကို။ မောင်၊ တူစသည်တို့၌ ထိုသို့ သွေးမတိတ်ရောဂါသည် တစ်ဦးဦး ရှိနေတတ်ကြသည်ကို စုံစမ်းသိရှိနိုင်ပေသည်။

 

ရောဂါရှိသည့် ကလေးတွင် မိဘမျိုးရိုးကြောင့် ဖြစ်စေ၊ ဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်စေ သွေးခဲစေနိုင်သည့် ပရိုတိန်းများထဲမှ Factor 8 9 (AHG. Antihaemophilic globulin) သည် ရှိသင့်သည်ထက် နည်း၍ သော်လည်းကောင်း၊ မပါသလောက် လျော့၍ သော် လည်းကောင်း မွေးဖွားလာခဲ့ရပေသည်။ ဟီမိုဖေးလီးယား သွေးမတိတ်ရောဂါသည် လိင်မျိုးစေ့နှင့် တွဲ၍ ဖြစ်သောရောဂါ (sex linked recessive) တစ်မျိုး ဖြစ်သဖြင့် မိန်းကလေးများထက် ယောကျ်ားလေးများက ပို၍ ရောဂါ၏ အန္တရာယ်ကို ခံစားရပေသည်။ မိန်းကလေးများမှာ ၎င်းရောဂါ၏ အန္တရာယ်ကို ခံစားကြရပေသည်။ မိန်းကလေးများမှာ ၎င်းရောဂါ၏ မျိုးရိုးဗီဇကို သယ်ဆောင်သူ (carrier) များ အဖြစ်သာ ရှိလာပြီး ရောဂါ၏ လက္ခဏာကို သာမန်အားဖြင့် မခံစားရတတ်ပေ။ ခြွင်းချက်အနေနှင့်မူ ရောဂါသည် ဖခင်၏ ရောဂါမျိုးရိုးသယ်ဆောင်သူ မိခင်တို့မှ မွေးဖွားသည့် မိန်းကလေးမျိုး၌သာ ရံဖန်ရံခါတွင် သွေးမတိတ်ရောဂါ၏ လက္ခဏာများကို ခံစားရနိုင်သည်။

 

ရောဂါ၏လက္ခဏာကို အသက် ၂ နှစ်၊ ၃ နှစ် အရွယ်တွင်စ၍ သတိထားမိကြမည် ဖြစ်သော်လည်း ရောဂါအလွန်ဆိုးလျှင် မွေးစကပင် တွေ့နိုင်တတ်သည်။ အနည်းငယ် ထိမိခိုက်မိရုံနှင့် သွေးခြည်ဥလွယ်ပြီး လှုပ်ရှားသွားလာနိုင်သည့် အရွယ်တွင် ဒူးဆစ်၊ တံတောင်ဆစ် အစရှိသည့် အဆစ်များ မကြာခဏရောင်၍ ကိုယ်ပူ ဖျားနာတတ်ကြပေသည်။ ထိုလက္ခဏာများကို သတိမထားမိဘဲ နေခဲ့ပါလျှင် ဆော့ကစား၍ ပွန့်ပဲ့သည့်အခါ ဖြစ်စေ၊ ငယ်သွားလဲသည့်အခါ ဖြစ်စေ၊ သွားနုတ်ရသည့် အခါများတွင် ဖြစ်စေ သွေးတော်တော်နှင့် မတိတ်သည်ကို တွေ့ကြရပေသည်။ ရံဖန်ရံခါတွင်လည်း နှာခေါင်းသွေးလျှံခြင်း၊ ဆီးသွားရာတွင်သွေးများပါလာခြင်း စသည်တို့ဖြစ်လာတတ်ပြီး ဒူးဆစ်၊ ခြေဆစ်၊ တံတောင်ဆစ်တို့လည်း ရောင်ရာမှ လှုပ်ရှား၍ မရတော့လောက်အောင် ခိုင်သွားသည်ကို တွေ့နိုင်ပေသည်။ အဆစ်အတွင်း သွေးယိုမှုသည် ပထမအစသော် သူ့ဘာသာ ပြန်ကောင်းသွားလေ့ရှိကြသော်လည်း ပျက်စီးမှုများ ရှိလာပြီး လှုပ်ရှားမှုနှင့် ပုံပန်းသဏ္ဍာန်ကိုပါ ပျက်ပြားလာစေနိုင်ပါသည်။

 

သွေးတိတ်သင့်သည့် အချိန်ပိုင်းအတွင်းမတိတ်ခဲ့သော် လိုအပ်သည့် စစ်ဆေးမှုများကိုလုပ်၍ စမ်းသပ်စစ်ဆေးရပါမည်။ ထိုသို့ သွေးမတိတ်ရောဂါရှိသည့် ကလေးများကို ပြုစုရန် မိဘများအနေနှင့် ထိခိုက်ဒဏ်ရာ ရစေမည့် ကိစ္စတို့ကို တတ်နိုင်သမျှ နည်းပါးအောင် စောင့်ရှောက်ရမည့် အပြင် ထိခိုက်မိပါကလည်း သွေးကို အမြန်ဆုံးတိတ်အောင် ထိန်းသိမ်းတတ်ဖို့လိုပါသည်။ သေးငယ်သည့် ဒဏ်ရာမျိုးလောက်ပင် ဖြစ်ငြားသော်လည်း အမြန်ဆုံး သွေးတိတ်သွားစေရန် ဒဏ်ရာကို ဖိအားပေး၍ဖြစ်စေ၊ ရေခဲအမြန်ဆုံးတင်၍ ဖြစ်စေ ပြုလုပ်ပေးရပါမည်။ အဆစ်များ သွေးယိုမှု ရှိခဲ့လျှင် သော်လည်းကောင်း၊ ဒဏ်ရာကြီး၍ သွေးမတိတ်ခဲ့လျှင်လည်းကောင်း ဆေးရုံ၊ ဆေးခန်းများ၌ AHG များများ ပါနိုင်သော လတ်လတ်ဆတ်ဆတ် သွေးရည်ကြည်ကို အမြန်ဆုံး ထည့်သွင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသွေးရည်ကြည် ရရှိနိုင်မည့် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရန်လိုအပ်ပေသည်။

 

အချိန်နှောင်းလေ ကလေးအတွင် ဆိုးကျိုးအန္တရာယ် ပိုများလေကို မိဘများ သိနားလည်ရန် လိုအပ်ပါသည်။ ရောင်လာသည့်အဆစ်များကို အလွယ်တကူ မလှုပ်ရှားမိစေရန် အလိုက်သင့် စည်းနှောင် (Splint) ထားသင့်ပါသည်။ သွားပိုးစား၍ နုတ်ရမည့်ဘေးမှဝေးစေရန် သွားများကို ဂရုတစိုက်နှင့် သန့်ရှင်းအောင် ထားစေရပါမည်။ အကယ်၍ သွားနုတ်ရမည်၊ ခွဲစိတ်မှုမဖြစ်မနေလုပ်ရမည် ဆိုပါက သွေးကြည်ရည်အမြန်ဆုံး သွင်းနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ၌သာ (သို့) အနီးအနား၌သာ လုပ်သင့်သည်ဟုဆိုချင်ပါသည်။ သို့မှသာ အကယ်၍ သွေးထွက်လွန်ပါက လိုအပ်မည့် AHG ကို အမြန်ဆုံး သွင်းနိုင်မှာဖြစ်ပေသည်။ ထိုသို့မှ မစောင့်ရှောက်နိုင်လျှင် အသက်အန္တရာယ်ပင် ဖြစ်လာနိုင်သလို တစ်သက်တာလုံး အဆစ်များ ကောက်ကွေး၍ မသန်မစွမ်း ဘဝနှင့်နေသွားရနိုင်ပါသည်။ ကလေးဘဝမှ လူကြီးဘဝသို့ ရောက်လာလျှင် ရောဂါ၏ အခြေအနေ သက်သာသွားတတ်လေ့ ရှိကြသည်ကို တွေ့ကြရသည်။ ထို့ကြောင့် ကလေးငယ်အား သူ၏ အန္တရာယ်များကို နားလည်စေရန် သင်ကြားပေးထားဖို့ လိုပေသည်။

 

အခြား ကလေးများနည်းတူ ကြမ်းကြမ်းတမ်းတမ်း မကစားနိုင်သည့် အတွက် တစ်ခါတစ်ရံ စိတ်မကျေနပ်ဖြစ်ကာ ဒေါသကြီး၍ ရမ်းကားတတ်သည်ကို ထိန်းသိမ်းပေးဖို့လည်း လိုအပ်ပေသည်။ အထူးသဖြင့် လူပျိုပေါက် အရွယ်များတွင် ဤသို့ စိတ်ပေါက်ကွဲမှုများ ဖြစ်တတ်သည်ကို ကြံုတွေ့ရတတ်ပေသည်။ ကလေးဘဝတွင် ထိန်းထိန်သိမ်းသိမ်း နေနိုင်လျှင် အန္တရာယ်မမှားလှဘဲ လူကြီးဘဝသို့ ရောက်နိုင်ကြောင်း နားလည်အောင် ရှင်းပြထားနိုင်လျှင် ကောင်းပါသည်။ ဤသွေးမတိတ်ရောဂါသည် ရှားပါးနေပြီ ဖြစ်သော်လည်း ရံဖန်ရံခါတွင် တွေ့နေရဆဲဖြစ်ပါသည်။ ထို့ကြောင့် မိဘများအနေနှင့် စောစောစီးစီး သတိထားမိစေရန် လိုအပ်ပါသည်။ အကယ်၍ မိမိကလေး၌ သွေးမတိတ်ရောဂါ၏ လက္ခဏာများနှင့် ခပ်ဆင်ဆင် ပါရှိနေသည်ဟု ထင်မှတ်ပါက နားလည်တတ်ကျွမ်းသည့် ဆရာဝန်များကို ပြသ၍ သေချာအောင် စုံစမ်းစစ်ဆေးသင့်ပါသည်။ ထို့နောက် ဆရာဝန်များ ညွှန်ကြားသည့်အတိုင်း ရှောင်သင့်ရာများကို ရှောင်ထားလျှင်အန္တရာယ်နည်းပါးစွာနှင့် ရောဂါကို ကျော်လွှားနိုင်မှာ ဖြစ်ကြောင်းတင်ပြရပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာခင်မျိုးဟန်

(ကလေးအထူးကုဆရာဝန်ကြီး)

သားသားမီးမီးတို့ ဖြစ်တတ်သောရောဂါများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18