Print

ပိုလီယိုအကြောသေရောဂါအကြောင်းသိကောင်းစရာ

  30-Oct-2016
Preview Image

 

မြန်မာနိုင်ငံအား ပိုလီယိုအကြောသေရောဂါ ကင်းစင် ပပျောက်ပြီ ( polio eradication) ဟုအသိအမှတ်ပြု လက်မှတ်ရရှိနိုင်စေရန်အတွက် အသက် ၁၅နှစ်အောက်ကလေးများတွင် လတ်တလောပျော့ခွေ အကြောသေရောဂါ အမြဲမပြတ် စုံစမ်းထောက်လှမ်း၍ အဖြေရှာခြင်းလုပ်ငန်း ( Acute flaccid paralysis- AFP surveillance) သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ အတိုင်း ပြည့်မီရန် လိုအပ်ပါသည်။ ပိုလီယိုမဟုတ်သော လတ်တလောပျော့ခွေ အကြောသေလူနာများကို အသက်၁၅နှစ်အောက် ကလေးတစ်သိန်းတွင် အနည်းဆုံး ၂ ဦးရှာဖွေပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဖြင့် ပိုလီယိုမဟုတ်ကြောင်း သက်သေပြရန် လိုအပ်ပါသည်။

 

မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် လတ်တလောပျော့ခွေ အကြောသေလူနာပေါင်း ၄၂၀ကို ရှာဖွေဖော်ထုတ် ရမှာဖြစ်ပါတယ်။ အဆိုပါလူနာအသစ်များ တွေ့ရှိပါက မြို့နယ်ဆရာဝန်ကြီးမှတဆင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနသို့ သတင်းပို့ရန်နှင့် လူနာထံမှ ဝမ်းနမူနာယူ၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့၍ ပိုလီယိုအကြောသေရောဂါပိုးရှိမရှိ စစ်ဆေးရန် လိုအပ်ပါသည်။ AFP လူနာတိုင်းအား ဆရာဝန်ကိုယ်တိုင် ချက်ချင်း ၄၈နာရီအတွင်း စုံစမ်းစစ်ဆေးရပါတယ်။ လူနာ၏ မစင်ကို အကြောသေ စတင်သောနေ့မှ ၁၄ရက်အတွင်း ၂၄-၄၈နာရီခြား လုံလောက်သော ပမာဏအားနှစ်ခါယူ၍ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲခန်းသို့ အအေးလမ်းကြောင်း မပျက် (ရေခဲ၊ ice pack မပျော်စေပဲ) ပို့ပေးရန် လိုပါတယ်။

 

ဓာတ်ခွဲခန်းပို့ရာတွင် သတ်မှတ်ထားသော ဓာတ်ခွဲခန်းပို့ပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်၍ တာဝန်ရှိသူလက်မှတ်၊ရာထူးများဖြင့်ပေးပို့ရန် ဖြစ်ပါသည်။ ထို့နောက် လူနာနေထိုင်ရာ နေအိမ် ပတ်ဝန်းကျင်ရှိ အိမ်ခြေ ၅၀၀ တွင်နေထိုင်သော ငါးနှစ်အောက်ကလေးအားလုံးအား ပိုလီယိုအစက်ချဆေး တိုက်ကျွးပေးရပါတယ်။ အကြောသေပြီး ရက်၆၀ အကြာတွင် residual paralysis ရှိမရှိ လူနာအား ဆရာဝန်ကိုယ်တိုင် ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။ လူနာ၏ အချက်အလက်များ၊လတ်တလောပျော့ခွေအကြောသေရောဂါ၏ အမျိုးအမည်နှင့် ကျွမ်းကျင်သူအဖွဲ့၏ အပြန်အလှန်သုံးသပ် လေ့လာဆန်းစစ်ချက်များ အရ ပိုလီယိုဖြစ်နိုင်ခြေရှိသူနှင့် ပိုလီယိုလုံးဝမဟုတ်သောသူ ဟုသတ်မှတ်ကြပါသည်။

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ပိုလီယိုရောဂါလုံးဝပပျောက်မှု ကြေငြာနိုင်ရန်အတွက် ပိုလီယိုကာကွယ်ဆေး ရာနှုန်းပြည့် အောင်မြင်စွာရရှိရန်နှင့် အတူ အသက်၁၅နှစ်အောက် ကလေးများ၏ လတ်တလောပျော့ခွေအကြောသေ ရောဂါဖြစ်ပွားသူများမှ ပိုလီယိုရောဂါ သတ်မှတ်ခြင်း မခံရလေအောင် သက်ဆိုင်ရာစံချိန်စံညွှန်း များပြည့်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် အသက်၁၅နှစ်အောက် ကလေးများတွင် ရုတ်တရက်ချက်ချင်း လတ်တလော ပျော့ခွေ အကြောသေခြင်း တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့စေလိုပါသည်။

 

Ref:

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျနိးမာရေးဦးစီးဌာန

October 25 at 10:40pm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18