Print

မွေးစကလေးမသေစေလိုလျှင်

  30-Oct-2016
Preview Image

 

လသား အရွယ်ကလေးများ သေဆုံးရသည့် အကြောင်းရင်း တစ်ခုဖြစ်သည့် မွေးဖွားပြီးနောက် ရောဂါပိုး ဝင်ပြီး သေဆုံးမှုကို လျှော့ချနိုင်ရန်မွေးစ တစ်လအတွင်း ကလေးကိုကိုင်တွယ်မည်ဆိုပါကလက်ဆေးပြီးမှသာ ကိုင်တွယ်သင့်ကြောင်း ကျန်းမာရေးပညာဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာ ဦးခင်မောင်လွင် က ပြောသည်။”မည်သူမဆိုမွေးပြီး တစ်လအတွင်း ကလေးကို မသေစေချင်ရင် ကလေးကို ချီမယ်ဆိုရင် အဖေရော၊ ဆွေမျိုးသားချင်းတွေရော လက်ကိုဆပ်ပြာနဲ့ဆေး ပြီးမှပဲ ချီပါ”ဟု ၄င်းက ပြောသည်။ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေးသေဆုံးမှုတွင် အများဆုံးသည် တစ်နှစ်အောက် ကလေး များဖြစ်ပြီး တစ်နှစ်အောက် ကလေးများ အနက် လ သားအရွယ် ကလေး ငယ်များ အသေ အပျောက် အများဆုံးဖြစ်ကြောင်း သိရ သည်။ လသားအရွယ် ကလေး များသေဆုံး ရသည့် အများဆုံး အကြောင်းရင်း များ မှာ မွေးဖွားပြီးနောက် ပေါင်မပြည့်ခြင်း၊ အသက်ရှူ မရခြင်းနှင့် ရောဂါပိုးဝင်ခြင်း တို့ကြောင့်ဖြစ် သည်ဟု ဒေါက်တာ ခင်မောင်လွင် က ပြောသည်။

 

”ကလေးတွေ ရောဂါပိုးဝင်တာ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ လူမျိုးတော်တော် များများက အိမ်မှာ မွေးကြတာ များတယ်။ မီးနေခန်း ရွာမှာ ရှိရင် သားဖွား ဆရာ မတွေ နဲ့ မွေးတယ်။ လက်သည် နဲ့မွေးတယ်။ ဆေးရုံမှာ မွေး တယ် ဆိုတာလည်း သန့်ရှင်းအောင် ကြိုးစားပေမယ့် ဆေးရုံတက်ဖူးတဲ့ လူတွေပိုသိပါတယ်။ သန့်ရှင်းမှုအား နည်းနေသေးတော့ဒီကလေးတွေမှာ ရောဂါပိုး ဝင်တာဖြစ်တယ်”ဟု ၄င်းက ပြောသည်။အဆိုပါ အချက် များထက် ပိုမိုအားနည်းသည့်အချက်မှာ မိဘကိုယ်တိုင် သန့်ရှင်းမှု အားနည်းခြင်းကြောင့် ကလေး များ ရောဂါပိုး ဝင်ခြင်းဖြစ်ပြီး အထူး သဖြင့် ဖခင်များ ၏ မသန့်ရှင်းမှုကြောင့် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။ ”ကလေးတွေက ထူးဆန်းပါတယ်။ မိခင် ဗိုက်ထဲ မှာနေခဲ့တာ ဆိုတော့ တော် ရုံ တန်ရုံဆို မိခင်ဆီက ရောဂါပိုးတွေကို ခံနိုင်ရည် ရှိပါတယ်။ အဖေတွေဆီ က ရောဂါပိုး ကိုတော့ ခံနိုင်ရည် မရှိပါဘူး။ အဖေတွေ ကလည်း ကလေးတွေကို ချီမယ်ဆိုရင် ဘယ်သူမှလက်မဆေးကြပါဘူး။ နှာခေါင်းစည်း မစည်းကြပါဘူး” ဟုဒေါက်တာ ခင်မောင်လွင် က ဆိုသည်။ မြန်မာနိုင်ငံတွင် ငါးနှစ်အောက်ကလေး သေဆုံးမှုမှာ ကလေး တစ် ထောင်တွင် ငါးဆယ့်နှစ်ဦး သေဆုံးလျက် ရှိကြောင်း သိရသည်။

 

Healthcare.com.mm

 

Ref: ရဲလင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18