Print

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ

  30-Oct-2016
Preview Image

 

"ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအတော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေးရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီလောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါ တယ်။ နောက်တစ်ခါ ဆေးပြန်တိုက်လိုက်ရင် ကလေးက အဖျားပြန်ကျသွားပြန်ရော။ အဲဒါက ဝင်တဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ်မူတည်ပြီး (ဥပမာ တစ်ရက်ဖျားမှာလား၊ သုံးရက်ဖျားမှာလား) အဖျား ကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။

 

ပိုးဝင်ခြင်း

*********

 

ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူ ကြီးလာတဲ့ အချိန်မှာ ကလေးတွေက ရုတ်တရက် တက်တတ်ပါတယ်။ အဲဒါမျိုး တွေဖြစ်ရင် အမေတွေက ပိုပြီးတော့တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ်ပူပြီးတက်တတ်တဲ့ ကလေးတွေနဲ့ မျိုးရိုးထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိတတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့ က သူတို့ငယ်ငယ်တုန်းကလည်း တက်တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါ တယ်။ ဖျားမှ တက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိ ပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက်တယ်ဆိုတာ သိပ်မရှိတော့ဘူး။

 

ကိုယ်ပှုကြီးပြီး တက်လျှင်

***********************

အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာလည်းပြန်ကျ သွားပါတယ်၊ သတိကောင်းတယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေမယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနားဖြစ်ရင် လည်းဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျားကြီးလို့ တက်တာမျိုးက ဘာမှကြောက်လန့်စရာ အကြောင်းမရှိပါဘူး။ ဆေးတစ်မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အခန်း (Air-condition)ထဲ ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကိုကျအောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာရင် အစာစားလား၊ မစားဘူးလား၊ အရည်ဝင်လား မဝင်ဘူးလား၊ လန်းလန်းဆန်းဆန်း ရှိလား၊ မလန်းဘူးလား၊ အဲဒါတွေက ပိုပြီး အရေးကြီးပါတယ်။

 

ရေပတ်တိုက်သင့်၊ မသင့်

---------------------------

တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မဝတ်ရဘူး၊ စောင်မခြံုရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါတယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်၊ ခဏခဏ ရေပတ်တိုက်တာ၊ ရေလောင်း နည်းဖြစ်တဲ့ ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေ အနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို အစာဝင်အောင် ကျွေးရမယ်။ အဖတ်မဝင်ရင်တောင်မှ အရည်ဝင်အောင် တိုက်ရပါမယ်။

 

အစားအစာ ကျွေးသင့်၊ မသင့်

--------------------------------

မိဘအတော်များမျာက ကလေးတွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက်တာ၊ ကြက်ပေါင်းရည်လေးပဲတိုက်တာ မျိုးတွေတွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေးလို့ ရပါတယ်။ အဲဒီအခါမှာပထမအစော ပိုင်း ခုနစ်ရက်လောက် ဖျားရင် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်း ကျွေးလို့ရပါတယ်၊ ထမင်းမဝင်ရင် အရည် တစ်ခုခုဝင်အောင် တိုက်လို့ရပါ မယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျားတိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆို တာလည်း မဟုတ်ပါဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည် သောက်သင့်တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မသောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါတယ်။

 

မက်ကလောင်ဖောက်ခြင်း

---------------------------

မှားယွင်း လုပ်ဆောင်တတ်တာတွေကတော့ မြန်မာနိုင်ငံမှာ တွေ့ရများတာက မက်ကလောင် ဖောက်တယ်ဆိုတဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်ကလောင် ဖောက်ရတယ် ဆိုပြီး လက်ထိပ်တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ်တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာကတော့ စအိုနားကိုပါ ဖောက်တတ်ကြပါ တယ်။ အညစ်အကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများကြီးပဲ။ သူ့ဘာသာသူ အပြင်မှာနေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ခန္ဓာ ကိုယ်ထဲ ပိုးတွေဝင်သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆိုတော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွားတတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။

 

Healthcare.com.mm

 

Ref: ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18