Print

အသည်းရောင် အသားဝါ ဒီ

  08-Jan-2020
Preview Image

          အသည်းရောင် အသားဝါ ဖြစ်တယ်ဆိုရင် လူတွေ အသိများတာက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ဖြစ်ပါတယ်။ တကယ်တမ်းရှိတဲ့ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုးအမျိုးအစားက ငါးမျိုးရှိပါတယ်။ အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီ၊ ဒီနဲ့ အီး တို့ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားကွဲပြားသလို ကူးစက်တဲ့ နည်းလမ်းတွေလည်း ကွဲပြားပါတယ်။ အခုကတော့ လူသိနည်းတဲ့ အသည်းရောင် အသားဝါ ဒီပိုးအကြောင်း မျှဝေပေးချင်ပါတယ်။


အသည်းရောင်အသားဝါပိုး ကူးစက်နိုင်တဲ့ နည်းလမ်းများကတော့ ဘီပိုး ကူးစက်တဲ့ ပုံစံလိုမျိုး

၁။ ရောဂါပိုးရှိသော သွေး(သို့) သွေးပါရှိသော ခန္ဓာကိုယ်မှ အရည်တစ်ခုခုနှင့် ထိတွေ့မိခြင်း(လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း)

၂။ ပေါက်ပြဲနေသော အရေပြားနှင့် ပိုးရှိသောသူ၏ သွေး(သို့) သွေးပါသော အရည်ဖြင့် ထိတွေ့မိခြင်း။

          မိခင်မှ ကလေးသို့ မီးဖွားစဉ်ကူးစက်ဖို့တော့ သိပ်မရှိပါဘူး။ ဘီပိုးကူးစက်ခံရချိန်၌ တစ်ပါတည်း တွဲပြီး ကူးစက်တတ်သလို ဘီပိုးအရင် ကူးစက်ပြီးမှ ဒီပိုး ထပ်မံကူးစက်ရခြင်းလည်း ရှိတတ်ပါတယ်။


ရောဂါလက္ခဏာများ

          အသည်းရောင် ဒီပိုးကူးစက်ရင် ခံစားရမယ့် လက္ခဏာတွေဟာ ဘီပိုးကူးစက်ရင် ခံစားရမယ့် လက္ခဏာတွေနဲ့ တူပါတယ်။ အသည်းရောင်ဒီပိုးသီးသန့်အနေနဲ့က ရောဂါလက္ခဏာ အမြဲပြလေ့မရှိပါဘူး။ ပြခဲ့တယ်ဆိုရင် . . .

-       အဆစ်များ နာကျင်ခြင်း

-       ဗိုက်အောင့်ခြင်း

-       အန်ခြင်း

-       အစားအသောက်ပျက်ခြင်း

-       ဆီးအရောင်ရင့်ခြင်း

-       နုံးချည့်ခြင်းများ ဖြစ်လေ့ရှိပါတယ်။

ကူးစက်နိုင်ခြေများသူများကတော့

-       မူးယစ်ဆေးဝါးသုံးစွဲထားသူများ

-       လိင်တူဆက်ဆံသောအမျိုးသားများ

-       လိင်ဆက်ဆံဖော်များသူများ

-       ခုခံအားကျဆင်းရောဂါ ခံစားရသူများ

-       ကျောက်ကပ်ဆေးနေရသူများ

-       ဘီပိုးကာကွယ်ဆေးထိုးထားသော်လည်း ဆေးမအောင်သူများ (လုံလောက်သော ပဋိပစ္စည်းမထွက်သူများ)

-       ဒီပိုးဖြစ်ပွားမှုများသော ဒေသတွင် နေထိုင်သူများ၊ ၎င်းဒေသမှ ပြန်လာသူများ ဖြစ်ပါတယ်။


အသည်းရောင်ဒီပိုးအား ရှာဖွေခြင်း

          သွေးဖောက်စစ်ဆေးခြင်းဖြင့် လူနာ၏ သွေးထဲတွင် ဒီပိုးကို တိုက်သော ပဋိပစ္စည်း(Antibody) ဖြစ်တဲ့ Ig M(သို့) Ig G ရှိ မရှိကို ELISA နည်းဖြင့် စစ်ဆေးနိုင်ပါတယ်။

          ဒီပိုး RNA ကိုတော့ PCR နည်းဖြင့် စစ်ဆေးနိုင်ပြီး ဒီပိုး ပွားများမှု ရှိ မရှိကိုတော့ ဘီပိုး ပဋိလှုံ့ဆော် ပစ္စည်း (HBs Antigen) ကို တိုင်းတာခြင်းဖြင့် ရှာဖွေသိရှိနိုင်ပါတယ်။


ရောဂါကုသခြင်း

          ဒီပိုးလုံးဝပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးပါ။ ဘီပိုးကို ကုသော ဆေးဝါးများဖြင့်လည်း ဒီပိုးကို ထိထိရောက်ရောက် မကုသနိုင်ပါ။ Pegylated Interferon Alpha ထိုးဆေးဖြင့် ကုသနိုင်သော်လည်း ဒီပိုး RNA  လုံးဝပျောက်ကင်းအောင်တော့ မကုသနိုင်သေးပါဘူး။ ဒါကြောင့် ဘီပိုးရှိနေတဲ့သူတွေ ဒီပိုးထပ်မဝင်အောင် ဂရုစိုက်သင့်ပါတယ်။ နားလည်တတ်ကျွမ်းသော အထူးကုဆရာဝန်များနှင့်သာ သေချာပြသသင့်ပြီး ဆေးမြီးတိုများဖြင့် မကုဖို့ သတိပေးလိုပါတယ်။

Credit : ဒေါက်တာ ခင်မိုးမိုးအောင်

 



Related Articles


Advertisment 18