Print

တစ်ကျော့ပြန်လည်စောင့်ရှောက်မှု

  18-Jan-2020
Preview Image

          ဤတစ်ကျော့ပြန်လည်စောင့်ရှာက်မှုကို မိခင်အများစုတို့က မလိုအပ်ဟု ထင်နေကြသည်။ တချို့မှာ အပိုအလုပ်ဟုပင် ထင်မှတ်ကြသည်။

          တကယ်တော့ ဤစောင့်ရှောက်မှု၏ ရည်ရွယ်ချက်များနှင့် အကျိုးသက်ရောက်မှုကို နားလည်သဘောပေါက်ပါက စောင့်ရှောက်မှုပေးမည့်ရက်ကိုပင် တွက်ချက်စောင့်စားနေကြမည်ဟု ထင်ပါသည်။ ကလေးမွေးဖွားပြီးနောက် ၄၂ ရက် သို့မဟုတ် တစ်လခွဲအကြာ မိခင်၏ ကျန်းမာရေးဆန်းစစ်ခြင်းနှင့် သားဆက်ခြားခြင်း၊ လမ်းညွှန်ဆွေးနွေးခြင်းတို့က တန်ဖိုးရှိလှပါသည်။ ရိုးရိုးသဘာဝအတိုင်း မွေးခြင်း၊ ညှပ်ဆွဲလေစုပ်မွေးခြင်း၊ ဗိုက်ခွဲမွေးဖွားခြင်းစသော မွေးဖွားမှုမျိုးစုံအတွက် ညီတူမျှတူ လိုအပ်ချက်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် မမွေးဖွားမီ ကိုယ်ဝန်စောင့်ရှောက်ခြင်းနှင့် ထပ်တူ အရေးကြီးပါသည်။ အလုပ်လုပ်သော မိခင်ဖြစ်စေ၊ အိမ်ထောင်တာဝန်ကို ယူနေရသော အိမ်ရှင်မ မိခင်ဖြစ်စေ၊ ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ပါမှ မိမိ၏ အလုပ်တာဝန်များကို စိတ်ချမ်းသာစွာ ပြန်လည်ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။


          ထိုထက်ဆိုးဝါးသည်မှာ အခြေအနေမပေးသေးခင်၊ ကသီလင်တ ဖြစ်နေစဉ်နှင့် မမျှော်လင့်သောအချိန်တွင် နောက်ထပ် ကိုယ်ဝန်ရှိလာခြင်းဖြစ်သည်။ ဤသို့မြန်ဆန်စွာ ကိုယ်ဝန်ရလာခြင်းကို လူမှုရေးအရသာမက ဆေးပညာအရလည်း မလိုလားအပ်သော အခြေအနေဖြစ်သည်။ ဤမွေးဖွားပြီး ၄၂ ရက် (မီးတွင်းချိန်) အတွင်း အရေးကြီးသော ဇီဝကမ္မ ပြောင်းလဲမှုကြီး သုံးရပ်ဖြစ်ပေါ်သည်။ ပထမအဆင့်အဖြစ် ကိုယ်ဝန်ဆောင်စဉ် ပြောင်းလဲခဲ့သော အမျိုးသမီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ (အထူးသဖြင့် မျိုးပွားဆိုင်ရာ အင်္ဂါရပ်များ) ကိုယ်ဝန်မရှိခင်ကအတိုင်း ပြန်လည်ပြောင်းလဲမှုများ ဖြစ်သည်။ ဒုတိယအဆင့်အဖြစ် ကိုယ်ဝန်ဆောင်စဉ်က သန္ဓေသားထံ မျှဝေပေးခဲ့ရသော အသွေးအသားနှင့် အာဟာရဓာတ်များ ၊ မွေးဖွားစဉ်တွင် ကုန်ဆုံးခဲ့ရသော သွေးပမာဏနှင့် ကိုယ်စိတ်နွမ်းနယ်ပင်ပန်းမှုများအတွက် ပြန်လည်ဖြည့်တင်းမှုများဖြစ်သည်။ တတိယအဆင့်အနေနှင့် အောင်မြင်ပီပြင်သော နို့ချိုတိုက်ကျွေးမှုအတွက် ဆက်လက်အရှိန်ယူသွားသော ပြင်ဆင်ဖြည့်တင်းမှုများဖြစ်သည်။ ဤအရေးကြီးသော ဇီဝကမ္မပြောင်းလဲမှုကြီး သုံးရပ်ပီပြင်စွာမရှိပါက မိခင်အနေနှင့် တန်းပြည့်ကျန်းမာသော အခြေအနေသို့ မရောက်နိုင်ဘဲ ကရွတ်ကွင်းလျှောက် သံသရာလည်ရတော့သည်။ ကလေးနို့ဆွဲ၍ အိပ်ရေးပျက်စားမဝင်သည့်အပြင် လိုအပ်သောအာဟာရများနှင့် ပမာဏမလုံလောက်၍ မိခင်ခမျာ ပိန်ချုံးပြီး မျက်တွင်းဟောက်ခြင်း၊ ဆံပင်များကျွတ်ခြင်း၊ အာရုံကြောများ အားနည်းပြီး ထုံကျင်ခြင်းအပြင် အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်းစသော နောက်ဆက်တွဲဆိုးကျိုးများ ဝင်လာတော့သည်။


          ဤသို့ မိခင်ကျန်းမာရေးချို့တဲ့နေသော်လည်း တားဆီးကာကွယ်မှု မပြုပါက ဘူးလေးရာ ဖရုံဆင့် ဆိုသကဲ့သို့ မလိုချင်သေးဘဲ နောက်ထပ် ကိုယ်ဝန်ရှိလာတတ်သည်။ မိခင်အနေနှင့် ကြွယ်ဝပြီး အခြွေအရံများကာ စောင့်ရှောက်ကူညီမည့်သူများ အဆင်သင့်ရှိနေသည့်တိုင် မွေးဖွားပြီး အနည်းဆုံး နှစ်နှစ်လောက်ကွာမှ နောက်ထပ် ကိုယ်ဝန်ယူစေချင်သည်။ ဆေးပညာ၏ သိပ္ပံနည်းကျသုတေသနများအရ မိခင်၏ ကုန်ခမ်းလျော့နည်းသွားသော အသွေးအသားနှင့် အားအင်တို့သည် လိုအပ်သော မျှတသည့် အစားအသောက်များ စားပေးပါမှ မွေးဖွားပြီး နှစ်နှစ်အကြာတွင် ပြန်လည်ရရှိနိုင်သည်ဟု တွေ့ရှိထားသောကြောင့် ဖြစ်သည်။


          ဤလိုအပ်ချက်များကို ဖြည့်ဆည်းပြီး နောက်ဆက်တွဲပြဿနာများ ကာကွယ်နိုင်သော “တစ်ကျော့ပြန်လည်စောင့်ရှောက်မှု” Postnatal Care သည် အလုပ်မဖြစ်ဟု ယူဆထားသော ဆောင်ရွက်မှုဖြစ်လာသည်။ လက်တွေ့ဘဝတွင် လုပ်ဖြစ်စေရန် ကုသသော ဆရာဝန်၊ ဆေးပညာရှင်များရော၊ လူနာမိခင်များဘက်ကပါ နှစ်ဦးနှစ်ဖက်လုံးတွင် တာဝန်ရှိကြပါသည်။


          လူနာမိခင်များကသာ ချိန်းဆိုသောရက်တွင် မပျက်မကွက် သွားရောက်ရန်သာ လိုပါသည်။ မွေးဖွားပြီး မိခင်များ၊ မွေးပြီးလူနာစောင့်ရှောက်မှုဌာန Postnatal Clinic တွင် ဆောင်ရွက်ပေးလေ့ရှိသော အချက်အလက်များကို ကျန်းမာရေး အသိပညာရရှိနိုင်ရန် စေတနာကောင်းနှင့် ဖော်ပြလိုက်ပါသည်။


၁။ မွေးဖွားပေးသော ဆရာဝန်မှ ကြိုဆိုနှုတ်ဆက်ခြင်း

          (ရင်သွေးငယ်ပါလာပါက ရင်သွေးငယ်၏ တိုးတက်မှုအစဉ်နှင့် ပြဿနာမေးလေ့ရှိခြင်း)


၂။ ဆေးရုံဆင်းသည့်နေ့မှ ၄၂ ရက်အတွင်း ဖြစ်စဉ်ကို မေးခြင်း

          (က) ဖျားနာခြင်း ရှိ မရှိ

          (ခ) မီးတွင်း သွေးဆင်းခြင်း ရှိ မရှိ

          (ဂ) ဆီး၊ ဝမ်း မှန်ကန်မှု ရှိ မရှိ

          (ဃ) အအိပ်နှင့် အစားအသောက်

          (င) ခါးနာခြင်း၊ ခြေလက်များ ထုံကျင်ခြင်းရှိ မရှိ

          (စ) မူမမှန်သော အဖြူများဆင်းခြင်း

          (ဆ) နို့ချိုတိုက်ခြင်း (နို့ဘူးကူးခြင်း ရှိ မရှိ)

          (ဇ) မီးယပ်သွေး ပြန်ပေါ်ခြင်း၊ မပေါ်ခြင်း

          (ဈ) သွေးခွဲခြင်း၊ အတွင်းနှိပ်ခြင်း စသည်များ လုပ်မလုပ်စသည့် “မေးမြန်းခြင်းကဏ္ဍ” ကို ပြုလုပ်ပါသည်။

(က) သွေးအားနည်းခြင်း ရှိ မရှိ

(ခ) သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း

(ဂ) ရင်သားနှင့် နို့သီးခေါင်း စစ်ဆေးခြင်း

(ဃ) သားအိမ်ဝပ်ခြင်းရှိ မရှိ စမ်းခြင်း

(င) ဝမ်းဗိုက်ချုပ်ရိုး၊ အောက်ပိုင်းချုပ်ရိုးများ စစ်ဆေးခြင်း

(စ) အတွင်းစမ်းသပ်ခြင်း (လိုအပ်ပါက Pap smear ယူပါသည်) စသည့် “စမ်းသပ်ခြင်းကဏ္ဍ” ကို လုပ်သည်။

(က) နို့ချို ဆက်လက်တိုက်ကျွေးရန် အကြံပြုခြင်း၊ အားပေးခြင်း

(ခ) အာဟာရနှင့် ပြည့်စုံသော (ဈေးသက်သာသော) စားသောက်နည်း

(ဂ) သံဓာတ်ပါဝင်သော အသား၊ အသီးအရွက်များအကြောင်း ပြောခြင်း

(ဃ) သားဆက်ခြားရန် အကြံပြုခြင်းလမ်းညွှန်ခြင်း၊ ဆောင်ရွက်ပေးခြင်း

(င) အခြား ဆေးရောဂါများ (နှလုံး၊ သွေးတိုး၊ ဆီးချို စသည်များ) ရှိသူဖြစ်ပါက သက်ဆိုင်ရာ အထူးကုများထံ ဆက်သွယ်ညွန်းပို့ပေးခြင်း

(စ) ယခင် ကိုယ်ဝန်တွင် ကလေးဝမ်းတွင်းသေဆုံးခြင်း၊ အင်္ဂါမစုံလင်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ မွေးရာပါချို့ယွင်းချက် စသည်များအတွက် သက်ဆိုင်ရာ အထူးကုများထံ ဆက်သွယ်ညွှန်ပို့ခြင်း စသည့် “အကြံပြုခြင်း ကဏ္ဍ” များ ပြုလုပ်သည်။


          အချုပ်ဆိုရသော် “တစ်ကျော့ပြန်စောင့်ရှောက်မှု” တွင် မိခင်အတွက် အရေးပါပြီး တန်ဖိုးရှိလှသော မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနှင့် အကြံပြုခြင်း ကဏ္ဍများကို ဆောင်ရွက်ပေးပြီး လိုအပ်သော ကုသမှုများပါ ဆောင်ရွက်ပေးသည်။


Credit : ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18