Print

ကလေးဗိုက်ဖောင်းခြင်း

  30-Oct-2016
Preview Image

 

၀မ်းဗိုက်ကယ်ခြင်း၊ ဖောင်းခြင်း အထူးသဖြင့် တဖြည်းဖြည်း ပို၍ဖောင်းလာပြီး အန်ခြင်း၊ ၀မ်းပိတ်ခြင်း၊ မှိန်းသွားခြင်းတို့နှင့် တွဲဖက်လာပါက အူလမ်းကြောင်း ပိတ်ဆို့ခြင်း၏ လက္ခဏာများ ဖြစ်နိုင်သော်လည်း ပုံမှန် အားဖြင့်လည်း ကလေး၏ ၀မ်းဗိုက်သည် သူ၏ ရင်ဘတ်နှင့်စာလျှင် ယောင်ယောင်လေး ဖောင်းစမြဲမို့ လူကြီး မျက်စိထဲတွင် ဖောင်းသည်ဟု ထင်ရရုံမျှနှင့် ပြဿနာမဟုတ်ချေ။ စိုးရိမ်ရန်မရှိပါ။တစ်ခါတစ်ရံ ၀မ်းဗိုက်အထက်ပိုင်း ရင်ညွန့်အောက်လောက်တွင် ဖောင်းဖောင်းချွန်ချွန်လေးတစ်ခု မြင်ရ၍ သို့မဟုတ် စမ်းမိ၍ စိတ်ပူသော မိဘများ ရှိတတ်သေးသည်။ Xiphisternum ခေါ် ပုံမှန်သံလျက်ပုံ အရိုးလေးသာ ဖြစ်သည်။ လူကြီးများတွင် ရှိသော်လည်း ကြွက်သားထူထပ်သဖြင့် မမြင်ရ။ ကလေးများတွင်တော့ အသက်ရှူလိုက်တိုင်း လှုပ်စိလှုပ်စိလေး မြင်ရပေသည်။

 

ကလေးဝမ်းပုပ်ခြင်း

*****************

 

၀မ်းက အနံ့ဆိုးလျှင် ၀မ်းပုပ်သည်ဟု ပြောကြသည်။ ခြောက်လနောက်ပိုင်း ဖြည့်စွက်စာ စားနေပြီးဖြစ်သော ကလေးတို့သည် အစားအသောက်ပေါ် မူတည်၍ ၀မ်း၏ အနံ့အရောင်တို့ ပြောင်းစမြဲ ဖြစ်သည်။ ၀မ်းဆိုသည်က စွန့်ပစ် ပစ္စည်းဖြစ်၍ မွှေးစရာတော့မလိုပါ။ ၀မ်းက အနံ့ကိုမကြိုက်၍ စိတ်ပူပြီး ကလေးအတွက် အာဟာရဖြစ်သည့် ကြက်ဥ၊ ဘဲဥ၊ အသား အစရှိသည်တို့ကို မကျွေးဘဲ ထားပါက ကလေးအတွက် ပရိုတင်းဓာတ် ရသင့်သည်ကို မရဘဲ ဖွံ့ဖြိုးကြီး ထွားမှုကို ထိခိုက်နို်င်လေသည်။ စိုးရိမ်စရာ မဟုတ်တာကို စိုးရိမ်ကြတာနှင့် စိုးရိမ်စရာတွေ ဖြစ်မလာကြစေလိုပါ။ ကလေးတိုင်း လေ၊ ဗိုက်နှင့် အီအီးပြဿနာများ နည်းနိုင်ကြပါစေ။

 

 

Ref:

မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ

ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)

ကလေးအထူးကု ဆရာဝန်ကြီး

Pg,114-115



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18