Print

ကလေးမွေးဖွားစဉ် နာကျင်မှုကို လျော့ပါးသက်သာစေမည့် နည်းလမ်းများ

  26-May-2020
Preview Image

          အမျိုးသမီးတိုင်းဟာ တစ်ချိန်မှာ ကြုံတွေ့လာရမှာဖြစ်တဲ့အတွက် ကလေးမွေးဖွားစဉ်မှာ နာကျင်မှုတွေ လျော့ပါးစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကို သိရှိထားကြဖို့ လိုအပ်ပါတယ်။ ကလေးမွေးဖွားစဉ်မှာ ခံစားရတဲ့နာကျင်မှုဟာ သားအိမ်ကြွက်သားတွေရဲ့ ညှစ်အားနဲ့ သားအိမ်ခေါင်းမှာဖြစ်ပေါ်တဲ့ ဖိအားကြောင့်ပဲ ဖြစ်ပါတယ်။


          ကလေးမွေးဖွားစဉ်မှာ ဖြစ်ပေါ်တတ်တဲ့ တခြားနာကျင်မှုတွေကတော့ ကလေးရဲ့ခေါင်းကြောင့် ဆီးအိမ်နဲ့အူမှာ ဖြစ်ပေါ်တဲ့ နာကျင်မှု၊ မွေးလမ်းကြောင်းနဲ့ သားအိမ်လမ်းကြောင်း ကျုံ့ခြင်းဆန့်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုတို့ပဲ ဖြစ်ပါတယ်။ ကလေးမွေးဖွားစဉ်မှာ ဖြစ်ပေါ်တဲ့နာကျင်မှုက အမျိုးသမီးတိုင်းမှာ တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ဓမ္မတာလာစဉ်မှာ ခံစားရတဲ့ နာကျင်မှုလိုပါပဲ။ တချို့က နာကျင်ကိုက်ခဲမှု အရမ်းပြင်းထန်သလို၊ တချို့ကတော့ သိပ်ခံစားရလေ့မရှိပါဘူး။


          ကိုယ်ဝန်ဆောင်တွေအတွက် ရည်ရွယ်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးခြင်းက ကြွက်သားတွေကို ကြံ့ခိုင်စေပြီး ခန္ဓာကိုယ်က ကလေးမွေးဖွားတဲ့ဒဏ်ကို ခံနိုင်အောင်လည်း ပြင်ဆင်ပေးပါတယ်။ ကလေးမွေးဖွားချိန် ကြာမြင့်တဲ့အခါမျိုးမှာလည်း ခံနိုင်ရည်ရှိစေပါတယ်။ ဘယ်လေ့ကျင့်ခန်းပဲလုပ်လုပ် အဓိကအရေးကြီးတာက အလွန်အကျွံမလုပ်မိစေဖို့ပါပဲ။ ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ ပိုအရေးကြီးပါတယ်။ အန္တရာယ်ကင်းရဲ့လားဆိုတာ ဆရာဝန်ကိုအရင်မေးပါ။


          ကလေးမွေးဖွားစဉ်မှာ နာကျင်မှုကို ခံနိုင်ရည်ရှိစေဖို့ ဆေးဝါးကို ရှောင်ကြဉ်နိုင်တဲ့ နည်းလမ်းတွေကတော့ -

၁။ အိပ်မွေ့ချခြင်း

၂။ ယောဂကျင့်ခြင်း

၃။ တရားထိုင်ခြင်း

၄။ လမ်းလျှောက်ခြင်း

၅။ အသာအယာနှိပ်နယ်ပေးခြင်း

၆။ မကြာခဏပုံစံပြောင်းပေးခြင်း

၇။ ရေချိုးခြင်း

၈။ ဂီတသံနားထောင်ခြင်း

၉။ အာရုံလွှဲခြင်းတို့ပဲ ဖြစ်ပါတယ်။

အကိုက်အခဲ ပျောက်ဆေးများ

 

         အခြေအနေပေါ်မူတည်ပြီး ကလေးမွေးဖွားစဉ်မှာ အသုံးပြုနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ အများကြီးရှိပါတယ်။ ဒီဆေးတွေဟာ နာကျင်မှုကို လျင်မြန်စွာသက်သာစေပြီး ညှစ်အားကောင်းဖို့အတွက်သာ အာရုံစိုက်နိုင်အောင် အထောက်အကူပေးနိုင်ပါလိမ့်မယ်။


ထုံဆေးအသုံးပြုခြင်း

          ထုံဆေးက နာကျင်မှုကို သက်သာစေနိုင်ပေမယ့် လုံးဝအသိကင်းမဲ့သွားစေတာ မဟုတ်ပါဘူး။ ထုံဆေးပေးတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကြွက်သားထဲကို ထိုးတာပဲဖြစ်ဖြစ်၊ IV ကနေတစ်ဆင့် အကြောထဲထိုးတာပဲဖြစ်ဖြစ် တစ်ကိုယ်လုံးကို အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ မိခင်မှာ ငိုက်မျဉ်းခြင်း၊ မူးဝေခြင်းတို့လို ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တချို့ကိုရွေးပြီး ထုံဆေးပေးတဲ့နည်းကို ရိုးရိုးမွေးတာပဲဖြစ်ဖြစ်၊ ခွဲမွေးတာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။


ခါးအောက်ပိုင်းထုံဆေး

          ကလေးမွေးဖွားစဉ်မှာ သားအိမ်နံရံတွေအပါအဝင် ချက်အောက်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုအများစုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကျောအောက်ဘက်မှာထိုးရတဲ့ ခါးအောက်ပိုင်းထုံဆေးကို အမျိုးသမီးတစ်ဦးစီရဲ့ လိုအပ်ချက်ပေါ်လိုက်ပြီး ထိုးလို့ရသလို၊ လျှော့လို့လည်းရပါတယ်။ ကလေးဆီကို မရောက်တဲ့ဆေးဖြစ်လို့ ကလေးကို မထိခိုက်နိုင်ပါဘူး။


မေ့ဆေးပေးခြင်း

          ဒီဆေးက နာကျင်မှုကို မသက်သာစေနိုင်ပေမယ့် အရမ်းကြောက်နေတဲ့အမျိုးသမီးတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီနည်းက မိခင်ရော၊ ကလေးမှာပါ အကျိုးသက်ရောက်မှုရှိစေနိုင်လို့ သိပ်အသုံးပြုလေ့မရှိကြပါဘူး။


သဘာဝအတိုင်းကလေးမွေးဖွားခြင်း

          တချို့အမျိုးသမီးတွေက မေ့ဆေး၊ ထုံဆေးတို့လို ဆေးဝါးအကူအညီလုံးဝမပါဘဲ သဘာဝအတိုင်းပဲ ကလေးမွေးချင်ကြပါတယ်။ ဒါဆိုရင် ဆေးဝါးအကူအညီမပါဘဲ ကလေးမွေးဖွားနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးထားပါ။

နာကျင်မှုကို လျော့ပါးစေတဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး ကလေးမွေးပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဘယ်နည်းလမ်းတွေကို ရွေးချယ်လို့ရမလဲ၊ ဘယ်လောက်ထိရောက်နိုင်လဲ၊ ဆေးဝါးတွေကို ဘယ်အချိန်မှာ အသုံးမပြုသင့်ဘူးလဲဆိုတာ မေးမြန်းပါ။

ကလေးမွေးဖွားတဲ့ နာကျင်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို သိအောင်လုပ်ထားပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။

Credit : အမရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18