Print

သွားပေါက်ခါစမှာဘယ်လိုဂရုစိုက်ရမလဲ

  30-Oct-2016
Preview Image

 

ကလေး၆လလောက်ရောက်ပြီဆိုရင် သွားစပေါက်လေ့ရှိပါတယ်။ ၂နှစ်လောက်ရောက်ပြီဆိုရင်တော့ အပေါ်သွားရောအောက် သွားရောစုံပါပြီ။ စပေါက်ခါစကလေးတွေရဲ့ သွားတွေ ကသေးသေးလေးတွေပါ။ ဒါပေမယ့် အရေးကြီးပါတယ်။ ကြီး သွား (အရွယ်ရောက်ပြီးလူတွေရဲ့သွား) တွေအတွက် အုတ်မြစ်ပါ။ သွားမကောင်းရင် ကလေးအနေနဲ့ အစာကိုကြေညက်အောင် ဝါးစားဖို့၊ စကားပီပီသသပြောဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါ့ကြောင့် သွားပေါက်ခါစကလေး ရဲ့သွားကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ သွားပိုးမစားအောင် ကာကွယ်ဖို့အရေးကြီးပါတယ်။

 

သွားဖုံးကိုအရင်ဂရုစိုက်မယ်

-------------------------------

အရင်ဆုံးသွားမပေါက်ခင်ကတည်းကသွားဖုံးကိုဂရုစိုက်ဖို့လိုပါမယ်။ သွားတိုက်တံ၊ သွားတိုက်ဆေးတွေ မလိုသေးပါဘူး။ တဘက် ကိုရေစွတ်ပြီးဒါမှမဟုက် ဂွမ်းလုံးကိုရေဆွတ်ပြီးသွားဖုံးကိုညင်ညင်သာသာသုတ်ပေးပါ။ တရက်ကိုအနည်းဆုံး ၂ကြိမ်လောက် လုပ်ပေးပါ။ နို့တိုက်ပြီးချိန်၊ အစာကျွေးပြီးချိန် နဲ့ မအိပ်ခင်မှာအဓိကလုပ်ပေးသင့်ပါတယ်။ ဒါမှသွားဖုံးမှာ တွယ် ကပ်နေတဲ့ ဘတ်တီး ရီးယားတွေကိုဖယ်ရှားနိုင်မှာပါ။

 

သွားတိုက်တံကိုဘယ်အချိန်မှာစသုံးမလဲ

-------------------------------------------

 

ပထမဆုံးသွားစပေါက်တာနဲ့ သွားတိုက်တံ သုံးပြီးစတိုက် လို့ရပါပြီ။?။ပျော့ပျောင်းတဲ့အမျှင်ပါတဲ့ သွားတို်က်တံဖြစ်ဖို့ လိုပါတယ်။ ထိပ်ပိုင်းကသေးပြီးလက်ကိုင်ကကြီးမှ အဆင်ပြေပါမယ်။ အစပိုင်းတော့ သွားတိုက်တံကိုရေပဲစွတ်ပြီးတိုက်ပေးပါ။ သွား ၃၊၄ချောင်းပေါက်လာပြီဆိုရင် ကလေးတွေအတွက် သီးသန့် ထုတ်ထားတဲ့ သွားတိုက်ဆေးကိုဆန်စေ့ပမာဏလောက် စပြီး သုံးပေးပါ။ ၃နှစ်လောက် ရောက်ပြီဆိုရင်တော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုမြေပဲစေ့ပမာဏလောက် ထည့်တိုက်လို့ ရပါပြီ။ သွားရဲ့အရှေ့ရောအနောက်ကိုပါ ဖွဖွလေးတိုက်ပေးပါ။ ကလေးကသူ့ ဘာသာသူသွားတိုက်တံကိုကိုင်ပြီးတိုက်နိုင်တဲ့အထိမိဘကတိုက်ပေးဖို့ လိုပါတယ်။ ၆နှစ်လောက်ရောက်ရင်တော့ ကိုယ့်ဘာသာကိုယ် တိုက်နိုင်ပါပြီ။

 

ဒါပေမယ့် လူကြီးကပြောစရာမလိုပဲ အာလုပ် ကျင်းတာ၊ ထွေးထုတ်တာတွေ လုပ်နိုင်တဲ့အထိသွား တိုက်တာကိုစောင့်ကြည့်ပေးဖို့တော့ လိုပါတယ်။သွားပိုးစားခြင်းရဲ့ လက္ခ ဏာတွေဖြစ်တဲ့ အညိုစက်၊ အဖြူစက်လေးတွေ ရှိလားဆိုတာကိုစောင့်ကြည့်ပေးပါ။ တွေ့ရင် သွားဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ သွားဆရာဝန်ကကလေးရဲ့သွားကိုဂရုစိုက်ပုံ၊ သွားပေါက်ပုံတို့ကို ရှင်းပြပေးနိုင်သလိုသွားအတွက်လိုအပ်တဲ့ ဖလိုရိုက်အကြောင်း လက်မစုတ်တဲ့ ချိုလိမ်ကြိုက်တဲ့ကလေးတွေအတွက် သင့်တော်တဲ့အကြံတွေကိုလဲပေးနိုင်ပါတယ်။

 

သွားပေါက်ချိန်

----------------

 

ကလေး၂နှစ်လောက်ရောက်မှ သွားတွေစုံအောင်ပေါက်တာပါ။ သွားဖုံး ထဲကနေသွားတွေထိုးထွက်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်တဲ့ အတွက် တခါ တလေကလေးကို မအီမသာ ဖြစ်စေပါ တယ်။အောက်ဖော်ပြ ပါနည်းတွေ၊ ပစ္စည်းတွေက ကလေးကိုတစုံတရာသက်သာစေပါတယ်။

 

- ကိုက်စရာကွင်း။ ။ ကလေးကိုသန့်ရှင်းပြီးအေးမြတဲ့ ကိုက်စရာ ကွင်းဒါမှ မဟုက် လျှော်ဖွတ်ထားတဲ့ အဝတ်စတခုခုကိုကိုက်ပါစေ။ ကလေး ပါးစပ် ထဲ ဝင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်စေလောက်အောင် သေးငယ်တဲ့ ပစ္စည်းကိုတော့ မပေးသင့်ပါဘူး။ အထဲမှာ အရည်တခုခုပါပြီးပေါက်သွား နိုင်တဲ့အရာမျိုးကိုလဲမကိုက်ပါစေနဲ့။

 

- သွားဖုံးအားပွတ်ပေးခြင်း။ ။ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပြီး ကလေးရဲ့သွားဖုံးကိုလက်ချောင်းနဲ့ ပွတ်ပေးပါ။

 

- အကိုက်အခဲပျောက်ဆေး။ ။ အကိုက်အခဲပျောက်ဆေးတွေကိုလိမ်းဆေးအနေနဲ့တော့ သွားဖုံးကိုမလိမ်းသင့်ပါဘူး။ တံထွေးနဲ့ ထိပြီးလိမ်းတဲ့နေရာကနေဆေးချသလိုဖြစ်နိုင်သလိုအသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ပါရာစီတမော အရည်လောက်ပဲတိုက်သင့်ပါတယ်။ အက်စ်ပရင်ကိုတော့ လုံးဝမတိုက်သင့်ပါဘူး။

 

သွားပိုးပေါက်မဖြစ်အောင်ကာကွယ်ခြင်း

------------------------------------------

ကလေးကိုသွားပိုးမစားဖို့ဆိုရင် နို့မှုန့်၊မိခင်နို့နဲ့ရေပဲတိုက်သင့်ပါတယ်။ အသီးဖျော်ရည်၊ ဆိုဒါနဲ့ သကြားပါတဲ့ဖျော်ရည်တွေ ကိုမတိုက် သင့်ပါဘူး။ သွားပိုးစားစေလို့ပါ။အချိုရည်မှာပါတဲ့သကြားတွေ သွားမှာကပ်ကျန်ခဲ့ရင် ဘတ်တီးရီးယားတွေ ကစားသုံးပြီးသွားကို ထိခိုက်စေမယ့် အက်ဆစ်တွေကိုထုတ်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီးအချိန်မှာ ဒါမှမဟုတ် နေ့ခင်း ဘက်တရေး မအိပ်ခင် မှာရေပဲတိုက်သင့်ပါတယ်။ ချိုလိမ်မှာသကြားလို ပျားရည်လိုချိုတဲ့အရည် တခုခုမသုတ်လိမ်းသင့်ပါဘူး။

 

ကလေးရဲ့သွားကိစ္စအတွက် ဖေဖေ၊မေမေတို့ သောကကင်းကြပါစေ။

 

Healthcare.com.mm

 

Ref : ဒေါက်တာဉာဏ်ပေါ်

Source : Toddler Oral Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18