Print

အမျိုးသမီးတိုင်းအတွက် သားမြတ်ကပြောသော သင့်ကျန်းမာရေး

  04-Jul-2020
Preview Image

          ရင်သားရဲ့ပြောင်းလဲမှုတွေက တစ်ယောက်နဲ့ တစ်ယောက်၊ တစ်နေ့နဲ့ တစ်နေ့မတူညီနိုင်ပါဘူး။ သင်တစ်ယောက်တည်းလည်း အသက်အရွယ်နဲ့ အချိန်အခါပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အပျိုဖော်ဝင်ချိန်၊ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်နဲ့ အိုမင်းလာတဲ့အချိန်တွေမှာ ရင်သားရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေက သဘာဝဖြစ်လို့ စိုးရိမ်စရာမရှိပေမယ့် ရောဂါဖြစ်စေတဲ့ ပြောင်းလဲမှုတွေကိုလည်း သတိပြုမိဖို့ လိုပါတယ်။


ရင်သားကြီးထွားလာခြင်း

          သင့်ရင်သား အရွယ်အစားက ကြီးထွားနေတယ်ဆိုရင် ကိုယ်အလေးချိန်တက်နေတာ၊ ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေးသောက်သုံးနေတာ ဒါမှမဟုတ် ဓမ္မတာနဲ့ ဆိုင်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရင်သားက အဆီဆဲလ်တွေနဲ့ ဖွဲ့စည်းထားပြီး ကိုယ်အလေးချိန်တက်တဲ့အခါ ရင်သားလည်း ကြီးထွားလာပါတယ်။ စိတ်ပူဖို့ မလိုပါဘူး။ သင့်တော်မယ့် ဘရာဇီယာ အရွယ်အစားကို ရွေးချယ်ဖို့ လိုပါတယ်။


ရင်သားကျုံ့ခြင်း

          သင့်ရင်သားက ပုံမှန်ရှိတဲ့ အရွယ်အစားကနေ ကျုံ့သွားခဲ့ရင် ကိုယ်အလေးချိန်ကျဆင်းတာ၊ အီစထရိုဂျင်ဟော်မုန်းလျော့နည်းတာ၊ ပဋိသန္ဓေတားဆေးဖြတ်လိုက်တာ၊ သွေးဆုံးခါနီးစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရင်သားအရွယ်ပမာဏ ကျုံ့သွားတဲ့အပြင် ဆံပင်ကျွတ်တာ၊ ဝက်ခြံထွက်တာ၊ မျက်နှာမှာ အမွှေးအမှင်ပေါက်တာတွေပါဖြစ်လာခဲ့ရင် သားဥအိမ်မှာ အရည်အိတ်တည်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တက်စထရိုစတီရုန်းဟော်မုန်းမြင့်မားနေတတ်ပါတယ်။


ရင်သားကြီးခြင်း

          သဘာဝအတိုင်း ရင်သားကြီးသူတွေဟာ မျိုးဗီဇကြောင့်လို့ ထင်တတ်ကြပါတယ်။ လေ့လာမှုများစွာအရ ရင်သားကြီးမားသူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ တိကျတဲ့ သုံးသပ်ချက်ထွက်ရှိဖို့အတွက် သုတေသနတွေကို နောက်ထပ်ပြုလုပ်ဖို့ လိုနေပါသေးတယ်။


ရင်သားပုံသဏ္ဍာန်

          ရင်သားပုံသဏ္ဍာန်က တစ်ယောက်နဲ့တစ်ယောက် မတူညီပါ။ အပျိုဖော်ဝင်စအရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်နဲ့ အသက်အရွယ်ကြီးလာတာစတာတွေကြောင့် သင့်ရင်သားပုံသဏ္ဍာန်က အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်တွေမှာ ရင်သားရဲ့ တွယ်ဆက်တစ်သျှူးတွေပျက်စီးတာ၊ ဆွဲဆန့်နိုင်မှုအားနည်းသွားတာတွေကြောင့် အသက်ကြီးလာတဲ့အခါ ရင်သားတွေ တင်းတင်းရင်းရင်းမရှိတော့ဘဲ တွဲကျလာပါတယ်။ ရင်သားကို အထောက်အပံ့ကောင်းကောင်းပေးနိုင်တဲ့ ဘရာဇီယာဝတ်ဆင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားတာတွေ ပြုလုပ်ပြီး ရင်သားလျော့တွဲကျမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။


အဖုအကျိတ်

          မိန်းမသားတိုင်း ဓမ္မတာလာနေစဉ်အတွင်းမှာ ရင်သားက အစိုင်အခဲတစ်ခုလို တင်းရင်းပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားမှာ အရည်အိတ်လေးတွေ ခဏတာဖြစ်ပေါ်လာပြီး ရင်သားတင်းတာကို ခံစားရတာပါ။ အထူးသဖြင့် ရာသီမလာခင်မှာ ရင်သားတင်းပြီး နာကျင်မှုကို ပိုမိုခံစားရနိုင်ပါတယ်။


ကျစ်လစ်သိပ်သည်းခြင်း

          အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်က ရင်သားမှာ တစ်သျှူးတွေ များပြားတာကြောင့် ရင်သားကျစ်လျစ်သိပ်သည်းတတ်ကြပါတယ်။ အဲဒီလို အမျိုးသမီးတွေမှာ ရင်သားမှာ ဖြစ်ပေါ်တတ်တဲ့ အလုံးအကျိတ်တွေကို ရင်သားဓာတ်မှန်ရိုက်ပြီး ရှာဖွေဖော်ထုတ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့် ရင်သားကျစ်လျစ်သိပ်သည်းလွန်းတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေများပြီး စောစောစီးစီးသိရှိဖို့လည်း ခဲယဉ်းတတ်ပါတယ်။ ရင်သားကျစ်လျစ်သိပ်သည်းသူတွေအနဲ့ ရင်သားကို မိမိကိုယ်တိုင်စစ်ဆေးမှု ပြုလုပ်သင့်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။


နာကျင်ခြင်း

          ရင်သားနာကျင်စေတဲ့ အကြောင်းတွေများစွာ ရှိပါတယ်။ ရင်သားနှစ်ဖက်စလုံး နာကျင်တာက ဟော်မုန်းပြောင်းလဲတာ ဒါမှမဟုတ် ကဖင်းပါတဲ့ အရည်တွေ သောက်သုံးမှုများတာကြောင့် ဖြစ်နိုင်ပါတယ်။ ဓမ္မတာမလာမီ အကြိုဝေဒနာတွေ ခံစားရတာ၊ ဘရာဇီယာအရွယ်အစားမှန်ကန်မှု မရှိတာ၊ ထိခိုက်မိတာတွေကြောင့်လည်း ရင်သားနာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် လေးလံတဲ့ စလင်းဘတ်အိတ်တွေ လွယ်တာကြောင့်လည်း ရင်သားနာကျင်မှုကို ဖြစ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို ပုံမှန်ဖြစ်စေတဲ့ သံဓာတ်ချို့တဲ့တာကြောင့်လည်း ရင်သားနာကျင်တာကို ခံစားရနိုင်ပါတယ်။


နို့သီးခေါင်းမှ အရည်ထွက်ခြင်း

          နို့သီးခေါင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ မူမမှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးအများစု ရင်သားကင်ဆာဖြစ်ပေါ်တဲ့အခါ နို့သီးခေါင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာတာကို တွေ့ရတတ်တယ်။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ သက်ဆိုင်ပြီး အဓိကအားဖြင့် ပရိုလက်တင်ဟော်မုန်းပမာဏများပြားလာတာကြောင့် ဖြစ်ရတာပါ။ စိတ်ကျရောဂါကုဆေးဝါးတစ်ချို့ သောက်သုံးနေရတာ၊ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု အားနည်းတာ၊ ပစ်ကျူထရီဂလင်းမှာ အကျိတ်ရှိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နို့သီးခေါင်းမှာ အလုံးအကျိတ်ဖြစ်တာကြောင့် နို့သီးခေါင်းကနေ သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရှိတာကြောင့်လည်း နို့သီးခေါင်းကနေ နို့ရည်ကြည်ထွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို နို့ဖြတ်ပြီး နောက်ထပ်နှစ်နှစ်လောက်အထိ နို့သီးခေါင်းကနေ နို့ထွက်ပါတယ်။ နို့သီးခေါင်းကနေ သွေးရည်ကြည်ထွက်တယ်ဆိုရင်တော့ ပေါ့ဆမနေသင့်ပါဘူး။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။


အရောင်ပြောင်းလဲခြင်း

          ရင်သားကင်ဆာဖြစ်တဲ့အခါ အမျိုးသမီးအများစုရဲ့ ရင်သားအရောင်တွေ ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရင်သားအရောင် ပြောင်းလဲနိုင်ပါတယ်။ အထူးသဖြင့် နို့သီးခေါင်းနဲ့ နို့သီးခေါင်းအခြေတစ်ဝိုက်မှာ အရောင်ပြောင်းတာကို သိသိသာသာ တွေ့နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နို့သီးခေါင်းအရောင်က ပိုမည်းလာတတ်ပါတယ်။ ဒါဟာ သဘာဝဖြစ်တာကြောင့် လက်မခံချင်လို့လည်း မရပါဘူး။

Credit : အလင်း (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18