Print

သင်တို့ကွာရှင်းလိုက်လို့ သင်တို့ကိုယ်တိုင် နာကျင်ခံစားရတာထက် ကလေးတွေရဲ...

  30-Oct-2016
Preview Image

 

ကွာရှင်းချင်လာပြီဆိုရင် အရင်ဆုံး သတိရ၊ ပြေးမြင်သင့်တာက သင်တို့ရဲ့ကလေးတွေပါ။ နုနယ်တဲ့ကလေးတွေရဲ့ စိတ်ထဲမှာ မိကွဲဖကွဲနေရတယ်ဆိုတဲ့ စိတ်ဒဏ်ရာကြီးက ရွှေတွေ၊ ငွေတွေ ဘယ်လောက်ပဲ ပုံပေးပေး၊ အဲဒီကလေးတွေရဲ့စိတ်ထဲက အနာကို ဘယ်လိုမှ ဖျောက်ဖျက်ပေးလို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကလေးတွေကို အဲဒီလိုနာကျင်မှုတွေ ပေးလိုက်ရင် သင့်ကလေးတွေ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိပါသလား။ သင့်ရဲ့ကလေးတွေဟာ ပုံမှန်ထက် သင်ရခက်တဲ့ ကလေးတွေဖြစ်လာမယ်။ ပြောတာ၊ ဆိုတာ နားလည်ရင်တောင်မှ လက်မခံတော့တဲ့ကလေးတွေ ဖြစ်လာမယ်၊ ခေါင်းမာတဲ့ ကလေးတွေဖြစ်လာမယ်၊ ပြောရဆိုရခက်တဲ့ ADHD ကလေးတွေဖြစ်လာမယ်၊ ကျောင်းစာမှာ လိုအပ်တာထက် ပိုသင်ပေးရမယ်

 

၊ အဆိုးဆုံးကတော့ သင်တို့လိုပဲ အိမ်ထောင်ရေးကို လွယ်လွယ်တွေးတတ်လာမယ်၊ မိဘကို မိဘလိုဆက်ဆံဖို့ ဝန်လေးလာမယ်၊ ဝမ်းနည်းလွယ်လာမယ်၊ စိတ်ဓာတ်ကျလွယ်လာမယ်၊ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုတွေ မရှိတော့ဘူး ဖြစ်လာမယ်၊ ရည်မှန်းချက်တွေ ပျောက်ဆုံးတတ်လာမယ်၊ ကလေးကို တာဝန်ယူဖို့ မိဘများလည်း ဆိုင်ပေမယ့် ကလေးကို စိတ်ဓာတ်ပိုင်းအရ မြှင့်တင်ပေးနိုင်ဖို့က အဓိကကျတဲ့ အချက်ပါ။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲကြတော့မယ့် မိဘတွေကို သူတို့လေးတွေရဲ့အမြင်မှာ အတတ်နို်င်ဆုံး ကြည်လင်နေဖို့ လိုပါတယ်။ ကိုယ့်ဘက်က အမှားကို မမြင်စေချင်လို့ အခြားတစ်ဖက်ကို အပြစ်ပြောတာမျိုးက မဖြစ်သင့်ပါဘူး။ ဥပမာ - “သားဖေဖေက ဘယ်သူနဲ့ဘယ်လိုတွေလုပ်နေလို့ မေမေက ဒီလိုလုပ်လိုက်ရတာပါ” ဆိုတဲ့ အပြောမျိုး။ ဖခင်ဖြစ်သူဘက်ကလည်း “သားမေမေက အိမ်အသစ်မှာ သွားနေတာလေ” ဆိုပြီး ကိုယ့်အမှား၊ သူ့အမှား လွှဲချတဲ့အပြောမျိုးတွေ မပြောမိဖို့ အလွန်လိုအပ်ပါသည်။ နောက်ပြီး “ဖေဖေက သားတို့နဲ့ အတူတူနေချင်ပါတယ်။ ဒါပေမယ့် သားမေမေက မနေခိုင်းလို့” ဆိုတာမျိုးတွေကို မိဘတော်တော်များများ ပြောကြတယ်။

 

ကိုယ်သာလုပ်ချင်တာ လုပ်မယ်၊ ကိုယ့်သားသမီးကတော့ကိုယ့်ကိုအကောင်းပဲ မြင်နေစေချင်တာမျိုးက လူ့အတ္တပဲလေ။ ဒါပေမယ့် သင့်ကို အကောင်းမြင်စေချင်တာနဲ့ပဲ စိတ်ဒုက္ခရောက်ပြီးသား ကလေးရင်ထဲမှာထပ်ပြီး ဒဏ်ရာရသွားမှာ သင်ဖြစ်စေချင်တဲ့ အရာလား။ သေချာစဉ်းစားပါ။ ကွာရှင်းပြီးလည်း ဒီလိုပဲ နေထိုင်နေကျတဲ့ ကလေးတွေ အများကြီးရှိတာပါပဲလို့ ဆင်ခြင်တတ်ချင်တဲ့ မိဘတွေကို တစ်ခုပြောချင်တာက အဲဒီကလေးတွေကို သင်တို့သေချာလေ့လာ ဖူးပါသလား။ သင်တို့ရဲ့ကွာရှင်းမှုမှာ ကလေးတွေပြီးရင် ဒုတိယထိခိုက်လာမှာကတော့ သင်တို့ရဲ့ လူမှုပတ်ဝန်းကျင်ပါပဲ။ ဆဲဆိုကြမ်းတမ်းတဲ့ အိမ်နီးချင်းကို ဘယ်သူကမှ အဖက်လုပ် မဆက်ဆံချင်သလို၊ ကွာရှင်းထားတဲ့ သူတွေကိုလည်း ဘယ်အိမ်နီးချင်းကမှ အထင်တကြီးဆက်ဆံတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အိမ်တွင်းရေးကိုတောင် လုံအောင်မထားနိုင်တဲ့ သင်လိုလူကို ဘယ်သူကအထင်ကြီး ဆက်ဆံစေမှာလဲ။ မဖြစ်အနေ ဆက်ဆံမယ်ဆိုရင်တောင် သင့်နောက်ကျောမှာ သင့်ကို ပြောမယ့်အရာတွေကို သင်ပြန်ကြားရင် ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိပါရဲ့လား။ ကိုယ့်အတွေးနဲ့ကိုယ်နေတာ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးလို့ သင်ထင်ရင် ထင်ပါလိမ့်မယ်။

 

ဒါပေမဲ့ သင်တစ်ခုသိထားဖို့က အမှားတစ်ခုရယ်လို့ ဖြစ်လာရင် တစ်ဖက်သတ်မှားတဲ့ အမှားမျိုးက ရှားပါတယ်။ သေချာပြန်စဉ်စားလိုက်ရင် သူမှားသလို၊သင်လည်း မှားနေတာကို ပြန်တွေ့လာမှာပါ။ လက်ခုပ်ဆိုတာ တစ်ဖက်တည်း တီးလို့မြည်တာမျိုးက မဟုတ်တာနော်။ အကြောင်းအမျိုးမျိုးကြောင့်ပဲ ကွာရှင်းကွာရှင်း သင့်ကိုပဲဖြစ်ဖြစ်၊ သင့်အိမ်ထောင်ဖက်ကိုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က ပထမဆုံးမြင်မိကြမှာက အိမ်ထောင်ရေးဖောက်ပြန်သူတွေ လို့ပါပဲ။ အဲဒီလိုအမြင်ကို သင့်ခံယူနိုင်ပါသလား။ ကွာရှင်းဖို့ တာစူနေကြတဲ့ လင်မယားတွေ၊ စုံတွဲတွေ စဉ်းစားရမှာက တကယ်ရော ကွာရှင်းချင်ရဲ့လား။ သင်တို့ကွာရှင်းမှုကြောင့် ကလေးတွေ့ရဲ့ အကျိုးဆက်ကိုရော ဘယ်လိုတာဝန်ယူမှာလဲ ဆိုတာကိုပါ။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

Healthcare.com.mm

 

Ref:

Mercy Angel

Ziwaka Magazine

December 2014, Pg.135-137



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18