Print

ကလေးကို မဆိုးအောင် ထိန်းကျောင်းပြုစုနည်း

  30-Oct-2016
Preview Image

 

ကလေးဆိုးလေးလို့ဆိုလိုက်တာနဲ့ မျက်စိထဲ တန်းမြင်တာက ကစားစရာတွေ တအိမ်လုံးအပြည့်နဲ့ ပြည့်စုံတဲ့ကလေးမျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဆိုးစေတာဟာ ပိုင်ဆိုင်မှုများခြင်းကြောင့်မဟုတ်ပါဘူး။ထိန်းကျောင်းပြစုနည်းလွဲမှားနေလို့ ဖြစ်ပါတယ်။ ကလေးဆိုးတွေဟာ အလိုကြီးပြီး တကိုယ်ကောင်းဆန်ကာ ဆင်ခြင်တုံတရား နည်းပါးပါတယ်။ သူတို့ကို အလိုလိုက်တာဟာ ထိန်းရပိုလွယ်သယောင်ထင်ရပေမဲ့ သူတို့လိုချင်တာဟူသမျှကို ရပါများရင်လည်း အထီးကျန်ဆန် သွားပြီး လောကကို သံသယများလာတတ်ပါတယ်။

 

ဘာလို့လဲဆိုတော့ သူတို့လိုချင်တာရဖို့ နွဲ့ဆိုးဆိုးပြီးတောင်းနေကျဆိုတော့ သူများကပေးတဲ့ အခါမှာကျေးဇူးတင်ရကောင်းမှန်းလည်း မသိတော့ ပဲ မေတ္တာတရားကို မခံစားတတ်တော့ပါဘူး။ မတင်းတိမ်မရောင့်ရဲတတ်ခြင်းဟာ ကလေးရဲ့စိတ်ကို ပင်ပန်းစေတာကြောင့် ကလေးကို အလိုလိုက်လွန်းခြင်းဟာ ကြီးပြင်းလာတဲ့ အခါ ဘဝမှာရင်နာစရာတွေပိုမိုခံစားရအောင် လုပ်သလိုဖြစ်နေပါတယ်။ မိဘတွေအနေဖြင့် မိမိကလေးကို ဆိုးတဲ့အခြေအနေမရောက်အောင် အလိုမလိုက်ပဲ ထားဖို့လည်း ခက်ခဲတတ်သဖြင့် ကလေးဆိုးတစ်ဦးဖြစ်လာစေ တဲ့ အကြောင်းရင်းများကို မိဘများရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ကလေးရဲ့ ဆန္ဒတိုင်းကို နံပတ် (၁)ထားပြီးဖြည့်ဆည်းပေးခြင်း

 

ကလေးရဲ့ ဆန္ဒတိုင်းကို တလောကလုံးမှာ အရေးကြီးဆုံးလို သဘောထားပြီး လိုုက်လျောပေး တာဟာ လောကကြီးတစ်ခုလုံးက သူ့အလိုကို ဖြည့်ပေးရမယ်လို့ မှားယွင်းမှတ်ယူလာစေပါတယ်။ အဲဒီအခါမှာ သူတပါး (မိသားစုအပါအဝင်)ရဲ့လိုအပ်ချက်တွေ ဆန္ဒတွေကို မမြင်တတ်တော့ပါဘူး။ ကလေးတွေဟာ လောကမှာ အပေးအယူဆိုတာ ရှိကြောင်း သိဖို့လိုအပ်ပါတယ်။ ယူရတာပဲများပြီး ပေးဖို့မတတ်တော့တဲ့အခါပေးဆပ်ခြင်းမှ ရရှိတဲ့ပီတိကို မခံစားဖူးတာကြောင့် စိတ်ညစ်လွယ်တတ် ပါတယ်။

 

(၂) ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကို လျစ်လျူရှုမိခြင်း

 

မိဘတော်တော်များများဟာ ကလေးတွေ အေးဆေးတိတ်ဆိတ်စွာ ကစားနေကြချိန်တွေ၊ ပြဿနာမရှာချိန်တွေမှာ ချီးကျူးစကား မဆိုမိတတ်ကြပါဘူး။ ဆူညံတဲ့အချိန်တွေမှာ သူတို့ကို ပြစ်တင်ပြောဆိုခဲ့သလိုပဲ တိတ်ဆိတ်လိမ္မာစွာ ကစားနေချိန်မှာလည်း မပျက်မကွက် ချီးကျူးစကားပြောပေးပါ။ ကောင်းတဲ့အပြုအမူတစ်ခုခုလုပ်တိုင်းလည်း မဖြစ်မနေ ချီးမွမ်းပေးပါ။

 

(၃) မကောင်းတဲ့ အပြုအမူတွေကို မတော်တဆမှားယွင်း အလေးထားမိခြင်း

 

တချို့မိတွေဟာ ကလေးတွေလိမ္မာနေချိန်မှာ သတိမပြုမိတတ်တော့ ကလေးတွေက ဆူပူအော်ဟစ်ခြင်းဖြင့် ဂရုစိုက်ခံရအောင် ပြုလုပ်တတ်ပါတယ်။ ကလေးကို လိမ္မာနေချိန်ချီးကျူးခြင်းကို မပျက်မကွက်ပြုလုပ်ပါက ကလေးက လိမ္မာဖို့ ပိုကြိုးစားမှာဖြစ်ပြီး မလိမ္မာတဲ့အချိန် အလိုလိုက်ခြင်းက ပိုမိုဆိုးတဲ့ကလေးဖြစ်လာစေပါတယ်။

 

(၄) ကလေးအတွက် စည်းကမ်းတွေကို သေချာချမှတ်ပေးဖို့ ပျက်ကွက်ခြင်း

 

အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ် မထားဘူး ဆိုရင်တော့ ကလေးဆိုးတစ်ယောက်ရဲ့ မိဘဖြစ်ဖို့ အများကြီး နီးစပ်နေပါပြီ။ ကလေးဆိုတာ သဘာဝအတိုင်း လိမ္မာမလာနိုင်ပါဘူး။ ဒါကြောင့် အပြုအမူကောင်းတွေကိုသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ်ပြီး ဆုပေး ဒဏ်ပေးစနစ်နဲ့ ပြုပြင်ထိန်းကျောင်းသင့်ပါတယ်။

 

(၅) စည်းကမ်းချမှတ်ထားတဲ့အတိုင်း တိတိကျကျမဆောင်ရွက်ခြင်း

 

ကလေးကို မလုပ်ဖို့တားမြစ်ထားတာတွေကို ကလေးက လုပ်တဲ့အခါ သတိမပြုမိလိုက်ခြင်း၊ မအားလပ်သဖြင့် အထွေအထူးမပြောမိလိုက်ခြင်းတို့ မဖြစ်သင့်ပါ။ ကလေးကိုတားမြစ်ထားတဲ့ အရာကိုလည်း မိသားစုထဲတခြားသူ တစ်ဦးဦးက ကလေးရှေ့မှာပြုလုပ်ခြင်းကို ခွင့်မပြုသင့်ပါ။ ဥပမာ စားစရာကို မဆော့ဖို့ ကလေးကိုပြောထားပြီးမှ သူ့အထက် အကြီးလေးက စားစရာကိုဆော့နေတာ သတိမပြုမိလိုက်ပဲကလေးကတွေ့မြင်သွားခြင်းဟာ စည်းကမ်းကို ဖောက်ဖို့ တွန်းအားလိုဖြစ်နေပါတယ်။

(၆) ကလေး မလုပ်ချင်တာကို အတင်းလုပ်ခို်င်းခြင်း

 

မိမိလုပ်စေချင်တာကို မလုပ်ရင် သကြားလုံးမကျွေးဘူးဆိုပြီး ပြစ်ဒဏ် သတ်မှတ်တာဟာ ကလေးတွေအတွက် အထိရောက်ဆုံးပါပဲ။ ကလေးကို ဟင်းသီးဟင်းရွက် အတင်းစားခိုင်းတဲ့အခါ ထွေးထုတ်တာ၊ ပါးစပ်ပိတ် ထားတာတို့ ပြုလုပ်ရင် မိဘတွေ အခက်ကြံုရပြီပေါ့။ ဒီတော့ ကလေးနဲ့ရုန်းရင်းဆန်ခတ်မလုပ်ပဲ ဟင်းရွက်ကြော် တစ်ပန်းကန် စားရင် ချောကလက်တစ်ခုပေးမယ်လို့ ကမ်းလှမ်းခြင်းဖြင့် အနိုင်ရနိုင်ပါတယ်။

 

(၇) အပြစ်လုပ်တဲ့အခါ ကာကွယ်ပေးခြင်း

 

ကလေးက အပြစ်တစ်ခုခုလုပ်တဲ့အခါ ကာကွယ်မပေးပဲ သေချာမေးမြန်းပြီးဆုံးဖြတ်ပါ။ အဲလိုလုပ်ဖို့ ပျက်ကွက်ပါက ကလေးဟာ မိမိလုပ်တဲ့အပြစ်ကို သူများအပေါ်ပုံချတတ်သူ အဖြစ်ကြီးပြင်းလာနိုင်ပါတယ်။ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံယူရမှာဖြစ်ကြောင်းသင်ကြားပေးပြီး တကယ်လုပ်မလုပ် စောင့်ကြည့်အကဲခတ်ခြင်းဖြင့် တာဝန်သိတဲ့ကလေးဖြစ်လာပါလိမ့်မယ်။

 

(၈) ကလေးကို လက်ဆောင်များ အကြောင်းမဲ့ဝယ်ပေးခြင်း

 

ကလေးကို ၀ယ်ပေးတဲ့အရာဟာ အရေးကြီးသလိုပဲ ၀ယ်ပေးရတဲ့အကြောင်းရင်းကလည်း အရေးကြီးပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ ၃ လလောက်ကပဲ ၀ယ်ထားတဲ့စက်ဘီးကို မကြိုက်တော့လို့ စက်ဘီးအသစ်ဝယ်ပေးခြင်းဟာ အလွန်အမင်းအလိုလိုက်ခြင်းဖြစ်ပါတယ်။ တခါတလေမှာ ကလေးက လိုချင်တာ ပူဆာမရတဲ့အခါ ငိုပြ သနားအောင်လုပ်ပြလို့ နားညည်းသက်သာအောင် ၀ယ်ပေးလိုက်တဲ့အခါမှာ ကလေးက ခဏတာပဲ ပျော်ရွှင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆုလာဘ်မဟုတ်ပဲ ပူဆာခြင်းရဲ့ရလာဒ်ဖြစ်လို့ပါပဲ။

 

(၉) ပစ္စည်းတွေ ပစ်ပေါက်တာကို မတားမြစ်ခြင်း

ကလေးက ဒေါသတကြီးနဲ့ဖြစ်စေ အကြောင်းမဲ့့ဖြစ်စေ ပစ္စည်းတွေ ပစ်ပေါက်ပြီး ဆိုးပြတဲ့အခါ ခွင့်မလွှတ်ရပါဘူး။ ဒီအကျင့်ဟာ ကြီးပြင်းတဲ့အခါထိ ပါသွားပြီး လူမှုအဖွဲ့အစည်းကြား ရှက်စဖွယ်ဖြစ် တတ်ပါတယ်။

 

(၁၀) မိဘကိုယ်တိုင်က ဆိုးပြနေခြင်း

မိဘဆိုတာ ကလေးရဲ့ စံပြပုံရိပ်ဖြစ်တဲ့အတွက် ကလေးကို တားမြစ်ထားတာတွေကို မိမိကိုယ်တို်င် မလုပ်မိဖို့ အရေးအကြီးဆုံးပါပဲ။ ကလေးရဲ့ရှေ့မှာ ညည်းညူးစိတ်ဆိုးပြတာတွေ၊ အော်ဟစ်ဆူပူပြတာတွေဟာ ကလေးကို နမူနာလုပ်ပြနေသလိုပါပဲ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” လို့ပြောတတ်တဲ့ မိဘမဖြစ်အောင် ဂရုစိုက်ပါ။မိဘတိုင်းက မိမိကလေးကို လိမ္မာစေချင်တာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကလေးက ဆိုးနေပြီဆိုရင် မိမိတို့ရဲ့ ထိန်းကျောင်းမှုပုံစံကို အမြဲဆန်းစစ်ပြီးကလေးထိန်းကျောင်းနည်း စာပေတွေကို မပြတ်လေ့လာဖတ်ရှုပါ။ကလေးကို ဒီအတိုင်းလွှတ်မထားပဲရေရှည်အတွက် မျှော်တွေးကာ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ပေးပါ လို့ အကြံပြုလိုက်ပါတယ်။

 

Healthcare.com.mm

 

Ref:

happy baby

ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18