Print

ရာသီလာချိန် ဖြစ်တတ်တဲ့ဝေဒနာ

  19-Jan-2020
Preview Image

          လစဉ်လတိုင်း ဟော်မုန်းတွေ ပြောင်းလဲလာတာဟာ ကိုယ်ဝန်ရစေဖို့ အမျိုးသမီးတို့ရဲ့ သားအိမ်တွင်းက ပြင်ဆင်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လအစကနေ တစ်ရက်တစ်ရက်ချင်း သားအိမ်အတွင်းဆုံးအလွှာက ပါးနေရာကနေ ထူလာတယ်။ လလယ်ရက်လောက်မှာ မျိုးဥအိမ်ကနေ မျိုးဥထွက်လာတယ်။ ကျားသုက်ပိုးနဲ့ မတွေ့ရရင် ပျက်စီးသွားမယ်၊ အဲဒီပျက်စီးသွားတာကနေ ရာသီသွေးအနေနဲ့  ဆင်းလာတဲ့ဖြစ်စဉ်ကို ရာသီလာတာလို့ ခေါ်ပါတယ်။ အဲဒီသွေးထဲမှာ သွေးတင်မက အသားစတွေ အချွဲတွေ ပါပါနေတာ သတိထားမိမှာပါ။ ရာသီလာရင် ကြာတတ်တဲ့ရက်က တစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။ နှစ်ရက်ကနေ ခုနစ်ရက်အထိ ကြာနိုင်ပါတယ်။


          ရာသီပုံမှန်လာနေတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ PMS လို့ခေါ်တဲ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကတော့ ဆီးစပ်နားမှာ ကျဉ်ကျဉ်ကြီးနဲ့ နာသလိုဖြစ်နေတာ၊ ဝမ်းဗိုက်အောက်ပိုင်းမှာလည်း နာနေပြီး ခါးနဲ့ တင်ပါးဆုံအစပ်နားကလည်း နာတယ်။ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အန်ချင်တာ၊ အစာမစားချင်ဘဲ ရင်ပြည့်သလိုဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားပြောင်းလဲမှု ဖြစ်တတ်တယ်။ ဝမ်းနည်းတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ရာသီလာခါနီးပြီဆိုရင် ဘယ်နားက ကိုက်မလဲတွေးပြီး ဖိစီးနေတတ်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာတွေက နည်းနည်းပဲ နာတာမျိုးကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုး ရှိတတ်ပါတယ်။ ဒါက ရာသီလာစဉ်မှာ ပြတတ်တဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။


          နောက်တစ်ခုက ရာသီလာတာ မမှန်တော့တာမျိုးဖြစ်ရင် ဘာကြောင့်ဖြစ်လဲဆိုတာ စဉ်းစားဖို့၊ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ ရာသီမမှန်ခြင်းဖြစ်တတ်တဲ့ ရောဂါတွေက မျိုးဥထွက်တာ မူမမှန်တဲ့အခါ၊ ဆီးချိုသွေးချို မထိန်းနိုင်တဲ့အခါ၊ လည်ပင်းကြီးရောဂါရှိတဲ့အခါ၊ ကလေးနို့တိုက်နေချိန်မျိုး၊ ကိုယ်ဝန်ရှိ၊ မရှိ၊ ကိုယ်ဝန်ရှိတဲ့အချိန်မှာ ရာသီမလာတော့တာမျိုးအပြင် မျိုးဥအိမ်ထဲမှာ အကျိတ်လေးတွေရှိတာ၊ အစားလျှော့လွန်းတာ၊ စိတ်ဖိစီးမှု၊ စိတ်တင်းကျပ်မှုများတာ၊ အားကစားမယ်တွေ အပြင်းအထန် အားကစားလေ့ကျင့်ရတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။


          ရာသီလာချိန်မှာ သတိထားသင့်တာလေးတွေလည်း သတိထားဖို့ လိုပါတယ်။ အဲဒါတွေကတော့ ရာသီလာချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားပါ။ ရာသီလာချိန်မှာ သုံးတဲ့ ပစ္စည်းဟာ သန့်ရှင်းနေဖို့ အထူးလိုအပ်ပါတယ်။ တစ်နေ့လုံးမှာ သုံးနာရီတစ်ခါ အသစ်လဲပေးပါ။ လစဉ်သုံးပစ္စည်းကိုတင် လဲရမှာမဟုတ်ဘဲ ဘောင်းဘီကိုပါ လဲလှယ်ရမှာ ဖြစ်ပါတယ်။ လက်ကိုလည်း ခါတိုင်းထက် ပိုဆေးဖို့ လိုအပ်သလို ကောင်းကောင်းအနားယူဖို့ လိုပါတယ်။ ရာသီလာစဉ်မှာ ဖြစ်တတ်တဲ့ PMS ဝေဒနာခံစားရတာ ပြင်းထန်လွန်းရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို ပုံမှန်သောက်ပေးပါ။

Credit : Dylan



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18