Print

ကိုယ်ဝန်ဆောင် မိခင်နှင့် စိတ်ကျန်းမာရေးပြဿနာ အပိုင်း (၂)

  23-Jan-2020
Preview Image

ကိုယ်ဝန်ဆောင်မိခင်ကောင်းတွေ အနေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကိုယ်ဝန်မဆောင်ခင်ကတည်းက သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ညှိနှိုင်းတာတွေ လုပ်သင့်ပါသလားဆရာ။


          ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်ဝန်မယူမီကတည်းက မိမိရဲ့ မိသားစုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးတွေနဲ့ ကြိုတင်တိုင်ပင်ထားသင့်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရသွားတယ်ဆိုရင်တော့ ကိုယ်ဝန်ရှိတာကို သိသိချင်း ဘာဆေးတွေကို သောက်ရမယ်။ လျှော့ရမလား၊ ရပ်ရမလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဆေးတွေကို ကိုယ့်ဘာသာကိုယ် လျှော့သောက်တာတို့ ရုတ်တရက်ကြီး ရပ်လိုက်တာတို့ မလုပ်သင့်ပါဘူး။ ရုတ်တရက်ကြီး ဆေးတွေကို ဖြတ်လိုက်မယ်ဆိုရင် ဖြစ်ဖူးတဲ့ စိတ်ဝေဒနာ အလျင်အမြန် ပေါ်ပေါက်လာနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။


          အကောင်းဆုံးကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ကိုယ်ဝန်ဆောင်တဲ့အခါ ဆက်သောက်လို့ ရတဲ့ဆေးတွေကို ဆက်သောက်ရမှာ ဖြစ်ပါတယ်။ တချို့ဆေးတွေက ကိုယ်ဝန်ဆောင်စဉ်မှာ သုံးလို့ရပါတယ်။ နှစ်နဲ့ချီပြီး သုံးလာတာလည်း ဖြစ်ပါတယ်။ တချို့ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးအနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ဆေးတွေရဲ့ အကျိုးအပြစ်နဲ့ပတ်သက်ပြီး စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်မယ်ဆိုရင် အသေးစိတ်သိနိုင်ပါတယ်။


          ဆုံးဖြတ်ချက်ကိုတော့ ကိုယ်ကိုယ်တိုင်ချဖို့အတွက် ဘာတွေရွေးရမလဲဆိုတော့ နံပါတ် ၁ က အရင်စိတ်ဝေဒနာခံစားရတဲ့အချိန်က ဘယ်လောက်ထိများ ဆိုးဆိုးရွားရွားဖြစ်ခဲ့သလဲ၊ နံပါတ် ၂ က ဆေးရပ်ပြီး ဘယ်လောက်ကြာတဲ့အခါမှာ ရောဂါဝေဒနာ ပြန်ခံစားရတတ်သလဲ၊ နံပါတ် ၃ ကတော့ သုံးနေကျဆေးတွေထဲမှာ ဘယ်ဆေးတွေက ကိုယ့်အတွက် အကောင်းဆုံးလဲ၊ ဘယ်ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာကို သောက်နေကျဖြစ်တဲ့အတွက် အကြမ်းဖျင်းခန့်မှန်းမိမယ်ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ဆေးတွေနဲ့ ပတ်သက်လို့ ကိုယ်ဝန်ဆောင်မှာ သုံးသင့်မသင့်၊ အန္တရာယ်ကင်း၊ မကင်းဆိုတာကို နောက်ဆုံးပေါ်သတင်းအချက်အလက်တွေကို သိထားဖို့လည်း လိုပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ စိတ်မကျန်းမမာဖြစ်လာပြီဆိုရင် ဘာတွေဖြစ်နိုင်လဲဆိုတာကိုပါ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာကလည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် မစောင့်ရှောက်နိုင်တော့ဘူးလား၊ ဒါမှမဟုတ် မိမိကိုယ်ဝန်ကို စောင့်ရှောက်ပေးရတဲ့ ကြည့်ရှုပေးနေတဲ့ သားဖွားဆရာသို့မဟုတ် ဆရာဝန်ဆီသွားမပြနိုင်တော့ဘူးလား။ ဆိုလိုတာကတော့ ကိုယ့်လိုအပ်ချက်တွေကို ကိုယ့်ဘာသာကိုယ်ဂရုမစိုက်နိုင်တော့ဘူးလား ဆိုတာကိုလည်း သတိထားရပါမယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ အရက်တို့၊ မူးယစ်ဆေးတို့မှီဝဲသုံးစွဲတဲ့ သူတွေဟာ စိတ်ကျန်းမာရေးပြဿနာ ပိုပြီး ဖြစ်တတ်ပါတယ်။ မွေးလာမယ့် ကလေးကိုလည်း အန္တရာယ်အများကြီး ဖြစ်စေမယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။


          နောက်တစ်ခုက ဆေးတွေက ကိုယ်ဝန်ဆောင်တဲ့အခါမှာ ခါတိုင်းသောက်နေကျပမာဏထက် ပိုပြီးလိုတတ်တာရှိတော့ မမွေးသေးတဲ့ကလေးကို အန္တရာယ်အများကြီးဖြစ်စေပါတယ်။ ယခင်က ဖြစ်ခဲ့တဲ့ စိတ်ကျန်းမာရေးပြဿနာတွေဟာ ယခုကိုယ်ဝန်ဆောင်စဉ်မှာ ပြန်အန်တယ်ဆိုရင် ဆေးရုံတက်ပြီး ကုသပေးဖို့ လိုနိုင်ပါတယ်။ နောက်တစ်ချက်က ကလေးမွေးပြီးချိန်မှာလည်း စိတ်မကျန်းမာတာဆက်ပြီး ဖြစ်နေနိုင်ပါတယ်။ အဲဒီအခါမှာ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ခက်ခဲနေတတ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်နေလို့ဆိုပြီး စိတ်ကျန်းမာရေးပြဿနာတွေကို မကုဘဲ ထားလိုက်မယ်ဆိုရင် ကလေးအတွက်ရော မိခင်အတွက်ပါ ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ စိတ်ဝေဒနာကို စနစ်တကျမကုသဘဲထားမယ်ဆိုရင် ပြဿနာတွေက ပိုများလာနိုင်ပါတယ်။ ကလေးပေါင်ချိန်မပြည့်ဘဲ မွေးလာတာရှိတတ်သလို နောက်ပိုင်းမှာလည်း ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ နှောင့်နှေးတာ၊ ထိခိုက်တာတွေ ရှိတတ်ပါတယ်။


ယောကျ်ားဖောင်စီး၊ မိန်းမမီးနေ ဆိုတဲ့ စကားပုံလိုပါပဲ။ ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးတစ်ဦး၏ ဘဝဟာအင်မတန်မှ အန္တရာယ်များမှန်းလက်ခံပါတယ် ဆရာ။ ကိုယ်ဝန်ဆောင်နဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ ဆက်စပ်မှုရှိနေရင်တော့ ပိုဆိုးတော့တာပေါ့။ တစ်ဦးတွေ့ဖူးတယ်။ အိမ်နားကပေါ့။ ကလေးမွေးပြီးမှ စိတ်ဝေဒနာ ပြင်းပြင်းထန်ထန်ဖြစ်သွားတာ၊ သနားစရာပါပဲ။ ကလေးကိုလည်း ပြန်မကြည့်၊ မိသားစုတွေလည်း စိတ်ဆင်းရဲလိုက်ကြတာ၊ တကယ်ပဲ ဆရာ။


          မှန်တာပေါ့။ ခုနက အကြောင်းဆက်ပြောရရင် စိတ်ကုထုံး (Psychological Theraphy) ပေါ့။ စိတ်ကုထုံးတွေမှာ စကားပြောပြီးကုသတဲ့ ကုထုံး (Talking Treatment) က တော်တော်လေးအသုံးဝင်ပါတယ်။ တချို့အမျိုးသမီးဝေဒနာသည်တွေမှာဆိုရင် ဆေးဝါးပေးမယ့်အစား စကားပြောဆွေးနွေးတဲ့ စိတ်ကုထုံးနဲ့ပဲ ကုရတာဖြစ်ပါတယ်။ တချို့ကတော့ ဆေးဝါးရော၊ စကားပြောကုထုံးရော နှစ်မျိုးစလုံးလိုတတ်ပါတယ်။ တချို့စိတ်ဝေဒနာသည်တွေဟာ ကိုယ်ဝန်ဆောင်တာနဲ့ကို စိတ်ကုထုံးတွေနဲ့ အမြန်ဆုံးတွေ့သင့်ပါတယ်။ ဒါမှသာ လိုအပ်သလို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဘယ်သူတွေနဲ့ တွေ့ရမလဲဆိုရင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးတို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ ဆေးရုံတွေရဲ့ သားဖွားမီးယပ်ဌာနတွေမှာ သားဖွားဆရာမနဲ့သော်လည်းကောင်း၊ ရိုးရိုးဆရာဝန်နဲ့သော်လည်းကောင်း၊ OG နဲ့သော်လည်းကောင်း ပြသပြီးတော့ ယခင်က စိတ်ဝေဒနာဖြစ်ခဲ့ဖူးတယ်ဆိုတာကိုပါ ပြောပြီး လိုအပ်တဲ့ ကုသမှုကို စနစ်တကျခံယူသွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ လိုအပ်ခဲ့ရင် စိတ်ကျန်းမာရေးအထူးကုဆရာဝန်တွေဆီ လွှဲအပ်နိုင်မှာ ဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ မမွေးခင် ဘယ်လိုစီမံချက်တွေ ချထားသင့်ပါသလဲဆရာ။

          မမွေးခင်မှာ ကြိုတင်ပြီး ဘယ်လိုစီမံချက်တွေ ချမလဲဆိုရာမှာ စိတ်ဝေဒနာအပြင်းစား ဖြစ်ခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်နေတုန်းမှာ ဘယ်လိုကုသမှုတွေ ခံယူမလဲဆိုတာကို ကိုယ့်ရဲ့ခင်ပွန်းသည်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ အကောင်းဆုံးစောင့်ရှောက်မှုရအောင် လုပ်သင့်ပါတယ်။ တချို့က နံဘေးက ပံ့ပိုးကူညီမှုအများကြီး လိုတတ်ပါတယ်။ အထူးသဖြင့် စိတ်ကျန်းမာရေးပြဿနာရှိတဲ့သူတွေမှာ ပြုစုယုယမှုနဲ့ ပံ့ပိုးမှုတွေပိုပြီး လိုအပ်ပါတယ်။ ရောဂါလက္ခဏာတွေကိုလည်း အားလုံးက သိနားလည်ထားပြီး ကူညီနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ တချို့ကတော့ ချက်ရေး၊ ပြုတ်ရေး၊ သန့်ရှင်းရေးကိစ္စတွေမှာပါ ဝင်းကူပေးမယ့်သူ လိုအပ်ပါတယ်။ အဲဒီတော့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ စိတ်ကျန်းမာရေးကောင်းမွန်နေအောင် ဘာတွေလုပ်နိုင်လဲ၊ ဒါတွေက အရေးကြီးပါတယ်။


နံပါတ် ၁ ကတော့ Healthy Balanced Diet ပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အာဟာရကို မှီဝဲရမှာ ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ အရက်သောက်တတ်တဲ့သူ လျော့သောက်ပါ။ ဒါမှမဟုတ်ရင် ဖြတ်ပစ်ပါ။ ဒီလိုမှမဟုတ်ရင် ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ နံပါတ် ၃ ကတော့ ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ဖြတ်ပါ။ နံပါတ် ၄ ကတော့ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကြည်လင်အောင်၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာတွေကို အပတ်စဉ်ရှာဖွေပြီး လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာနဲ့ ပျော်ရွှင်နေအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ နံပါတ် ၅ ကတော့ မိသားစုနဲ့ ဆွေမျိုးမိတ်ဆွေတွေက အိမ်အလုပ်တွေ ဈေးဝယ်တာတွေ စသဖြင့် ကူညီလုပ်ဆောင်ပေးရင် အဆင်ပြေနိုင်ပါတယ်။ နံပါတ် ၆ ကတော့ လေ့ကျင့်ခန်းပေါ့၊ သားဖွားဆရာမတွေ သင်ပေးတဲ့ လေ့ကျင့်ခန်းအချို့ ဒါမှမဟုတ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနကနေ ညွှန်ပြလိုက်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို လုပ်ဖို့ လိုပါလိမ့်မယ်။ နံပါတ် ၇ အနေနဲ့ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် ကိုယ့်မိသားစုနဲ့ တိုင်ပင်ဆွေးနွေးရမယ်။ ဒါမှမဟုတ် သားဖွားဆရာမ သို့မဟုတ် မိသားစုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသေးတယ်။ နံပါတ် ၈ အနေနဲ့ အရေးကြီးတာကတော့ ပုံမှန်အိပ်ချိန်အပြည့်အဝရှိဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ကျန်းမာရေးအကောင်းဆုံးအခြေအနေမှာ ရှိနေမှာပဲဖြစ်ပါတယ်။ နောက်ထပ်ဘယ်လိုအကူအညီမျိုးတွေ ဘယ်ကရနိုင်သေးသလဲဆိုတာကိုတော့ သိအောင် စာအုပ်စာတမ်းတွေဖတ်မယ်။ ကိုယ်မသိတာတွေကို ကိုယ်ရဲ့သားဖွားဆရာမ၊ အသိဆရာဝန်တွေဆီ မေးမြန်းဆွေးနွေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာ အကောင်းဆုံးနေထိုင်ဖို့ အကြံဉာဏ်တွေရနိုင်မှာ အမှန်ပါပဲ။

Credit : မောင်မောင်ထွန်းအောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18