Print

ကလေးများအတွက် စိတ်ဓာတ်ခွန်အား

  30-Oct-2016
Preview Image

 

ကျန်းမာကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး မိဘတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဂရုစိုက်ပြီး လေ့ကျင့်ပျိုးထောင်တတ်ဖို့ လိုပါတယ်။ အများအားဖြင့် ကလေးတွေဟာ ရုပ်ပိုင်းမှာ ကြံ့ခိုင်နေသလို ထင်နေရပေမယ့် စိတ်ပိုင်းမှာ ကြံ့ခိုင်မှု အားနည်းနေတတ်တဲ့အခါ ရှိပါတယ်။ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ပေးမှုနဲ့ ပတ်သက်ပြီး ကလေးတွေကို စောင့်ရှောက်ပေးတဲ့ မိဘဒါမှမဟုတ်အုပ်ထိန်းသူတို့ဟာ အရမ်းကို သတိထားတတ်ဖို့လိုပါတယ်။တစ်ချို့မိဘအုပ်ထိန်းသူတွေဟာ ကလေးအပေါ် စိုးရိမ်လွန်ကဲမှုများစွာနဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ လုပ်တတ်ကြပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့ ချုပ်ခြယ်မှုတစ်ခုဟာ တစ်ခါတစ်ရံမှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို များစွာထိခိုက်စေကြောင်း လူမှုရေးရာကျွမ်းကျင်ပညာရှင်တို့က သုံးသပ်ဖော်ပြကြပါတယ်။ တကယ်တော့ သင့်တင့်မျတစွာ လိုက်လျောမှုပေးခြင်းက ကလေးရဲ့ စိတ်ပိုင်းရုပ်ပို်င်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ အထောက်အကူပြုနိုင်ပါတယ်။

 

ကလေးတွေအားအလေးထားမှုပြပါ

********************************

ကလေးတွေဟာ မိမိတို့လို လူသားတစ်ယောက် ဖြစ်တာကြောင့် ခံစားမှု ရှိတတ်ကြရာ သူတို့ကို အလေးထား ဆက်ဆံတတ်ဖို့ လိုပါတယ်။ အများအားဖြင့် လူမှုပတ်ဝန်းကျင်မှာ လူကြီးတွေ အလေးထား ဆက်ဆံခံရတဲ့ ကလေးတွေနဲ့ ဖယ်ကြဉ်ခံရတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုဟာ ကွာခြားမှု ရှိပါတယ်။ မိဘတွေအလေးထား ဆက်ဆံခံရတဲ့ ကလေးတွေဟာ အများအားဖြင့် စိတ်ပိုင်းယုံကြည်မှု အားကောင်းကြကာ ပတ်ဝန်းကျင်မှာ အဆင်ပြေစွာ နေထိုင်တတ်ကြပါတယ်။ မိဘတို့ အလေးထားမှု ကင်းမဲ့တဲ့ကလေးတွေဟာ စိတ်ခံစားမှု လွယ်ကူကာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှု နည်းပါးတတ်ကြပါတယ်။ စိတ်အားငယ်မှုတို့ ကြီးစိုးသွားကာ အရာရာကို အကောင်းမြင်စိတ်တို့ နည်းပါးသွားပြီး ပုန်းလျိုးကွယ်လျိုး နဲ့ ကြေက်ရွ့ံအားငယ်စွာ နေထိုင်တတ်ကြပါတယ်။

 

ကလေးများအား နွေးထွေးစွာ ဆက်ဆံပေးပါ

****************************************

နွေးနွေးထွေးထွေး ဆက်ဆံမှု ခံရတဲ့ကလေးငယ် တစ်ယောက်ဟာ ပြောဆိုရလွယ်ကူသလို ပိုမို ကျန်းမာတတ်ကြပါတယ်။ လူကြီးမိဘတို့ရဲ့ စိတ်နှလုံးအနွေးဓာတ်ဟာ ကလေးတို့ စိတ်ပိုင်းဖွံ့ဖြိုးမှု ကို တိုက်ရိုက် သက်ရောက်မှုပေးပါတယ်။ ဉာဏ်ရည်ထက်မြက်ခြင်း သွက်လက်ခြင်း မိမိကိုယ်မိမိ ယုံကြည်မှုတိုးစေခြင်း လူကြီးမိဘတို့ရဲ့ ဆိုဆုံးမသွန်သင်မှု အပေါ် နားလည်လွယ်ကူခြင်း နဲ့ကလေးတို့ရဲ့ စိတ်နှလုံးသားဟာလည်း အကောင်းမြင်စိတ်တို့ ကြီးထွားကာ လူသားတို့အပေါ်ကောင်းမွန်စွာ ပြုမူဆက်ဆံတတ်လာခြင်းတို့ဘဲဖြစ်ပါတယ်။

 

မျတတဲ့ကန့်သတ်မှု နဲ့ ကလေးများရဲ့ခံစားမှုကို နားဆင်ပေးပါ

*******************************************************

လူဆိုတာ သင်ယူမှု သွန်သင်ဆုံးမမှုတို့နဲ့ ကြီးပြင်းကြရတဲ့ သဘာဝမျိုးဖြစ်ရာ ကလေးတွေအပေါ် သင့်တင့်မျတတဲ့ ကန့်သတ်မှု နဲ့ သူတို့ရဲ့ဘဝကို လွတ်လပ်ခွင့်ပေးဖို့လိုပါတယ်။ လူကြီးမိဘတို့က အရာရာကို လူကြီးတို့ရဲ့စိတ်နဲ့ ရှင်သန်ခိုင်းရာ ကလေးများရဲ့ဘဝဟာ နှလုံးသားမဲ့တဲ့ လူသားတစ်ယောက် ဖြစ်သွားတတ်ပါတယ်။ ခံစားမှုနှလုံးသား ကင်းမဲ့သွားကာ လူ့ရဲ့ တန်ဖိုးရှိ အရင်းအမြစ်တွေဖြစ်တဲ့ ဖန်တီးတီထွင်မှု စွမ်းရည်တို့ ပျက်သုန်းသွားနိုင်ပါတယ်။ ကလေးတွေဖော်ပြလာတဲ့ ခံစားမှုတိုု့ကိုလည်း အလေးထား နားထောင်ပေးတတ်ဖို့ လိုပါတယ်။ ဒီလိုနားထောင်ပေးခြင်းဖြင့် ကလေးများရဲ့လိုအင်ကို မှန်ကန်စွာ အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ ကလေးများအနေနဲ့ လူကြီးမိဘတို့ရဲ့ အလေးထား နားထောင်ပေးမှုကို ရရှိလာတဲ့အခါ အရာရာကို ယုံကြည်စိတ်နဲ့ ပွင့်လင်းစွာ တိုင်ပင်တတ်တဲ့ အလေ့အကျင့်ကေင်းတို့ ရရှိသွားစေခြင်းဘဲဖြစ်ပါတယ်။

 

ကလေးများနဲ့ကစားပေးပါ

***********************

ကလေးများနဲ့ အတူတူ ကစားပေးခြင်း ရယ်မောခြင်း နီးနီးကပ်ကပ် ထိတွေ့နေထိုင်ပေးခြင်းတို့ဟာ ကလေးများနဲ့ စိတ်ချင်းရင်းနှီးမှုတစ်ခုကို ရရှိစေပြီး ခိုင်မြဲတဲ့ယုံကြည်မှုတစ်ခုကို ရရှိစေပါတယ်။ ကလေးများနဲ့ ဒီလိုယုံကြည်မှုတစ်ခု တည်ဆောက်ထားတဲ့အခါ အပြန်အလှန်နားလည်မှုတို့ရရှိလာပြီး လူကြီးတို့ရဲ့ ဆိုဆုံးမစကားတို့အပေါ် နားလည်လွယ် လက်ခံလိုက်နာခြင်းဆိုတဲ့ အကျိုးတရားတွေ ရရှိစေလာခြင်းဘဲဖြစ်ပါတယ်။ လူကြီးမိဘတွေကို ယုံကြည်မှုတိုးစေသလို သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုတိုးပွားတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ပတ်ဝန်းကျင်အပေါ် လူကြီးမိဘတွေအပေါ် အပြုသဘောဆောင်စိတ်ထားတွေ ထားတတ်လာခြင်းဘဲဖြစ်ပါတယ်။

 

ကလေးများရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုပေးပါ

**********************************************

ကလေးများစွမ်းဆောင်ပေးတဲ့ အရာမှန်သမျကို အလေးထားပြပြီး ကျေးဇူးတင်ကြောင်း ပြောဆိုတတ်ဖို့လိုပါတယ်။ ဒါဟာ သူ့ရဲ့လုပ်ဆောင်မှုအပေါ် ယုံကြည်မှုတိုးစေပြီး အရာရာကို ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်တတ်စေဖို့ ဦးတည်သွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ မျတစွာလုပ်ဆောင်ပေးတတ်မှုဟာလည်း ကလေးများနဲ့ ယုံကြည်မှု တည်ဆောက်ရာမှာ များစွာအထောက်အကူဖြစ်စေပြီး ကလေးများအနေနဲ့လည်း မျတစွာ လုပ်ဆောင်တတ်ခြင်းဆိုတဲ့ အလေ့အကျင့်ကောင်းတို့ ရရှိသွားစေမှာဖြစ်ပါတယ်။

 

ကလေးများအပေါ်ချစ်ကြောင်း အမြဲတမ်းပြောပေးပါ

**********************************************

မိဘတွေအနေနဲ့ ဘယ်လောက်ဘဲ အလုပ်များကြပါစေ ကိုယ့်ရဲ့သားသမီးတွေကို ချစ်ကြောင်း ပြောတတ်ဖို့လိုပါတယ်။ အလုပ်များနေလို့ ကလေးတို့အနားမှာ အမြဲမရှိနိုင်ပေမယ့် ကလေးတို့ကိုချစ်ကြောင်း သတိရကြောင်း ကလေးတို့ကိုတန်ဖိုးထားကြောင်း ပြောပြတတ်ဖို့လိုပါတယ်။ဒါဟာကလေးတို့ရဲ့ နှလုံးသားထဲ နွေးထွေးလုံခြုံမှုတစ်ခုကို ခံစားရစေပြီး မိဘတို့အပေါ်နားလည်မှုရရှိစေပါတယ်။ မိဘတို့ အလုပ်လုပ်နေခြင်းတို့အပေါ် တန်ဖိုးထားနားလည်တတ်လာခြင်းတို့ဘဲဖြစ်ပါတယ်။

 

Healthcare.com.mm

Ref:

yangonlife



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18